မေတ္တာဖြင့်ပေးကမ်းထားသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်
“သူငယ်ချင်း ရောက်နေတာ ကြာပြီ ထင်တယ်”
စာရေးသူ၏ ရုံးခန်းရှေ့၌ သုန်သုန်မှုန်မှုန်မျက်နှာဖြင့် ထိုင်နေသော ငယ်သူငယ်ချင်းအား တောင်းပန်သည့်သဘော ပြောလိုက်ခြင်းဖြစ်သည်။
“အချိန်နာရီဝက်ခန့်တော့ ရှိသွားပြီ။ တရားရုံးဆီတစ်ဆက်တည်း သွားပြီထင်တာ”
“ကဲ-ဆိုပါဦး။ သူငယ်ချင်းကို ကြည့်ရတာ ပြဿနာတစ်ခုခုများရှိ နေသလားလို့”
“ပြဿနာရယ်တော့ မဖြစ်သေးဘူးပေါ့ သူငယ်ချင်း။ ဒါပေမယ့် အ ခက်အခဲတော့ရှိနေတာနဲ့မေးဖို့ ရောက်လာတာပဲ ဆိုပါတော့”
“ဖြစ်စဉ်လေး ပြောပါဦး”
“မြေနဲ့ အိမ်ဝယ်ဖို့သွားကြည့်တယ်။ စျေးကလည်း သင့်တယ်”
“ဒါနဲ့ – စရန်ငွေပေးလိုက်တယ်ပေါ့”
“အဲဒီလိုဖြစ်သွားတယ်။ ဒါပေမယ့် ကန့်ကွက်သူရှိ မရှိကို သတင်းစာထဲမှာ ထည့်ပြီး ကြေညာလိုက် တယ်”
“ကန့်ကွက်သူရှိလာတယ်ပေါ့”
“ဟုတ်ပါတယ်”
“သူက ဘာအကြောင်းပြချက်နဲ့ ကန့်ကွက်တာလဲ”
“မရောင်းဖို့ ကတိပြုထားတဲ့အတွက် ကန့်ကွက်ကြောင်း ဖော်ပြထားတာပဲ”
“ထူးထူးဆန်းဆန်း မရောင်းဖို့ ကန့်ကွက်တာဖြစ်နေတယ်”
“ဒါကြောင့် ဥပဒေကြောင်းအရ ဘယ်လိုရှိတယ်ဆိုတာ သိချင်လို့ သူူ ငယ်ချင်းဆီရောက်လာတာ”
“မြေဂရန် မြေပဲလား”
“ဟုတ်တယ်။ ဂရန်မြေ”
“ဒါဆိုရင် ရောင်းမယ်ဆိုတဲ့ သူက အဲဒီမြေနဲ့အိမ်ကို ဘယ်လိုပိုင် ဆိုင်လာသလဲ။ မေးကြည့်ခဲ့လား”
“ဂရန်အမည်ပြောင်းလျှောက် ထားတယ်လို့ပြောတယ်။ ဒါပေမယ့် ခွင့်ပြုချက်မကျသေးဘူး”
“ဂရန်အမည်ပြောင်းလျှောက် ထားတယ်ဆိုတော့ ဝယ်ထားတဲ့ မြေ နဲ့ အိမ်လား”
“ဝယ်ထားတာမဟုတ်ဘူး။ ဂရန်အမည်ပေါက်က ရောင်းမယ်ဆိုသူရဲ့ မိခင်အမည်နဲ့ ရှိနေတာ”
“ဂရန်အမည်ပေါက်ဖြစ်တဲ့ မိခင်က ကွယ်လွန်သွားပြီလား”
“သက်ရှိထင်ရှားရှိနေလို့ ကန့်ကွက်တာပေါ့”
“မောင်နှမသားချင်းက ကန့်ကွက်တာမဟုတ်ဘဲ သက်ရှိထင်ရှားရှိတဲ့ မိခင်က ကန့်ကွက်တာဆိုတော့ မိခင်နဲ့ အပေးအယူကတိစာချုပ် တစ်ခုခုရှိမယ်ထင်တယ်”
“အပေးစာချုပ်လုပ်ထားတယ် ဆိုလားပဲ”
“စာချုပ်ကို သေချာမကြည့်ခဲ့ဘူးလား။ ရောင်းမယ်ဆိုတဲ့ အိမ်မှာ ဘယ်သူနေသလဲ”
“ရောင်းမယ်ဆိုတဲ့ သမီးဖြစ်သူ မိသားစုနေတာတွေ့တယ်”
“မိခင်ဖြစ်သူက ရောင်းမယ်ဆိုတဲ့ အိမ်မှာ သမီးဖြစ်သူနဲ့အတူမနေ ဘူးလား”
“မနေဘူး။ သားဖြစ်သူနဲ့ အခြား တစ်အိမ်မှာနေတယ်”
“ဒါဆိုရင် မိခင်က ဒီအိမ်နဲ့ မြေကို သမီးဖြစ်သူထံ အပေးစာချုပ်နဲ့ လွှဲပြောင်းပေးကမ်းထားတာဖြစ်မယ်”
“သမီးဖြစ်သူ ပြောတာတော့ မိခင်က ဒီအိမ်နဲ့ မြေကို မှတ်ပုံတင် စာချုပ်ရုံးမှာ မှတ်ပုံတင် အပေး စာချုပ်ချုပ်ဆို လွှဲပြောင်းပေးကမ်းထား တဲ့အတွက် သူပိုင်သွားပြီဖြစ်လို့ ကန့် ကွက်ခွင့်မရှိ၊ ရောင်းပိုင်ခွင့်ရှိတယ်လို့ ပြောတယ်။ အဲဒါဖြစ်နိုင်ပါသလား”
