နှုတ်ဖြင့်အမွေခွဲထားသည့် အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်
ရုံးခန်းသို့ စာရေးသူရောက် သည့်အခါ မိတ်ဆွေတစ်ဦး၏သားဖြစ်သူ ကိုကျော်လင်းကို တွေ့လိုက်ရသည်။
“ရောက်နေတာကြာပြီလား”ဟု စာရေးသူက နှုတ်ဆက်စကားဆိုပါသည်။
“မကြာသေးပါဘူး ဆရာ”
“အဖေကြီး နေကောင်းရဲ့လား”
“ကောင်းပါတယ် အန်ကယ်။ အခုလည်း အဖေက လွှတ်လိုက်တာပါ”
“ဘယ်လို အရေးကိစ္စရှိနေလို့လဲ”
“ကျွန်တော့်အနေနဲ့ မြေတစ်ကွက်ဝယ်ဖို့ စရန်ငွေပေးထားတယ်ဆရာ”
“မြေကွက်ဆိုတော့ အိမ်ပါသေးလား”
“အိမ်ကတော့ တစ်ထပ်တိုက် သေးသေးပါပဲ။ လောလောဆယ်တော့ အိမ်ငှားတွေရှိနေတယ်”
“အိမ်ငှားတွေက ဖယ်ရှားပေးဖို့ အဆင်မပြေလို့လား”
“ဒီလိုမဟုတ်ဘူးဆရာ၊ အိမ်ငှားတွေကလည်း ဆင်းပေးမယ်။ ပြဿနာမရှိဘူး။ ရောင်းမယ့်လူက ကျွန်တော့် သူငယ်ချင်းဖြစ်ပြီး ကျွန်တော်နဲ့အတူ သင်္ဘောတက်နေတဲ့ သင်္ဘောသားတစ်ယောက်ပါ”
“မြေကွက်က ဂရန်မြေလား၊ အမည်ပေါက်က ဘယ်သူလဲ”
“ဂရန်မြေဖြစ်ပြီး သူငယ်ချင်းရဲ့ ဖခင်အမည်ပေါက်ဖြစ်ပါတယ်”
“မြေအမည်ပေါက် ဖခင်က သက်ရှိထင်ရှားရှိတယ် မဟုတ်လား”
“မရှိတော့ဘူးဆရာ။ ကွယ်လွန်သွားတာ တစ်နှစ်လောက်ရှိနေပြီ။ မိခင်ကွယ်လွန်သွားတာတော့ လေး၊ ငါးနှစ် ရှိပြီထင်တယ်”
“သားသမီး ဘယ်နှယောက်ကျန်ခဲ့လဲ”
“သားသမီး သုံးဦးကျန်ခဲ့တယ်။ အငယ်ဆုံးက ၁ဝ တန်းအောင်ထားပြီး တက္ကသိုလ်တက်ဖို့ စောင့်နေတယ် ပြောပါတယ်”
“ဒါဆိုရင် အသက် ၁၈ နှစ် မပြည့်သေးဘူးပေါ့”
“ဟုတ်ပါတယ် ဆရာ၊ အရောင်းအဝယ်ဖြစ်လို့ အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်မယ်ဆိုရင် အသက် ၁၈ နှစ်မပြည့်သေးသူက လက်မှတ်ထိုးလို့ရပါသလား”
“အစ်ကိုကြီးကပဲ အုပ်ထိန်းသူ အဖြစ် လက်မှတ်ရေးထိုးရမှာပေါ့”
“အခုကိစ္စက အရောင်းအဝယ် ကန့်ကွက်တဲ့သူ ရှိလာလို့ ဆရာ”
“ဘယ်က၊ ဘယ်လို ထွက်ပေါ်လာတာလဲ”
“ကျွန်တော်က ကန့်ကွက်ရန် ရှိမရှိ ကြေညာလိုက်တော့ ကိတ္တိမသမီးဆိုပြီး ကန့်ကွက်သူပေါ်လာ လို့”
“သူငယ်ချင်းရဲ့ မိဘများ သက်ရှိ ထင်ရှားရှိစဉ်က မွေးစားတာလား”
