ပူးတွဲပိုင်ရှင်ရှိသည့် တိုက်ခန်းကို ဝယ်မိလျှင်

“တိုက်ခန်းတစ်ခန်းဝယ်လိုက်တာ အခုမှ ပူးတွဲပိုင်ရှင်ပါဆိုပြီး လာရောက်ကန့်ကွက်လို့ ဆရာ”ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် တိုင်ပင်ဆွေးနွေးပါသည်။

“တိုက်ခန်းကို ဝယ်တာ ဘယ်လောက်ကြာပြီလဲ”

“နှစ်လခန့်ရှိပြီ ဆရာ။ ကိုယ်တိုင်လည်း တိုက်ခန်းမှာဝင်နေကြပြီးမှ အခုလို ကိစ္စပေါ်လာတာ”

“တိုက်ခန်းလက်ရောက်ရပြီး နေထိုင်နေပြီပဲ”

“ဟုတ်ပါတယ် ဆရာ၊ အခုမှလာပြီး ကန့်ကွက်တာဆိုတော့ ကန့်ကွက်ပိုင်ခွင့် ရှိပါသလား”

“သူငယ်ချင်းအနေနဲ့ တိုက်ခန်းဝယ်စဉ်က ကန့်ကွက်သူရှိမရှိ ကန့်ကွက်နိုင်ကြောင်း သတင်းစာထဲမှာ ထည့် သွင်းကြေညာခဲ့တာ ရှိသလား”

“အဲဒီလိုတော့ မလုပ်ခဲ့ဘူး။ ရောင်းသူကလည်း သူ့ယောကျ်ား ကွယ်လွန်တာနဲ့ ရောင်းလိုက်တာပဲ”

“သတင်းစာထဲ ကြေညာခဲ့ရင်တော့ သတ်မှတ်ရက်အတွင်းမှာ လာရောက်ကန့်ကွက်သူမရှိက သဘောတူတယ် လို့ သတ်မှတ်နိုင်ကြောင်း ဥပဒေပြဋ္ဌာန်းချက်တွေရှိတယ်။ ဒါကြောင့်မို့ အိမ်မြေတိုက်ခန်းဝယ်မယ်ဆိုရင် သတင်း စာထဲမှာ မဖြစ်မနေ ကန့်ကွက်ရန် ရှိ မရှိကို ကြေညာဖို့ လိုပါတယ်”

“ဟုတ်ကဲ့၊ လင်မယားနှစ်ယောက် ပိုင်ဆိုတော့လည်း ပြဿနာမရှိဘူးလို့ ထင်ခဲ့မိတာကိုး”

“ကန့်ကွက်တဲ့သူက ပိုင်ရှင်နဲ့ ဘယ်လိုတော်စပ်လို့လဲ”

“သားတော်စပ်တယ်လို့ ပြောပါတယ်”

“ဟုတ်ရဲ့လားဗျာ။ သားအရင်း မဟုတ်ဘူးထင်တယ်”

“ကွယ်လွန်သွားတဲ့ လူရဲ့ သားအရင်းတော့ ဟုတ်တယ်”

“ဒါဆိုရင် ကျန်ရစ်တဲ့ မိန်းမရဲ့ သားအရင်းတော့ မဟုတ်ဘူး။ ဒီလို မဟုတ်လား”

“ဟုတ်ပါတယ် ဆရာ။ အခု လက်ရှိ မိန်းမက နောက်အိမ်ထောင်လို့ ပြောပါတယ်”

“ဒါဆို အမွေကိ္စဖြစ်သွားပြီပေါ့”

“အမွေကိစ္စဆိုတော့ ဘယ်လိုလဲ ဆရာ။ ကျွန်တော်တို့ နေထိုင်သူတွေကိုပါ တရားစွဲဆိုခံရနိုင်သလား”

“တိုက်ခန်းဆိုတော့ ခွဲစိတ်ဖို့ ခက်တာပေါ့ဗျာ။ မြေကွက်ဆိုင်ရင်တော့ ခွဲစိတ်လို့ လွယ်တာပေါ့”

“ဘာကိုဆိုလိုပြီးပြောတာလဲ ဆရာ၊ ကျွန်တော် မရှင်းသလို ဖြစ်နေတယ်”

“သူငယ်ချင်း ပြောစကားအရဆိုရင်တော့ မိထွေးနဲ့ လင်ပါသားတို့ရဲ့ အမွေဝေစုဖြစ်နေတယ်၊ ဖခင် မကွယ်လွန် မိက သားဖြစ်သူကို အမွေတစ်စိတ်တစ်ပိုင်းပေးခဲ့တယ်ဆိုရင် တော့ အခုကိစ္စမှာသားဖြစ်သူက ဖခင်ပစ္စည်း အပေါ် ထပ်မံရပိုင်ခွင့် မရှိပါဘူး”

“ဖခင်ဆီက အမွေမရခဲ့လို့ပဲ ဖြစ်မယ်”

“မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရဆိုရင် သားသမီးများသည် မိဘတစ်ဦးဦး ကွယ်လွန်၍ ကျန်တစ်ဦးက နောက်အိမ်ထောင်ပြုသည့်အခါ လက်ဝယ်ရှိ ပစ္စည်းများအပေါ် အမွေတောင်းခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါ တယ်”

“ဆရာ့ ပြောစကားအရဆိုရင် အခုကိစ္စမှာ ဖခင်နောက်အိမ်ထောင်ပြုတာနဲ့ အမွေတောင်းခွင့်ရှိပြီပေါ့”

“အဲဒီကာလက အမွေမတောင်းခဲ့ရင် ဖခင်ကွယ်လွန်တဲ့အခါမှာ မိထွေးထံက အမွေတောင်းခွင့်ရှိမှာ ဖြစ်ပါ တယ်”

“ရောင်းဖိုးငွေကို မိထွေးက ခွဲဝေမပေးရင် ကျွန်တော်တို့က အိမ်က ဆင်းပေးရမှာလား ဆရာ။ နို့တစ်အရတော့ ကျွန်တော်တို့ကို ကျူးကျော်သူအဖြစ် တရားစွဲနှင်ထုတ်မယ့် သဘောအကြောင်းကြားထားတာ ဆရာ”

“မြေရှင်နဲ့ အဆက်အသွယ်ရလား ဘယ်လို ဆောင်ရွက်ထားသလဲ”

“မြေရှင်ကတော့ အဆင်ပြေပါတယ်။ ရောင်းတဲ့ အမျိုးသမီးထံက အမည်ပြောင်းခယူပြီး ကျွန်တော့် အမည် ပြောင်းပေးခဲ့ပါတယ်”

“အိမ်လခဖြတ်ပိုင်းပေးသလား”

“ဟုတ်ကဲ့ တစ်နှစ်ကာလအတွက် အိမ်လခပေးထားပါတယ်။ ပြေစာလည်း ကျွန်တော့် အမည်နဲ့ ဖြတ်ပေး ထားပါတယ်။ တိုက်ခန်းအရောင်း အဝယ်စာချုပ်မှာလည်း မြေရှင်ကိုယ် တိုင် သိရှိသူအနေနဲ့ လက်မှတ်ရေး ထိုးထားပါတယ်။ အုပ်ချုပ်ရေးမှူး ရပ်ကွက်ရုံးမှာ စာချုပ်ချုပ်တာဖြစ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုယ်တိုင် တိုက်ခန်းအရောင်းအဝယ် ကတိစာချုပ်မှာ လက်မှတ်ရေးထိုးပေးပါတယ်”

“သူငယ်ချင်းပြောစကားအရဆိုရင်တော့ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်တာ ဥပဒေနဲ့အညီ ပြည့်စုံပါတယ်။ တစ်ခုရှိတာက သတင်းစာထဲမှာ ထည့်ပြီး ကန့်ကွက်သူရှိ မရှိ ကြေညာမှုမပြုခဲ့တာတော့ မိမိရဲ့ အားနည်းချက် တစ်ခုဖြစ်နေတာပေါ့”

“အချို့ကပြောတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ ရောင်းဖိုးငွေရယူသွားတဲ့ မိထွေးဆီကပဲ တောင်းရမယ်လို့ ပြောတယ်။ အဲဒါ ဟုတ်ပါသလား”

“ဟုတ်ပါတယ်။ တရားစွဲရင်တော့ အမွေခွဲဝေပေးစေလိုမှုအဖြစ် တရားမကြောင်းအရ မိထွေးပေါ်မှာ တရားစွဲခွင့် ရှိတယ်။ ရာဇဝတ်ကြောင်းအရ စွဲမယ်ဆိုရင်လည်း မိမိပိုင်ဆိုင် မှုအပြည့်အဝ မရှိမှန်းသိလျက်နဲ့ အလွဲသုံးစား လုပ်ရောင်းတယ်ဆိုပြီး တရားစွဲဆိုနိုင်ပါတယ်”

“အဓိက ကိစ္စကတော့ အမှုအခင်းထဲမှာ ကျွန်တော်တို့ပါနေမှာ စိုးရိမ်တာ ဆရာ”

