ကွန်ဒိုဥပဒေအသစ် အကြောင်းသိကောင်းစရာ
စုပေါင်းပိုင်အဆောက်အအုံ (ကွန်ဒို)ဆိုင်ရာ နည်းဥပဒေနှင့် နိုင်ငံခြားသားတို့၏ အခန်းကဏ္ဍ
မကြာမီ ရက်ပိုင်းက မိတ်ဆွေတစ်ဦးသည် စာရေးသူ၏ ရုံးခန်းသို့ရောက်လာပါသည်။
“စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာနည်းဥပဒေထွက်ပြီဆိုတာ ဟုတ်ပါသလား”ဟု မေးပါသည်။
“ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာ အမှတ် ၂၆၇/ ၂ဝ၁၇ ဖြင့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့က တရားဝင်ထုတ်ပြန်ခဲ့ ပါတယ်”
“စုပေါင်းပိုင် အဆောက်အအုံ ဆောက်တဲ့အခါမှာ နိုင်ငံခြားသားတွေက ရင်းနှီးမြှုပ်နှံတည်ဆောက်နိုင် တယ်ဆိုတာ ဟုတ်သလား”
“အဆောက်အအုံတည် ဆောက်ဖို့အတွက် နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံနိုင်သလို နိုင်ငံခြားသား ကုမ္ပဏီအနေနဲ့လည်း ရင်းနှီးမြှုပ်နှံခွင့်ရှိတယ်။ ဒါပေမယ့် နိုင်ငံခြားသားချည်းပဲ လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှုပ် နှံခွင့်မရှိပါဘူး။ ပူးတွဲတည်ထောင်သူအဖြစ် ပူးတွဲရင်းနှီးမြှုပ်နှံခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါအပြင် ပူးတွဲတည် ထောင်သူသည် နိုင်ငံခြားသားဖြစ်ပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် သို့မဟုတ် အတည်ပြုမိန့်ပါရှိရမယ်လို့ အဆိုပါ ဥပဒေပုဒ်မ (၁၄) ပိုဒ်ခွဲ (ခ)မှာ ပြဋ္ဌာန်းထားပါတယ်”
“ဒါဆိုရင် ရပ်ကွက်ထဲက ပုဂ္ဂလိက ကွန်ဒိုတွေမှာလည်း နိုင်ငံခြားကုမ္ပဏီတွေက ရင်းနှီးမြှုပ်နှံနိုင်တယ်ပေါ့”
“ဒီလိုတော့ မဟုတ်ဘူး။ စုပေါင်းပိုင် အဆောက်အအုံဆိုတာက တည်ဆောက်မြေကို အဆောက်အအုံမှာနေထိုင်တဲ့ တိုက်ခန်းပိုင်ရှင်အားလုံးက စုပေါင်းပိုင်ဆိုင်ကြတာဖြစ်တယ်။ မြေလက်ရှိပိုင်ဆိုင်သူက စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်ရုံးမှာ စုပေါင်းပိုင်မြေအဖြစ် မှတ်ပုံတင်ထားတဲ့မြေမှာပဲ ဆောက်လုပ်ခွင့်ရမှာဖြစ်ပါတယ်။
မြေဧရိယာက အနည်းဆုံး စတုရန်းပေ ၂ဝဝဝဝ နဲ့ အထက်ရှိတဲ့ မြေပေါ်မှာ ဆောက်ရပါမယ်။ ဒါကြောင့် ပေ ၄ဝ x ပေ ၆ဝ မြေကွက်တွေမှာ အများပိုင်ကွန်ဒို ဆောက်ခွင့်မရှိပါဘူး”
“ဒါဆိုရင် ပေ ၁၅ဝ ပတ်လည် လောက်ရှိတဲ့ မြေကွက်မှဆောက်လို့ရမယ်ပေါ့”
“မှန်ပါတယ် အနည်းဆုံး ပေ ၁ဝဝ x ပေ ၂ဝဝ မြေကွက်ဖြစ်ရပါမယ်”
“ပူးတွဲတည်ထောင်သူဆိုတာ ဘာကိုဆိုလိုတာလဲ။ နိုင်ငံခြားသားတွေက မြေရှင်နဲ့ ပူးတွဲတည်ထောင် သူဖြစ်သွားရင်မြေကို ပူးတွဲပိုင်ဆိုင် ခွင့်မရဘူးလား”
