ပထမအိမ်ထောင်မှ သားသမီးများအား အမွေခွဲမပေးရသေးသည့် မြေနှင့်အိမ်ကို ဝယ်လျှင်

“ကျွန်တော်ကို မိတ်ဆွေတစ် ဦးက မြေနဲ့ အိမ်ဝယ်ဖို့ ကိစ္စအ တွက် လာဆွေးနွေးတယ် ဆရာ”

စာရေးသူ၏ တပည့်တစ်ဦးက စာရေးသူထံရောက်ရှိလာပြီး ဆွေး နွေးခြင်းဖြစ်သည်။

“အဲဒီတော့ ငါ့တပည့်က ဘာ တွေလုပ်ပေးလိုက်သလဲ”

“ပထမဦးဆုံး ကန့်ကွက်ရန် ရှိမရှိကို သတင်းစာထဲ ထည့်ကြေ ညာသင့်ကြောင်း ပြောလိုက်တယ် ဆရာ”

“အေးမှန်တာပေါ့၊ အရောင်း အဝယ်ပြုလုပ်ရာမှာ ကန့်ကွက်သူ မရှိဘူးဆိုရင် ရှေ့ဆက်လုပ်ရတာ တွေ အဆင်ပြေတာပေါ့၊ ကန့်ကွက် တဲ့သူရှိလာရင်လည်း ကန့်ကွက်သူ က ရပိုင်ခွင့်ရှိမရှိ၊ အရောင်းအ ဝယ်ပြုမယ့် မြေနဲ့ အိမ်အပေါ် အ မှန်တကယ် အကျိုးခံစားခွင့်ရှိသူ ဟုတ်မဟုတ် ကြိုတင်သိထားတော့ ဖြေရှင်းရတာ လွယ်သွားတာပေါ့”

“သတင်းစာထဲ ထည့်လိုက် တော့ ကန့်ကွက်သူပေါ်လာတယ် ဆရာ”

“ကဲ-ပြောပါဦး၊ ဇာတ်လမ်း ကစပြီပေါ့”

“အချင်းဖြစ် မြေနဲ့ အိမ်က ကန့်ကွက်သူတို့ရဲ့ ဖခင်ပိုင်အိမ်နဲ့ မြေဖြစ်လို့ သူတို့ရဲ့ သဘောတူညီချက်မရဘဲ ရောင်းချခြင်းမပြုဖို့ ကန့်ကွက် လာတယ် ဆရာ”

“ကန့်ကွက်သူတို့ရဲ့ ဖခင်ပိုင် ဆိုတော့ အခုရောင်းမယ်ဆိုတဲ့ သူ က နောက်အိမ်ထောင်ဖြစ်နေလို့ လား”

“ဟုတ်တယ် ဆရာ၊ အစက တော့ နောက်အိမ်ထောင်လို့ မပြောဘူးဆရာ၊ အဘိုးကြီးနဲ့ သူတို့ လင်မယားနှစ်ယောက် အမည် ပေါက်မြေနဲ့ အိမ်လို့ပဲ ပြောတယ်”

“ဒါဆိုရင် မိထွေးနဲ့ ပထမ အိမ်ထောင်က မွေးဖွားတဲ့ သား သမီးတွေရဲ့ ကိစ္စဖြစ်သွားမယ်”

“ဟုတ်ကဲ့ ဆရာ”

“အခုရောင်းတဲ့ သူတွေက ဘာပြောသလဲ”

“သူတို့က သူ့ယောကျ်ား မသေမီကတည်းက ပထမအိမ် ထောင်က သားသမီးတွေကို အမွေ ခွဲဝေပေးပြီးသားလို့ ပြောတယ် ဆရာ၊ သူကတော့ ယုံယုံကြည် ကြည်ဝယ်ပါ၊ အမည်ပြောင်းတဲ့ အ ထိ အပြည့်အဝတာဝန်ယူ ဆောင် ရွက်ပေးမယ်လို့ ပြောတယ် ဆရာ”

“ကန့်ကွက်တဲ့ သူတွေက လည်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီထံ မြေပုံ ကူးမပေးဖို့၊ အမည်ပြောင်း မပေးဖို့ ကန့်ကွက်ထားမှာပေါ့”

