ဟန်ဆောင် မွေးစားစာချုပ် ရှိပါသလား
“ဟန်ဆောင်မွေးစား စာချုပ် ချုပ်ဆိုလို့ရပါသလား”ဆရာဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ လာ ရောက်မေးမြန်းဆွေးနွေးပါသည်။
“ဥပဒေမှာတော့ ဟန်ဆောင် မွေးစား စာချုပ်လို့ မရှိဘူး။ ဘယ်လို ကိစ္စဖြစ်လာလို့လဲ”
“ကိတ္တိမမွေးစား စာချုပ်နဲ့ ချုပ် ဆိုထားရင် တရားဝင်တယ် မဟုတ် လား”
“ကိတ္တိမမွေးစားခြင်း မှတ်ပုံတင် အက်ဥပဒေအရ အမွေစား အမွေခံ သားသမီးအဖြစ် ရည်ရွယ်ပြီး မွေးစား ခြင်းဖြစ်ရပါမယ်။ စာချုပ်စာတမ်းရုံးမှာ မွေးစားစာချုပ်ကို မှတ်ပုံတင်ပြု လုပ် ချုပ်ဆိုရမှာဖြစ်တယ်။ မွေးစားခံရတဲ့ သားသမီးအနေနဲ့ အသက် ၁၈နှစ်ပြည့်ပြီး အရွယ်ရောက်သူ ဖြစ်လျှင် မွေးစားမိဘနှင့်အတူ စာချုပ်မှာ ကိုယ်တိုင်လက်မှတ်ရေးထိုးရပါတယ်။ တကယ်လို့ မွေးစားခံရတဲ့ သားသမီး ဟာ အရွယ်မရောက်သေးသူဖြစ်လျှင် ၎င်း၏ မိဘအရင်းရှိပါက မိဘအ ရင်း ကိုယ်တိုင်လက်မှတ်ရေးထိုးရ မယ်။ မိဘမရှိပါက မွေးစားရန်ပေး နိုင်သူက လက်မှတ်ရေးထိုး မှတ်ပုံ တင်ချုပ်ဆိုရမှာဖြစ်ပါတယ်”
“မိဘမရှိဘူးဆိုတာက ကွယ်လွန်သွားတာလား။ တစ်ခါတစ်ရံမှာ မိဘက မစောင့်ရှောက်ဘဲပစ်သွား တာမျိုးလား။ ဘာကိုဆိုလိုတာလဲ”
“မိတ်ဆွေကြီးပြောသလို မိဘအရင်းတွေက ကွယ်လွန်သွားတာ လည်း ဖြစ်နိုင်ပါတယ်။ အုပ်ထိန်းသူ တစ်ဦးဦးက တာဝန်ယူဆောင်ရွက် လက်မှတ်ရေးထိုးရမှာဖြစ်တယ်”
“အဘွားဖြစ်သူက မြေးတော်စပ် သူကို မွေးစားလို့ရပါသလား”
“မွေးစားလို့ရပါတယ်။ သွေးသား မတော်စပ်သူကိုပင် အမွေစား အမွေ ခံ သားသမီးအဖြစ်ရည်ရွယ်ပြီး ကိတ္တိမ မွေးစားစာချုပ် မှတ်ပုံတင်ချုပ်ဆိုပြု လုပ်နိုင်ပါတယ်”
“မှတ်ပုံတင်မချုပ်ဆိုရင် မွေးစား ခြင်း တရားမဝင်ဘူးလား”
“အရပ်စာချုပ်သဘောမျိုးချုပ် ဆိုထားရင်တော့ မွေးစားသူမှာ သား ရင်းသမီးရင်းရှိရင် အမွေဆက်ခံခွင့် မရဘူး။ မှတ်ပုံတင်စာချုပ်နဲ့ ချုပ်ဆို မွေးစားမှသာ မွေးစားမိဘရဲ့ သား ရင်းသမီးရင်းများနှင့်အတူ အမွေရပိုင် ခွင့်ရှိမှာဖြစ်တယ်”
“အခုကိစ္စမှာ မွေးစားစာချုပ် တော့ရှိတယ်။ ဆရာပြောသလို မှတ်ပုံ တင် မွေးစားစာချုပ်လို့ဆိုပါတယ်။ ဖခင်ဖြစ်သူက နှိပ်စက်မှာစိုးလို့ အ ဘွားက မွေးစားစာချုပ်နဲ့ ဟန်ဆောင် ချုပ်ခဲ့တာလို့ ပြောတယ်”
