မိဘများကွယ်လွန်ပြီး အမွေမခွဲဝေရသေးသည့် သားသမီးများနှင့်ဆက်စပ်သည့် မြေနှင့်အိမ်ကို ဝယ်လျှင်

“အိမ်နဲ့မြေ ဝယ်လိုက်တာ ဆရာ။ စရန်ငွေပေးပြီးမှ ကန့်ကွက်သူပေါ်လာလို့ ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သမီးဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါသည်။

“အိမ်နဲ့ မြေဆိုတော့ မြေက ဂရန်မြေလား။ အမည်ပေါက်က ဘယ်သူလဲ၊ ရောင်းသူကိုယ်တိုင်ပဲ လား”

“မြေက ဂရန်မထွက်သေးဘူး ဆရာ”

“ဒါဆိုရင် ပါမစ်မြေပေါ့။ အဆင့်ဆင့်ဝယ်ထားတဲ့ မြေကွက်လား”

“ရောင်းသူ အမျိုးသမီးရဲ့ လင်ယောကျ်ားက ဝယ်ခဲ့တာလို့ ပြောပါတယ်။ ဆရာပြီးတော့ တစ်ထပ်တိုက် ဆောက် လိုက်တာလို့ ပြောပါတယ်”

“သူ့ခင်ပွန်းက ဘယ်ရောက်သွားသလဲ”

“ကွယ်လွန်သွားပြီ ပြောပါတယ်”

“အဲဒါကို ဝယ်လိုက်တယ်ပေါ့”

“ဟုတ်ပါတယ် ဆရာ၊ ခင်ပွန်းသည် ဝယ်ထားတာဆိုတော့ အမွေဆက်ခံခွင့်ရမယ် မဟုတ်လား”

“ဂရန်မြေဆိုရင်တော့ မှန်ပါတယ်။ ပါမစ်မြေကတော့ အမွေဆက်ခံခွင့် ချက်ခြင်းမရဘူး။ ရောင်းမယ်ဆိုရင် အမွေထိန်းစာကို တရားရုံးမှာ လျှောက်ထားပြီးမှ ရောင်းချခွင့်ရမှာ ဖြစ်ပါတယ်”

“ကျွန်မတို့က အဲဒီလောက်အထိ မသိဘူးဆရာရယ်။ အိမ်ဝယ် ရောင်းအကျိုးဆောင်ပြောပြတာကို ယုံကြည့်ပြီး ဝယ်လိုက်မိတာ။ ဒါပေမယ့် စရန်ငွေပေးပြီး သတင်းစာထဲမှာ ကန့်ကွက်ရန် ရှိ မရှိ ထည့်သွင်းကြေညာခဲ့တယ်”

“ကန့်ကွက်သူပေါ်လာတယ်ဆိုပါတော့”

“ဟုတ်ပါတယ် ဆရာ”

“ကန့်ကွက်သူက ရောင်းသူနဲ့ ဘယ်လို ဆက်စပ်မှုရှိလို့လဲ”

“ကန့်ကွက်သူရဲ့ စာအရတော့ ပါမစ်မြေအမည်ပေါက်ရဲ့ သမီးလို့ ဖော်ပြထားပါတယ်”

“ကန့်ကွက်တဲ့ သတင်းစာပါလာသလား”

အမျိုးသမီးက သူ့ရဲ့ လက်ဆွဲအိတ်ထဲကို ရှာကြည့်သည်။ တွေ့ရှိပုံမပေါ်ပေ။

“ကျွန်မအိတ်ထဲထည့်လိုက်မိတယ် ထင်တာ။ ဧည့်ခန်းစားပွဲပေါ်မှာ ကျန်နေခဲ့တယ်ထင်တယ်”

“ထားပါတော့လေ။ ကန့်ကွက်စာထဲက အကြောင်းအရာတော့ မှတ်မိတယ် မဟုတ်လား”

“ဟုတ်ကဲ့ မှတ်မိပါတယ်။ ကျွန်မ ပြောပြနိုင်ပါတယ်”

“ဒါဆို ပြောပြပါဦး”

“ကန့်ကွက်တဲ့ မိန်းကလေးရဲ့ မိခင်က ကျန်းမာရေးမကောင်းတော့ ဒီမြေကွက်နဲ့အိမ်ကို အမျိုးသားတစ်ဦးက ငွေစိုက်ထုတ်ဝယ်တယ်။ ပြီးတော့ အဲဒီမိန်းကလေးရဲ့ မိခင်နဲ့ အိမ်ထောင်ပြုလိုက်တယ်”

“မိခင်ကွယ်လွန်သွားတော့ အခု လက်ရှိအမျိုးသမီးကို လက်ထပ်ယူလိုက်တယ် မဟုတ်လား”

“ဟုတ်တယ် ဆရာ။ ပြီးတော့ သူက ကွယ်လွန်သွားတယ်”

“ဟုတ်ပြီ။ ဒီတော့ ကွယ်လွန်သွားတဲ့ အမျိုးသားကြီးက ပထမအိမ်ထောင် ဒုတိယအိမ်ထောင်ပြုရာမှာ သားသမီး ထွန်းကားခဲ့သလား”

“သားသမီး မထွန်းကားခဲ့ဘူး။ ပထမမိန်းမကပါလာတဲ့ သမီးပဲရှိတယ် ဆရာ”

“အဲဒီသမီးဖြစ်သူက ကန့်ကွက်တာ မဟုတ်လား”

“ဟုတ်တယ် ဆရာ”

“ကန့်ကွက်တဲ့ အမျိုးသမီးလေးက အချင်းဖြစ်အိမ်မှာပဲနေတာလား။ ဘယ်မှာနေသလဲ”

