အမွေမမီမြေးများနှင့် ဆက်စပ်နေသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“တူ၊ တူမတွေက အမွေရပိုင်ခွင့် ရှိပါသလား”ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါ သည်။

“တရားသေပြောလို့တော့ မရ ဘူးပေါ့ဗျာ။ အဖြစ်အပျက်ဖြစ်စဉ် ပေါ် အခြေခံပြီး စဉ်းစားရမယ့်ကိစ္စ ဖြစ်တယ်။ ဘယ်လိုကိစ္စများဖြစ်နေ လို့လဲ”

“ဒီလိုပါ ဆရာ။ မြေနဲ့အိမ်ဝယ် ဖို့ ကိစ္စမှာ တူ၊ တူမတော်စပ်သူတွေ က ကန့်ကွက်နေလို့ပါ”

“မြေနဲ့ အိမ်ဆိုတော့ ဂရန်မြေ လား၊ အိမ်က လူနေလို့ရသလား”

“မြေက ပေ ၄ဝ x ပေ ၆ဝ ဂရန် မြေဆရာ။ အိမ်က နှစ်ထပ်တိုက်ဖြစ် ပြီး ရောင်းမယ်ဆိုတဲ့ သူကိုယ်တိုင်နေ ပါတယ်”

“မြေအမည်ပေါက်က ရောင်း မယ်ဆိုတဲ့ သူရဲ့ အမည်ပေါက်လား”

“ရောင်းမယ့် သူ့ရဲ့ မိခင်အမည် ပေါက်လို့ ပြောပါတယ်”

“မိခင်ဖြစ်သူက ကွယ်လွန်သွား ပြီလား”

“ဟုတ်တယ် ဆရာ”

“သားတစ်ယောက်တည်းဆို တော့ ပိုင်ဆိုင်ကြောင်း ကြေညာစာ ချုပ် ပြုလုပ်ပြီး အရောင်းအဝယ်စာ ချုပ်ကို ထပ်မံချုပ်ဆိုလိုက်ရင်ရပြီ ပေါ့”

“အစကတော့ ဒီလိုပဲ ယူဆတာ ပေါ့ ဆရာ။ သတင်းစာထဲမှာ ကန့် ကွက်သူ ရှိ မရှိ ကြေညာလိုက်တာ ကန့်ကွက်လာတယ်”

“တူ၊ တူမတွေက ကန့်ကွက်လာ တာလား။ သားတစ်ယောက်တည်း ဆိုပြီး ဘယ်လို ဆက်စပ်ပေါ်လာတာ လဲ”

“အခုမှ သိရတာက သားနှစ် ယောက်လို့ သိရတယ်။ အစ်ကိုဖြစ် သူက ကွယ်လွန်သွားလို့ တူ၊ တူမနှစ် ယောက် ကျန်ခဲ့တာပဲ”

“ဥပဒေအရကြည့်မယ်ဆိုရင် မြေအမည်ပေါက် မိခင်မှာ သားနှစ်ဦး ရှိတယ်။ ပထမသားက မိခင်မကွယ် လွန်မီမှာ ကွယ်လွန်သွားတယ်။ မြေး နှစ်ယောက်ကျန်မယ်။ အခု အဲဒီမြေး နှစ်ယောက်က ကန့်ကွက်နေတာ မဟုတ်လား”

“ဟုတ်ပါတယ် ဆရာ။ ကျွန်တော်တို့ကတော့ ရောင်းမယ့်သူအနေ နဲ့ဆိုရင် တူ၊ တူမတော်တယ်လို့ပဲ လွယ်လွယ်ပြောတာပါ”

“အမွေကိစ္စတွေမှာတော့ အမည်ပေါက်ပိုင်ဆိုင်သူအနေနဲ့ ဆက် စပ်ကြည့်ရပါတယ်။ အခုကိစ္စက ရောင်းမယ်ဆိုတဲ့ သူရဲ့ အမည်ပေါက် မြေကွက်မဟုတ်သေးတဲ့အတွက် အိမ်နဲ့ မြေဟာ အမွေဆိုင်ပစ္စည်းအ ဖြစ် တည်ရှိနေတာဖြစ်တယ်”