“အမှုအခင်းထဲမှာ မိမိကို ထည့်ပြီး တရားစွဲရင်လည်း စွဲပိုင်ခွင့်မရှိတာကြောင့် စိတ်ပူစရာမလိုပါဘူး။ ဒါနဲ့ ပတ် သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးအုန်းမောင်နှင့် ဒေါ်ဘီဘီ ၁၉၈၄ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင် ထုံးစာမျက်နှာ – ၁၀၈ အမှုမှာ ဒေါ်ဘီဘီက ဦးအုန်းမောင်အပေါ် မိမိနှင့် ကွယ်လွန်သူ ခင်ပွန်းဦးယူ စွတ်ပိုင် တိုက်ခန်းတွင် ကျူးကျော်နေထိုင်သဖြင့် တိုက်ခန်းလက်ရောက်ရလိုမှု တရားစွဲဆိုခဲ့သည်။ ရုံးတော်က ဦးအုန်း မောင်သည် ကွယ်လွန်သူ ဦးယူစွတ်၏ သားဖြစ်သူ ဦးလှမောင်ထံမှ ၎င်းင်း၏ အစ်မဖြစ်သူ ဒေါ်တင်ကြည် ဝယ်ထားသည့် တိုက်ခန်းဖြစ်ပြီး ၎င်းကို အစ်မဖြစ်သူက ခွင့်ပြုချက်ဖြင့် နေထိုင်ခွင့်ပေးထားကြောင်း ထုချေ သည်။ ဥပဒေသဘောအရ ခင်ပွန်းဖြစ်သူ ဦးအီစွတ်ကွယ်လွန်သောအခါ ဇနီးဖြစ်သူ ဒေါ်ဘီဘီသည် အိမ်ရှင် ဖြစ်လာသည်။ ထို့အတူဦးလှမောင်သည် ဦးအီစွတ်၏ သားဖြစ်၍ အိမ်ရှင်ဖြစ်လာပါသည်။ ထို့ကြောင့် ပူးတွဲ အိမ်ပိုင်ရှင်ဖြစ်သွားသည်။ ပူးတွဲ ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးလှမောင်၏ စီမံမှုအရ တိုက်ခန်းထဲသို့ ရောက်ရှိနေသော ဦးအုန်းမောင်သည် အခြားပူးတွဲအိမ်ပိုင်ရှင် ဒေါ်ဘီဘီအား ဥပဒေနှင့်အညီမဟုတ်ဘဲ ဖယ်ရှားနေထိုင်ခြင်း မဟုတ်ပေဟု ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ပူးတွဲအိမ်ရှင်ရဲ့ တိုက်ခန်းရောင်းချမှုဟာ အတည်ဖြစ်တဲ့အတွက် သူငယ်ချင်းကိစ္စ မှာ စိုးရိမ်စရာမရှိပါဘူး”

“ဒါဆိုရင် မိထွေးဆီကပဲ ရောင်းဖိုးငွေတောင်းယူရမယ့် အခြေအနေပေါ့”

“မှန်ပါတယ်။ မိထွေးထံကပဲ တောင်းယူရမှာ ဖြစ်ပါတယ်။ တတ်နိုင်ရင်တော့ နှစ်ဖက်ညှိနှိုင်းဆောင် ရွက် လိုက်ရင် အဆင်ပြေသွားမှာပါ”

“တစ်ယောက်ထက်ဝက်စီရမှာပေါ့”

“ဝေစုကတော့ ပစ္စည်းရဲ့ မူလပိုင်ဆိုင်ခဲ့တဲ့ အခြေအနေပေါ် မူတည်ပြီး ရပိုင်ခွင့်ရှိမှာ ဖြစ်တယ်”

“ဒါဆိုရင် အခုအခြေအနေအရ ဘယ်လိုဖြစ်နိုသလဲ ရှင်းပြပါဦး”

“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ကျန်ရစ်တဲ့ ပစ္စည်းဟာ မိရင်း ဖရင်း လက်ထက်က ပစ္စည်းဖြစ်ခဲ့ရင် လင်ပါ မယားပါ သားသမီးက ပစ္စည်းရဲ့ လေးပုံသုံးပုံရရှိပြီး မိထွေး ပထွေးက ပစ္စည်းရဲ့ လေးပုံတစ်ပုံရခွင့်ရှိမှာ ဖြစ် တယ်။ ဒါပေမယ့် ကျန်ရစ်တဲ့ ပစ္စည်းဟာ မိထွေး ပထွေးနှင့် ပေါင်းသင်းစဉ် ဖြစ်ထွန်းသောလက်ထက် ပွား ပစ္စည်းဖြစ်ပြီး နောက်အိမ်ထောင်နှင့် သားသမီးမထွန်းကားလျှင် လင်ပါ မယားပါ သားသမီးက ပစ္စည်း၏ ခြောက်ပုံတစ်ပုံရရှိပြီး ကျန်ခြောက်ပုံ ငါးပုံကို မိထွေး ပထွေးကရတယ်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် သူငယ်ချင်းဝယ်လိုက်တဲ့ တိုက်ခန်းဟာ ဘယ်လိုအမွေပစ္စည်းမျိုးဆိုတာ သိဖို့လိုပါတယ်”

“ထက်ဝက်မဟုတ်တော့ အတော်ညှိနှိုင်းရမယ့် အခြေအနေရှိမယ်ထင်တယ်”

“ဘာပဲဖြစ်ဖြစ် မိမိရဲ့ ပိုင်ဆိုင်မှုကို မထိခိုက်နိုင်တဲ့အတွက် မစိုးရိမ်ပါနဲ့”ဟုသာ အားပေးအကြံပြုလိုက်ပါသည်။

 

ထီယု (ဥပဒေအတိုင်ပင်ခံ)

Credit to: ‌ဈေးကွက်ဂျာနယ်