“သူတို့ပြောစကားအရတော့ ပထွေးဖြစ်သူက နောက်အိမ်ထောင်ပြုတဲ့အခါမှာ နယ်မှာ အလုပ်တာဝန် ကျနေ တယ်ပြောပါတယ်”

“ပထွေးဖြစ်သူ နောက်အိမ်ထောင်ပြုတော့ အတူမနေတော့တဲ့ သဘောဖြစ်မယ်”

“ဟုတ်တယ် ဆရာ။ ပထွေးဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်ပြီး အိမ်ကိုတစ်ထပ်တိုက်အဖြစ် အသစ် ဆောက်လုပ်နေထိုင်ခဲ့တယ်လို့ ပြောပါတယ်”

“အခု ပထွေးဖြစ်သူ ကွယ်လွန်မှ အမွေတောင်းတဲ့ သဘောပေါ့”

“ဟုတ်ကဲ့၊ ရောင်းမယ်ဆိုမှ ကန့်ကွက်တောင်းဆိုတာ ဖြစ်မှာပါ”

“အဓိက အချက်က မိခင်နောက်အိမ်ထောင်ပြုစဉ်က အမွေခွဲဝေပေးခဲ့ ပုံမပေါ်ဘူး”

“မိခင်နောက် အိမ်ထောင်ပြုစဉ်က ငယ်ရွယ်တဲ့ ကလေးဘဝဖြစ်မှာပေါ့ ဆရာ”

“မိခင်ကွယ်လွန်ချိန်မှာတော့ အရွယ်ရောက်နေလောက်ပါပြီ။ အဲဒီအချိန်မှာ ပထွေးဖြစ်သူထံက မိခင်ရင်းရဲ့ အမွေကို မတောင်းခဲ့ဘူး ထင်တယ်။ ခွဲဝေလည်း ပေးခဲ့ပုံ မရဘူး”

“ပထွေးဖြစ်သူက ဝယ်ထားတဲ့ အိမ်ဆိုတော့ သူနဲ့ မဆိုင်တော့ဘူး မဟုတ်လား”

ဒါပေမယ့် ပထွေးဖြစ်သူက မိခင်ရင်းနဲ့ လက်ထပ်ခဲ့တယ်ဆိုတော့ အဲဒီမြေနဲ့ အိမ်ဟာ ဇနီးဖြစ်တဲ့သူနဲ့ ပူးတွဲပိုင် ရှင်ဖြစ်သွားပြီလေ။ တစ်နည်းအားဖြင့် လက်ထက်ပွားပစ္စည်း ဖြစ်သွားပြီ။

“ဒါဆိုရင် မိခင်ရင်းကွယ်လွန်သွားရင် ပထွေးထံက အမွေရခွင့်ရှိတာပေါ့”

“မှန်ပါတယ်။ မိရင်းဖရင်းနဲ့ မိထွေးပထွေးတို့ ပေါင်းသင်းစဉ် ဖြစ်ထွန်းသော လက်ထက်ပွားပစ္စည်းရဲ့ ခြောက်ပုံ တစ်ပုံကို လင်ပါမယားပါ သားသမီးကရပြီး ကျန်ခြောက်ပုံငါးပုံကို မိထွေးပထွေးကရတယ်လို့ မငြိမ်းအေးနှင့် မောင်မောင်ရန်ကုန်အတွဲ ၃၊ စာမျက်နှာ – ၅၄၉ စီရင်ထုံးမှာ ဖော်ပြထားပါတယ်”

“အခုကိစ္စမှာ ပထွေးဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တော့ တောင်းခွင့်ရှိတဲ့ သဘောပေါ့”

“မှန်ပါတယ် ပထွေးဖြစ်သူက မိခင်ရင်းထံကရပိုင်ခွင့်ရှိတဲ့ အမွေဝေစုကို ခွဲဝေမသေးဘူးဆိုရင်တော့ ခွဲဝေ ပေးမယ့် တာဝန်ရှိတယ်”

“ပထွေးက နောက်အိမ်ထောင်ပြုပြီး ကွယ်လွန်သွားတော့ ပထွေး ဝေစုကို ရနိုင်ပါဦးမလား”

အစောကပြောသလို ပထွေးဖြစ်သူက မိခင်ရင်းနဲ့ ပေါင်းစဉ်ရရှိခဲ့တဲ့ လက်ထက်ပွား ပစ္စည်းအပေါ် အမွေခွဲမပေးရ သေးရင် ပထွေးကွယ်လွန်တဲ့အခါ ပထွေး၏ နောက်မယားထံမှ အမွေတောင်းခွင့်ရှိကြောင်း မငြိမ်းနှင့် မသာ ဂေါင်အမှု (၁၉ဝ-၂ဝ) အထက် မြန်မာနိုင်ငံ စီရင်ထုံး စာမျက်နှာ – ၂၃၇ မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ပထွေးနဲ့ နောက်ဆုံးအိမ်ထောင်နဲ့ ရရှိတဲ့ လက်ထက်ပွားပစ္စည်းကိုတော့ ရခွင့်မရှိဘူးလို့ ပိတ်ပင်ထားပါတယ်။

“ဒါဆိုရင် တိုက်အသစ်ဆောက်တဲ့ အိမ်အပေါ်ရခွင့်မရှိဘူးပေါ့”

“ဘာပဲဖြစ်ဖြစ် နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက်လို့ အရောင်းအဝယ် ဆက်လုပ်သင့်ပါတယ်”ဟု ဆွေးနွေးလိုက်ပါ သည်။

Credit to: ‌ဈေးကွက်ဂျာနယ်