“ဆရာပြောသလို အခု ကန့်ကွက်တဲ့ မြေးနှစ်ဦးက ရပိုင်ခွင့်ရှိပါ သလားဆရာ။ ကလေးတွေအမေက တောင်းပိုင်ခွင့်ရှိသေးလား”

“ဥပဒေအရ အမွေရှင်ဖြစ်တဲ့ မိခင်အနေနဲ့ ကြည့်ရမှာဖြစ်တယ်။ ဒါကြောင့် ကွယ်လွန်သွားတဲ့ သားရဲ့ ဇနီးချွေးမကတော့ အမွေမဆက်ခံနိုင် ဘူး။ ဒါပေမယ့် မြေးနှစ်ဦးကတော့ မိခင်မကွယ်လွန်မီ ကွယ်လွန်သွားတဲ့ သားက မွေးဖွားသူများဖြစ်လို့ ဥပဒေ အရ အမွေမမီမြေးလို့ သတ်မှတ်ပါ တယ်”

“ဒါဆိုရင် ကန့်ကွက်တဲ့ သူနှစ်ဦး က အမွေမမီမြေးအဖြစ်ရပိုင်ခွင့်ရှိ တယ်ပေါ့”

“ရှင်းအောင်ပြောရရင် တရားရုံး ချုပ်က ဆုံးဖြတ်ထားတဲ့ မောင်ခင်နှင့် မောင်ဘ အေအိုင်အာ ၁၉၃၃ ရန် ကုန်စီရင်ထုံး စာမျက်နှာ၂၄၉မှာ သားဖြစ်သူသည် အမေ့အလျင် ကွယ်လွန်ခဲ့ရာ နောက်ပိုင်းတွင် ထို အမေသေဆုံးသောအခါ ထိုသား၏ မယားသည် ယောက္ခမ၏ အမွေကို မရနိုင်။ ထိုသားငယ်၏ သားသမီးများ (အမွေမမီမြေးများ) သာလျှင် ၎င်းတို့ ၏ ဦးကြီး၊ ဦးလေးတို့အပေါ် ဘိုးဘွား အမွေကို တောင်းဆိုနိုင်သည်လို့ ဆုံး ဖြတ်ထားတယ်။ ဒါကြောင့် အခုကိစ္စ မှာလည်း ဘိုဘွားအမွေကို တူ၊ တူမ တွေက ဦးလေးထံမှ တောင်းပိုင်ခွင့် ရှိမှာ ဖြစ်ပါတယ်”

“သားဖြစ်သူက မိခင်မကွယ် လွန်မီက သူ့မြေးတွေကို အမွေခွဲပေး ပြီးသားဖြစ်လို့ အခုအိမ်နဲ့ မြေက မသက်ဆိုင်ဘူးလို့ ပြောပါတယ်”

“စာချုပ်စာတမ်းနဲ့ သေချာရှိဖို့ တော့ လိုမယ်။ အခုကိစ္စက သား အကြီးက မွေးတဲ့ သားသမီးတွေဖြစ် နေတော့ သြရသ သားရဲ့သားသမီး ဖြစ်နေတယ်”

“ဆရာ ပြောမှနားရှုပ်သွားပြီ ဆရာ”

“သြရသ သားသမီးဆိုတာက သားရင်း၊ သမီးရင်းထဲမှာ အကြီးဆုံး သား သမီးကိုခေါ်တယ်။ မိခင် ဖခင် တို့ မကွယ်လွန်မီ အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရပါမယ်။ ဖခင်ကွယ် လွန်ပြီး မိခင်သာကျန်ခဲ့လျှင် အကြီး ဆုံးသားက သြရသသားဖြစ်လာ တယ်။ ဒီလိုပဲ မိခင်ကွယ်လွန်ပြီး ဖခင် သာကျန်ခဲ့လျှင် အကြီးဆုံး သမီးက သြရသသမီးဖြစ်လာတယ်”

“သြရသ သားသမီးက အမွေ ဘယ်လိုခံစားခွင့်ရှိသလဲ ဆရာ”