“မွေးစားမိဘနဲ့ မိတ်ဆွေကြီးက ဆွေမျိုးတော်စပ်လို့လား၊ ဘယ်လိုပတ် သက်မှုရှိနေလို့လဲ”
“အိမ်ရောင်းမယ်ဆိုလို့ ကျွန် တော်သွားကြည့်တယ် ဆရာ။ မြေက တော့ ဂရန်မြေကွက် နှစ်ထပ်တိုက်၊ ပေ ၂ဝ x ပေ ၆ဝ ရှိမယ်။ ရောင်း မယ်ဆိုတော့ အမွေဆိုင်အိမ်ဖြစ်နေ တယ်။ မြေကွက်အမည်ပေါက်က ကွယ်လွန်သွားတဲ့ ဖခင်အမည်ပေါက် ဖြစ်တယ်။ မိခင်ကြီးကလည်း ဆုံးပါး သွားပြီ။ ဒါကြောင့် မောင်နှမ သုံးဦး က အမွေခွဲဖို့ ရောင်းတာ ဆရာ”
“မောင်နှမသုံးဦးထဲမှာ ကိတ္တိမ မွေးစားသားသမီးပါလို့လား”
“မောင်နှမ သုံးဦးမှာ အစ်မကြီးက အပျိုကြီး ယခုလက်ရှိတူ၊ တူမတို့ နဲ့ အတူနေထိုင်တယ်။ အလတ်မောင် ဖြစ်သူနဲ့ ညီမအငယ်က သူတို့အိမ် ထောင်နဲ့သူ သီးခြားနေကြတယ်။ အခုကိစ္စက လက်ရှိအိမ်မှာနေတဲ့ တူ နဲ့ တူမက အဘွားဖြစ်သူက သူတို့ကို ကိတ္တိမမွေးစားစာချုပ်နဲ့ မွေးစားတာ ကြောင့် အမွေဝေစုရသင့်တယ်လို့ ကန့်ကွက်တာ ဆရာ”
“တူ၊ တူမအရင်းလား။ ဘယ်သူ ရဲ့ သားသမီးတွေလဲ”
“ညီမငယ်ရဲ့ သမီးနဲ့သားလို့ ပြောပါတယ်”
“ဥပဒေအရဆိုရင်တော့ တူ၊ တူမတွေနဲ့ မောင်နှမတော်စပ်တဲ့ သဘောဖြစ်သွားတယ်”
“ဒါဆိုရင် တူ၊ တူမတွေရဲ့ မိခင် ကလည်း ဝေစုပါမလား”
“ဥပဒေအရတော့ မအေနဲ့သား သမီးနှစ်ဦးက အမွေဆက်ခံခွင့်ရှိတဲ့ မောင်နှမတွေဖြစ်သွားတယ်”
“အမွေပုံက ငါးပုံဖြစ်သွားမှာ ပေါ့”
“ဟုတ်ပါတယ်”
“ဒါပေမယ့် ရောင်းမယ့်သမီးကြီး ဖြစ်သူက တူ၊ တူမတွေက မဆိုင်ဘူး။ သူ့အမေဝေစုပါနေလို့ အမေ့ဆီကပဲ ရခွင့်ရှိတယ်။ ကိတ္တိမစာချုပ်ကလည်း တရားမဝင်ဘူး။ သူတို့အဖေနဲ့ အမေ လင်မယားအဖြစ်မှ ကွဲကြပြီး အဖေ က နှောင့်ယှက်မှာစိုးလို့ သမီးနဲ့သား ကို အဘွားက ဟန်ဆောင်ကိတ္တိမ စာချုပ် ချုပ်ပေးခဲ့တာလို့ ပြောပါ တယ်”
“အခုကလေးတွေက အရွယ် ရောက်နေကြပြီပေါ့”
“ဟုတ်တယ် ဆရာ။ အလုပ်ဝင် နေကြပြီ။ ဘွဲ့ရပြီးသားလို့ သိရတယ်”
“ကလေးတွေက သူတို့အမေနဲ့ အတူမနေဘူးလား”
“ကလေးတွေအမေက နောက် အိမ်ထောင်ပြုသွားလို့ သီးခြားနေ တယ်။ ကလေးတွေ အဖေကတော့ ကွယ်လွန်သွားပြီဖြစ်တယ်”
“အပျိုကြီးက ခွဲမပေးချင်တဲ့ သဘော ဖြစ်နေတာပေါ့”