“သူ့အမေဆုံးပြီး နောက်ပိုင်း သူ့အဖေတစ်ဦးတည်းက မွေးစားစာချုပ်နဲ့ မွေးစားတယ်လို့ သိရတယ်။ သူက သင်္ဘောတက်နေတော့ မွေးစားတဲ့ကိစ္စ လုံးဝမသိလိုက်ဘူးပြောတယ်”
“မွေးစားခံရတဲ့သူနဲ့ ဘယ်လို ဆက်စပ်မှုရှိတာလဲ”
“သူ့အဖေရဲ့ ညီမအငယ်ဆုံးလို့ ပြောပါတယ်”
“အသက်ဘယ်လောက်ကွာ တယ်လို့ ပြောသလဲ”
“သူ့အဖေက အကြီးဆုံးဆိုတော့ အသက် ၁၈ နှစ်နီးပါးကွာတယ်လို့ ပြောပါတယ်။ ကျွန်တော်သိချင်တာက မောင်နှမအချင်းချင်း ပြန် လည်မွေးစားလို့ရပါသလား ဆရာ”
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ ဗုဒ္ဓဘာသာဝင်ကိုးကွယ်သူအနေ ဖြင့် မောင်နှမအချင်းချင်း မွေးစားခြင်းမပြုရလို့တော့ တားမြစ်ထားတာ မရှိဘူး။ မွေးစားခံရတဲ့ မိန်းကလေးက အခုခြံထဲမှာ အတူနေတာပေါ့”
“အတူတော့ မနေဘူးပြောတယ်။ အိမ်ထောင်သည်ဖြစ်လို့ သီးခြားနေတယ်ပြောပါတယ်။ ခင်ပွန်းဖြစ်သူက ကားအက်ဆီးဒင့်ဖြစ်ပြီး ကွယ်လွန်သွားလို့ သမီးငယ်လေးတစ် ဦးနဲ့နေတယ်ပြောတယ်”
“လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်နေခဲ့လို့ အစ်ကိုကြီးဖြစ်သူက မွေးစား စာချုပ် ချုပ်ပေးလိုက်တာ ဖြစ်မှာပဲ”
“သူငယ်ချင်းရဲ့ ပြောစကားအရတော့ အခုလို စာချုပ်စာတမ်းနဲ့ မွေးစားလိုက်တာကို သူတို့လည်း မသိလိုက်ဘူး ပြောတယ်။ အခုမှ သိရတာလို့ ဆိုပါတယ်။ မိဘက သားသမီး မွေးစားတာကို လက်ရှိသားရင်း သမီးရင်းက သဘောမတူရင် ပျက် ပြယ်ပါသလား ဆရာ”
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ မှာတော့ မိဘများက သားသမီးမွေး စားခြင်းအပေါ် သားရင်းသမီးရင်းများမှ ကန့်ကွက်ခွင့်ရှိကြောင်း ပြဋ္ဌာန်း ထားတာမတွေ့ရပါဘူး။ ဒါကြောင့် မိဘများက သားသမီးမွေးစားခြင်းကို သားရင်း၊ သမီးရင်းများရဲ့ သဘောတူ ညီချက်ရဖို့ မလိုအပ်ပါဘူး”
“အသက် ၄ဝ ကျော်ခန့်ရှိတဲ့ သူကို သားသမီးအဖြစ် မွေးစားလို့ ရပါသလားဆရာ”
“ဒီနေရာမှာလည်း မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေမှာ အရွယ်ရောက်ပြီးသူအား မမွေးစားရလို့ တားမြစ် ပြဋ္ဌာန်းထားတာမရှိဘူး။ ဒါပေမယ့် အရွယ်ရောက်ပြီးသူကို မွေးစားရင်မွေးစားခံရသူရဲ့ သဘောတူညီမှုရှိမှ မွေးစားခွင့်ရှိမှာဖြစ်ပါတယ်။ အသက်အရွယ် ကန့်သတ်ချက်မရှိဘူး”