“ပူးတွဲတည်ထောင်သူဆိုတာ သူငယ်ချင်းကို နားလည်အောင် ပြောရရင် အရပ်စကားဆိုရင်တော့ ကန် ထရိုက်ပဲပေါ့။ ရင်းနှီးမြှုပ်နှံဆောက် လုပ်သူဖြစ်တယ်။ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေမှာ တည်ထောင်သူဆိုတဲ့ စကားရပ်နဲ့ပတ်သက်လို့ တည်ထောင်သူဆိုသည်မှာ ငွေကြေးရင်းနှီးမြှုပ်နှံပြီး စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်ခြင်းလုပ်ငန်း လုပ်ကိုင်နိုင်ရန် ဤဥပဒေအရ ထုတ်ပေးသော လုပ်ငန်းလိုင်စင်ရသည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်ကို ဆိုလိုသည်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားတယ်”
“ဒါဆို နိုင်ငံခြားသားက ပူးတွဲ ရင်းနှီးမြှုပ်နှံတဲ့ သဘောပေါ့”
“မှန်ပါတယ်။ နိုင်ငံခြားသားများက ရင်းနှီးမြှုပ်နှံတဲ့အခါမှာ ယုံကြည်မှုရှိစေရန်နှင့် တာဝန်ယူမှု အခွင့်အ ရေးရရှိမှုတွေပါဝင်တဲ့ ဥပဒေ၊ နည်းဥပဒေကို ပြဋ္ဌာန်းပေးခြင်းဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ၊ ဒါမှမဟုတ် ကုမ္ပဏီအနေနဲ့ ပူးတွဲတည်ထောင်သူ အဖြစ် နှစ်ဦးသဘောတူ ကတိစာ ချုပ်နဲ့အတူ သက်ဆိုင်ရာဝန်ကြီးဌာန စီမံခန့်ခွဲရေး ကော်မတီထံ တရားဝင် လျှောက်ထားရမှာဖြစ်ပါတယ်။ သက် ဆိုင်ရာစီမံခန့်ခွဲရေးကော်မတီကစိစစ်ပြီး ပူးတွဲတည်ဆောက်သူအဖြစ် လုပ်ပိုင်ခွင့် လုပ်ငန်းလိုင်စင်ထုတ်ပေးမှာ ဖြစ်တယ်”
“စုပေါင်းပိုင် အဆောက်အအုံ တွေကို ပုဂ္ဂလိကပိုင် မြေပေါ်မှာပဲ ဆောက်ခွင့်ရှိတာလား အစိုးရမြေ ပေါ်မှာ ဆောက်ခွင့်ရနိုင်သလား”
“စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ (၁၅) ပိုဒ်ခွဲ (ဂ)မှာ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့် ပြုချက်ဖြင့် နိုင်ငံတော်ပိုင်မြေ သို့မဟုတ် နိုင်ငံတော်ကိုယ်စား အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ စည်ပင် သာယာရေးကော်မတီ၊ စည်ပင်သာ ယာရေးအဖွဲ့တစ်ခုခုက ထိန်းသိမ်း စောင့်ရှောက်ခွင့်ပြုထားသော မြေတစ်ခုခုအပေါ်တွင် စုပေါင်းပိုင် အဆောက်အအုံဥပဒေနှင့်အညီ စုပေါင်းပိုင် အဆောက်အအုံကို တည်ဆောက်ခွင့်ရှိသည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် အစိုးရ မြေ ပေါ်မှာလည်း ဥပဒေနဲ့အညီ ခွင့်ပြု ချက်ရယူပြီး စုပေါင်းပိုင် အဆောက်အအုံကို တည်ဆောက်နိုင်ပါတယ်”
“လုပ်ငန်းလိုင်စင်က သက်တမ်းကို ဘယ်လောက်သတ်မှတ်ထားပါ သလဲ”
“လုပ်ငန်းလိုင်စင် သက်တမ်းကတော့ ငါးနှစ်သက်တမ်း သတ်မှတ်ထားပါတယ်။ သက်တမ်းကုန်ဆုံးလို့ လုပ်ငန်းလိုင်စင်သက်တမ်းတိုးမြှင့်လိုရင်လည်း စီမံခန့်ခွဲရေး ကော်မတီထံ လျောက်ထားခွင့်ရှိတယ်လို့ နည်းဥပဒေ ပုဒ်မ (၇) မှာ ပြဋ္ဌာန်းထားပါတယ်”
“လိုင်စင်သက်တမ်းအရဆိုရင် စုပေါင်းပိုင် အဆောက်အအုံတစ်ခု တည်ဆောက်ရာမှာ ငါးနှစ်အတွင်း အပြီးဆောက်ရမယ့်သဘောပေါ့”
“ဒီလိုယူဆရင်လည်း ဖြစ်နိုင်ပါတယ်”
“နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အပိုင်းကို ယေဘုယျသိလိုက်ပြီဆိုတော့ နိုင်ငံခြားသားပိုင်တိုက်ခန်းအ ဖြစ်ဝယ်ပိုင်ခွင့်ရှိတယ်ဆိုတာ အကြမ်းဖျင်းသိချင်သေးတယ်”