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရတော့ မိဘမှသားသမီး၊ မြေး၊ မြစ် စသူတွေထံ မိမိပိုင် ပစ္စည်းကို မိမိ အသက်ရှင်နေစဉ်ကာလမှာ အပြီးအပိုင် လွှဲပြောင်းပေးကမ်းနိုင်တယ်။ တရားဝင်ဖြစ်ဖို့ စာချုပ်စာတမ်းချုပ် ဆိုဖို့ လိုတယ်”
“သူငယ်ချင်းရဲ့ ပြောစကားအရဆိုရင် အခုကိစ္စမှာ ဥပဒေနဲ့အညီ ပေးကမ်းထားတာပဲ မဟုတ်လား”
“မေတ္တာဖြင့် ပေးကမ်းခြင်း စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ သက်သေနှစ်ဦးနဲ့ လက်မှတ်ရေး ထိုးပြီး မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုရမှာ ဖြစ်တယ်။ ဒါမှ – ဥပဒေနဲ့အညီ ပေး ကမ်းခြင်း အထမြောက်မှာဖြစ်တယ်”
“အချို့က ပြောတော့ ပေးကမ်းတဲ့ပစ္စည်းကို လက်ဝယ်ရရှိမထားရင် တရားမဝင်ဘူးဆိုတာ ဟုတ်သလား”
“အခုကိစ္စက ပေးကမ်းခြင်း စာချုပ်က မှတ်ပုံတင်ချုပ်ဆိုထားတဲ့အပြင် ပေးကမ်းတဲ့ မြေနဲ့အိမ်ကို လက်ခံသူသမီးရဲ့ လက်ဝယ်ရှိနေပြီ ဆိုတော့ အငြင်းပွားစရာ မရှိပါဘူး”
“ဒါဆိုရင် မရောင်းဖို့ ကတိပြုထားတဲ့အတွက် ရောင်းခွင့်မရှိ ကန့်ကွက်တယ်ဆိုတဲ့ ကိစ္စက ဘယ်လို ဖြစ်နိုင်သလဲ”
“မေတ္တာနဲ့ ပေးကမ်းခြင်းမှာ ထူးခြားချက်က တားမြစ်ချက်၊ ကန့်သတ်ချက်တွေ ထည့်သွင်းချုပ်ဆိုနိုင်တဲ့ သဘောပဲဖြစ်တယ်’
“ဒါဆိုရင် ပေးကမ်းသူက မကျေနပ်ရင် ပြန်လည်ရုပ်သိမ်းပယ်ဖျက်နိုင်တဲ့ သဘောပေါ့။ ဟုတ်လား”
“ဒီလိုတော့ မဟုတ်ဘူး။ ပေးကမ်းသူတစ်ဦးတည်း၏ သဘော သက်သက်အရ မေတ္တာဖြင့် ပေးကမ်းခြင်းကို မပယ်ဖျက်နိုင်ဖို့ ဥပဒေက သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ ရှင်းအောင် ပြောရမယ်ဆိုရင် တရားရုံး ချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်အေး အေးယုနှင့် ဦးဂါယုပါ (၂)၊ ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂ဝ၅ အမှုမှာ မေတ္တာနှင့် ပေးကမ်းခြင်းပြုရာတွင် ပေးကမ်းခြင်း စာချုပ်၌ဖြစ်စေ၊ နှုတ်ကတိဖြင့်ဖြစ် စေ၊ မည်သည့်အခါတွင် ပေးကမ်းခြင်း ရပ်ဆိုင်းမည်။ ဖျက်သိမ်းမည်ဟု သဘောတူညီချက်ပြုလုပ်နိုင်သည်။ ပေးကမ်းသူ အသက်ရှင်နေထိုင်စဉ် အတွင်း၊ ပစ္စည်းရယူသူက ယင်းပစ္စည်းကို ရောင်းချ၊ ပေါင်နှံခြင်းမပြု ရ၊ ပြုလျှင် မေတ္တာဖြင့် ပေးကမ်းထားခြင်းကို ဖျက်သိမ်းမည်ဟု သဘောတူ ညီခွင့်ရှိကြောင်း ဆုံးဖြတ်ထားတာကို တွေ့ရပါတယ်”
“ဒါဆိုရင် အခုကိစ္စမှာလည်း မိခင်နဲ့သမီးတို့ သဘောတူညီထား တာရှိမယ်ထင်တယ်”
“အဲဒါကြောင့် မေတ္တာနဲ့ အပေးစာချုပ်ကို သေချာလေ့လာဖတ်ရှုပြီးမှ ဝယ်ပါသူငယ်ချင်း”ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်