“ဖခင်ကွယ်လွန်လျှင် သြရသ သားသည်လည်းကောင်း၊ မိခင်ကွယ် လွန်လျှင် သြရသသမီးသည်လည်း ကောင်း၊ အမွေ၏ လေးပုံတစ်ပုကို ရခွင့်ရှိတယ်လို့ မလှဦးနှင့် မောင်ရွှေ ရင် ရန်ကုန်စီရင်ထုံး အတွဲ (၁) စာ မျက်နှာ-၃ရဝ အမှုမှာ လမ်းညွှန်ဆုံး ဖြတ်ထားပါတယ်”

“ဒါဆိုရင် အခုကိစ္စမှာ သား အကြီးက အရင်ကွယ်လွန်သွားတာ မဟုတ်လား”

“မိခင်မကွယ်လွန်မီ သားအကြီး က အရင်ကွယ်လွန်သွားတာဖြစ်တဲ့ အတွက် မိခင်ကြီး မကွယ်လွန်မီမှာ သားအကြီးကို သြရသသားသမီးအ ဖြစ် အမွေခွဲပေးထားခဲ့ရင်တော့ ယခု အမွေမမီ မြေးများက ရပိုင်ခွင့်ရှိမှာ မဟုတ်တော့ဘူး”

“ဒါဆိုရင် သူတို့ပြောသလို မိခင် မကွယ်လွန်မီက သားကြီးကို အမွေခွဲ ပေးခဲ့တာမှန်ရင် ကန့်ကွက်ခွင့်မရှိဘူး ပေါ့”

“ဟုတ်ပါတယ်။ ဒါကြောင့် သား ကြီးမကွယ်လွန်မီမှာ မိခင်က အမွေ ခွဲပေးကြောင်း အထောက်အထား ခိုင်ခိုင်မာမာရှိဖို့ လိုပါတယ်”

“တကယ်လို့ မိခင်ကြီးရှိစဉ်က ကွယ်လွန်သူသားကို အမွေခွဲမပေးခဲ့ ဘူးဆိုရင်တော့ အခုမြေးတွေက ဖခင်ဝေစုကို ရပိုင်ခွင့်ရှိမှာပေါ့”

“မှန်ပါတယ်။ သြရသသားက မွေးတဲ့ သားသမီးတွေဖြစ်လို့ ဖခင်ရ ပိုင်ခွင့်ရှိတဲ့ ဝေစုအတိုင်းရမှာဖြစ်ပါ တယ်”

“ဒါဆိုရင် ဦးလေးဖြစ်သူနဲ့ ထက် ဝက်စီရနိုင်တာပေါ့”

“ဟုတ်ပါတယ်။ ဒါကြောင့် ညှိ နှိုင်းဆောင်ရွက်ကြရင် ကောင်းမယ် ထင်ပါတယ်”

“သဘောတူညီမှုမရခဲ့ရင် အမှု အခင်းများဖြစ်နိုင်ပါသလား”

“အစောကပြောသလို မိခင်ကြီး နဲ့ သားကြီးအသက်ထင်ရှားရှိစဉ်မှာ မိခင်ကြီးက အမွေခွဲဝေပေးခဲ့ပြီးဖြစ် ကြောင်း စာချုပ်စာတမ်းနဲ့ ခိုင်ခိုင် မာမာရှိနေရင်တော့ အမွေမမီမြေး တွေကရပိုင်ခွင့်ရှိတော့မှာ မဟုတ်ပါ။ အဲဒီလို ခွဲဝေပေးခဲ့သည့်အခြေအနေ မျိုးမရှိခဲ့ရင်တော့ ဥပဒေအရ အမွေ မမီမြေးများက အမွေရပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ သဘောတူညီမှုမရ ရင်တော့ အမှုအခင်းဖြစ်လာနိုင်ပါ တယ်”

“ဒါဆိုရင် စရန်ငွေပြန်တောင်း ပြီး နောက်ဆုတ်လိုက်တာကောင်း မယ်ထင်တယ် ဆရာ”

“အမှုအခင်းဖြစ်နိုင်ခြေရှိရင် တော့ စရန်ငွေပြန်ယူလိုက်တာ ကောင်း မယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါ သည်။

Credit to: ‌ဈေးကွက်ဂျာနယ်