“ဒါကတော့ အများသိထားတဲ့အတိုင်း လုပ်ငန်းတည်ထောင်သူသည် စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ခွင့်ရရှိပြီးသည့်နောက် အုတ်မြစ်ချလုပ်ငန်း၏ ၃ဝ ရာခိုင် နှုန်းပြီးစီးသည့်အခါ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်အရာရှိထံသို့ အသိပေးအကြောင်းကြားပြီး အိမ်ခန်းများကို ကြိုတင် ရောင်းချခွင့်ရှိသည်ဟု နည်းဥပဒေ ပုဒ်မ (၃ဝ) မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။
ဒါကြောင့် အုတ်မြစ်ချလုပ်ငန်း ၃ဝ ရာခိုင်နှုန်းပြီးစီးသည်နှင့် တိုက်ခန်းများကို ကြိုပွိုင့်စနစ်ဖြင့် စတင် ရောင်းချခွင့်ရှိမှာဖြစ်တယ်”
“တိုက်ခန်းအဝယ်ထပ်နေတဲ့ ကိစ္စမျိုး ရောင်းပေါင်ကိစ္စရပ်မျိုးတွေ တော့ မရှိနိုင်ဘူးပေါ့နော်”
“အဲဒီလို ကိစ္စရပ်မျိုးရှိဖို့က မလွယ်တော့ပါဘူး။ ဘာလို့လဲဆိုရင် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေပုဒ်မ ၃ဝ မှာပင် အိမ်ခန်းဝယ်ယူသူကလည်း မှတ်ပုံတင်အရာရှိထံ ဝယ်ယူမှုကို အသိပေးအ ကြောင်းကြားရမယ်လို့ ပြဋ္ဌာန်းထား တာကြောင့်ဖြစ်တယ်”
“မှတ်ပုံတင် အရာရှိထံ အကြောင်းမကြားဘဲ လက်လွှဲရောင်းတာတော့ ရှိနိုင်တာပေါ့”
“တိုက်ခန်းဝယ်မယ်ဆိုက တည်းက သက်ဆိုင်ရာ မှတ်ပုံတင်ရုံးမှာ စုံစမ်းပြီးမှဝယ်ရင် အဆင်ပြေ ပါတယ်”
“စုပေါင်းပိုင် အဆောက်အအုံရှိ တိုက်ခန်းများရဲ့ ၄ဝ ရာခိုင်နှုန်းမပိုတဲ့ တိုက်ခန်းများကို နိုင်ငံခြားသားများထံ ရောင်းချခွင့်ရှိတယ်ဆိုတာက ဘယ်လိုလဲ။ တိုက်ခန်းအထပ်ခွဲခြားမှုရှိ သေးလား”
“စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ နည်းဥပဒေပုဒ်မ -၃၄ မှာ တိုက်ခန်းအရေအတွက်နဲ့ သတ်မှတ် တာမဟုတ်ဘဲ၊
စုပေါင်းပိုင် အဆောက်အအုံ၏ ရောင်းချ၍ရနိုင်သော စုစုပေါင်းကြမ်းခင်းဧရိယာ၏ ၄ဝ ရာခိုင်နှုန်းထက်မပိုရလို့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။
တိုက်ခန်းရဲ့ အထပ်ခွဲခြား သတ်မှတ်ရောင်းချဖို့ တော့ ကန့်သတ်ချက် မတွေ့ရှိပါဘူး”
“နိုင်ငံခြားသားများ အိမ်ခန်းပိုင်ဆိုင်ခွင့်သက်တမ်းကာလကို နည်းဥပဒေမှာ သတ်မှတ်ထားတာရှိသ လား”
“နည်းဥပဒေပုဒ်မ – ၃၆ မှာ နိုင်ငံခြားသားသည် စုပေါင်းပိုင် အဆောက်အအုံ သက်တမ်းကာလအ တွင်း ပိုင်ဆိုင်ခွင့်ရှိသည်လို့ ဖော်ပြ ထားပါတယ်”
“နိုင်ငံခြားသားပိုင်အိမ်ခန်းကို ပြန်လည်ရောင်းချလွှဲပြောင်းခွင့်ရှိပါသလား”
“နည်းဥပဒေပုဒ်မ – ၄၆ မှာ စုပေါင်းပိုင် နိုင်ငံခြားသားတစ်ဦးသည် စုပေါင်းပိုင် အဆောက်အအုံ ဆိုင်ရာ ဥပဒေပါစုပေါင်းပိုင်သူ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီရ ပိုင်ခွင့်ရှိသည်လို့ ပြဋ္ဌာန်းထားတဲ့ အတွက် ဥပဒေပုဒ်မ (၂၆)ပါ လွှဲပြောင်းရောင်းချခြင်းကို စီမံခန့်ခွဲရေးကော်မတီ၏ ခွင့်ပြုချက်အရ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း” ဗဟုသုတအဖြစ် ရှင်းပြလိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်