“ဒါဆိုရင် မွေးစားစာချုပ်က မပျက်ပြယ်တဲ့ သဘောပေါ့”
စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ ပြုလုပ်ထားတဲ့ ကိတ္တိမမွေးစားစာချုပ် ဆိုရင်တော့ သားသမီးအရင်းများနဲ့ ညီတူညီမျှအမွေဝေစုရခွင့်ရှိမှာဖြစ် တယ်”
“နှစ်ဖက်ညှိလိုက်တော့ မွေးစား ခံရတဲ့ အဒေါ်ဖြစ်သူက သူ့ဝေစု ၂၅ ရာခိုင်နှုန်း (လေးပုံတစ်ပုံ) ကို မယူ တော့ဘဲ ၂ဝ ရာခိုင်နှုန်း (ငါးပုံတစ်ပုံ)ပဲယူမယ်။ စာချုပ်စာတမ်းပြုလုပ်ဖို့ အထွေထွေကုန်ကျစရိတ်ကို သားသမီးရင်းကပဲ ကျခံဖို့ ယာယီသဘော တူထားတယ် ပြောပါတယ်။ ကတိစာချုပ်ချုပ်ရင် ဆရာဆောင်ရွက်ပေး နိုင်မလားဆိုတာလည်း သူငယ်ချင်းက ပြောလိုက်ပါတယ်”
“မိဘတွေ ကွယ်လွန်ပြီး ကျန်ရှိတဲ့အမွေအပေါ် အမွေဆက်ခံသူအားလုံးက သဘောတူညီလျှင် အမွေပုံကို နှုတ်ဖြင့်ခွဲဝေနိုင်သည်ဟု တရား ရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးအောင် ညွန့်နှင့် မောင်အုန်းမြင့် ၁၉၈၁ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၂၁ မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အမွေဆက်ခံသူအား လုံးက သဘောတူအချိုးကျ ခွဲဝေယူကြမယ်ဆိုရင် တရားဝင်မှာ ဖြစ်ပါတယ်။ စာချုပ်စာတမ်း ချုပ်မယ်ဆို ရင် မိသားစု စီမံမှုကတိစာချုပ် ချုပ် ဆိုခွဲဝေလို့ရပါတယ်”
“ဟုတ်ကဲ့ပါ ဆရာ။ ဝယ်သူအနေနဲ့ ဘယ်လိုမှတ်ပုံတင် စာချုပ်ချုပ်ရမလဲ”
“ပထမအဆင့်အနေနဲ့ကတော့ အမွေဆက်ခံသူ ကိတ္တိမသားသမီးအပါအဝင် သားသမီးလေးဦးက ဖခင် အမည်ပေါက်မြေနဲ့အိမ်ကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြုလုပ်ရပါမယ်။ ပြီးမှ အမွေဆက်ခံသူ သားသမီးလေးဦးနဲ့ ကိုကျော်လင်းတို့ အရောင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုရမှာ ဖြစ် ပါတယ်”
“ဟုတ်ကဲ့ ဆရာ၊ အခုမှပဲ စိတ်ထဲမှာ ရှင်းသွားတော့တယ်။ တရားဝင်ဝယ်လို့ ရပြီဆိုတော့ စာချုပ်စာ တမ်းကိစ္စအဝဝကို ဆရာပဲ ဆောင်ရွက်ပေးပါ”ဟု ပြောဆိုကာ ဆွေးနွေး ခကန်တော့သွားပါတော့သည်။
Credit to: ဈေးကွက်ဂျာနယ်