“အလတ်ဖြစ်တဲ့ ယောကျ်ားလေးက ခွဲမပေးချင်တာဆရာ၊ သူက အဓိ ကပဲ၊ သူပြောတာက မွေးစားစာချုပ်မှာ ကလေးနှစ်ယောက်က အရွယ်မ ရောက်သေးတော့ မိခင်က ကိုယ်စား လက်မှတ်ထိုးတယ်။ ဖခင်ကလာ ရောက်လက်မှတ်မထိုးလို့ တရားမဝင် ဘူးလို့ ပြောတယ် ဆရာ။ အဲဒါ ဟုတ် ပါသလား”
“တစ်ခုတော့ ရှိတာပေါ့ဗျာ။ ဖခင်ဖြစ်သူနဲ့ မိခင်တို့နှစ်ဦးသဘော တူ ကွာရှင်းထားကြောင်း အထောက် အထားနဲ့အတူ မွေးစားစာချုပ်မှာ ဖော်ပြထားရင်တော့ ဥပဒေမှာပါတဲ့ အတိုင်း မွေးစားရန်ပေးနိုင်သူအဖြစ် လက်မှတ်ရေးထိုးတာဖြစ်လို့ တရား ဝင်မှာဖြစ်ပါတယ်”
“ဒါဆိုရင် အဲဒီအချက် မွေးစား စာချုပ်မှာပါ မပါ သေချာစိစစ်ဖို့လို တာပေါ့”
“မှန်ပါတယ်။ ဒီအချက်ပါရင်တော့ စာချုပ်ကပြီးပြည့်စုံပြီး မွေးစား ခံရသူများက အမွေဆက်ခံခွင့်ရမှာ ဖြစ်ပါတယ်။ အပြည့်အစုံဖော်ပြထားတာ မရှိရင်တော့ တရားရုံးမှာ အမွေမှု တရားစွဲတာတွေဖြစ်လာ နိုင်ပြီး အဲဒီအခါမှ သက်သေထွက်ဆိုပြသရမှာ ဖြစ်ပါတယ်”
“ဘာပဲဖြစ်ဖြစ် ဟန်ဆောင် ကိတ္တိမ စာချုပ်တော့ မဟုတ်ဘူးပေါ့”
“ရှင်းအောင် ပြောရရင် နိုင်ငံ တော် တရားရုံးချုပ်က ဆုံးဖြတ်တဲ့ ဦးမောင်မောင်လေးပါ (၂) နှင့် ဦးခင် မောင်တိုးပါ (၁၂) ၂ဝ၁၇ ခုနှစ် မြန် မာနိုင်ငံ တရားစီရင်ထုံး စာချုပ်နှာ-၁၅ဝ မှာ အရွယ်မရောက်သေးသည့် မြေးနှစ်ဦးကို အဘွားဖြစ်သူက ကိတ္တိ မမွေးစားခြင်း မှတ်ပုံတင်စာချုပ် ချုပ် ဆိုမွေးစားစဉ်က ဖခင်ရင်းနှင့် မိခင် ရင်းတို့မှာ နှစ်ဦးသဘောတူ လင်မ ယားကွာရှင်းပြီးဖြစ်သည်။ ကိတ္တိမ စာချုပ်တွင် ဖခင်ရင်းက လက်မှတ် မထိုးစေကာမူ မိခင်ရင်းက အရွယ်မ ရောက်သူ သမီးများအတွက် ကိတ္တိ မမွေးစား မှတ်ပုံတင်စာချုပ်တွင် လက်မှတ်ရေးထိုးခြင်းသည် ယင်း ဥပဒေပုဒ်မ-၅ (၁) အရ မွေးစားခြင်း ကို သဘောတူညီချက်ပေးရန် လိုအပ် သူအဖြစ် လက်မှတ်ရေးထိုးခြင်းဖြစ် ၍ တရားဝင်သည်လို့ ဆုံးဖြတ်ထား ပါတယ်”
“ဒါဆိုရင် အခုကိစ္စမှာလည်း ဆရာပြောသလို မိခင်ရင်းအပါအဝင် ဥပဒေအရ မောင်နှမငါးဦးအဖြစ် အမွေခွဲရမှာပေါ့”
“မှန်ပါတယ်။ ညှိနှိုင်းပြေလည် ရင်တော့ ဝယ်လိုက်ပါ”ဟု တိုက်တွန်း ပြောကြားလိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်