“ဟုတ်ကဲ့ ဆရာ၊ ဒါကြောင့် ဝယ်သူအနေနဲ့ ဆက်ပြီး ဝယ်သင့်၊ မဝယ်သင့်၊ ဝယ်မယ်ဆိုရင်လည်း ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ ဆရာ့ဆီလာပြီး ဆွေးနွေးတာ ဆရာ။ ကျွန်တော့်ကို အကြံဉာဏ် ပေးပါဦး”

“စရန်တစ်စိတ်တစ်ပိုင်းတော့ ပေးပြီးပြီမဟုတ်လား”

“ဟုတ်ကဲ့ ဆရာ၊ ဒါကြောင့် ဝယ်သူတွေက စိတ်ပူပင်နေလို့ ဆရာ”

“အကောင်းဆုံးကတော့ ရောင်းသူပြောသလို ပထမအိမ် ထောင်က သားသမီးတွေကို တရား ဝင် အမွေခွဲပေးပြီး ဟုတ်မဟုတ် စိစစ်ဖို့ လိုတယ်။ ပထမ အိမ် ထောင်က သားသမီးတွေက ဖခင် နောက်အိမ်ထောင်ပြုလိုက်တာနဲ့ မိခင်ဝေစုကို တောင်းပိုင်ခွင့်ရှိလာ မှာဖြစ် တယ်။ အဲဒီတုန်းက မ တောင်းဆို ခဲ့ဘူးဆိုရင်လည်း ဖခင် ကွယ်လွန်ရင် မိထွေးဆီကနေ တောင်းပိုင်ခွင့်ရှိမှာဖြစ်တယ်”

“အမွေခွဲဝေပြီးကြောင်း ကတိ စာချုပ်ဆိုရင် အကျုံးဝင်လား ဆရာ”

“ဥပဒေအရဆိုရင်တော့ မြန် မာ့ဓလေ့ထုံးတမ်းအရ ဗုဒ္ဓဘာသာ ဝင်တွေဟာ နှုတ်အားဖြင့်လည်း ပစ္စည်းလက်ရောက်ပေးပြီး အမွေခွဲ လို့ရတာပဲ၊ ဒါပေမယ့် မိသားစုစီမံမှုစာချုပ် ချုပ်ဆိုပြီး အမွေခွဲဝေကြ ရင်တော့ ပိုကောင်းတာပေါ့”

“စာချုပ်စာတမ်းမရှိခဲ့ဘူးဆို ရင် ဘယ်လိုလုပ်မလဲ ဆရာ”

“အထောက်အထားတစ်ခု တော့ ရှာရမှာပေါ့၊ တရားရုံးမှာ အမှုဖြစ်ပြီဆိုရင် နှုတ်သက်သေခံ ချက်ပေးနိုင်တဲ့ သိရှိသူတွေကို သက်သေ အဖြစ် ခေါ်ပြရမှာပေါ့”

“စာချုပ်စာတမ်း အထောက် အထားမရှိရင်တော့ အမှုရင်ဆိုင် တာကို စောင့်ပြီးမှကို ဝယ်ရမလို ဖြစ်နေတာပေါ့နော် ဆရာ”

“နှစ်ဘက်ညှိနှိုင်းပြီး ရောင်း ရင်လည်းဖြစ်တာပဲ”

“ခက်တာက ဒီဘက် အဲ ဆရာပြောသလို ဆိုရင် မိထွေးပေါ့၊ သူက တစ်ပြားမှ မပေးချင်တာ”

“ဒီလိုတော့ မရဘူးလေ။ ပထမအိမ်ထောင်က အမွေလုံးဝမ ရသေးဘူးဆိုရင် ပေးကိုပေးရမှာ ဖြစ်တယ်”

“အဲဒီလိုမူလက အမွေခွဲပေး ပြီးရင် မိထွေးထံက လုံးဝမရတော့ ဘူးလား ဆရာ”

“အဲ-အဲဒါအဓိက ပြဿနာပဲ။ အမွေခွဲပေးတာက မိခင်ရဲ့ ဝေစု ဖြစ်တယ်။ ဒါပေမယ့် ဖခင်က နောက်အိမ်ထောင်ပြုလို့ သားသမီး ထွန်း ကားသည်ဖြစ်စေ၊ မထွန်းကားသည်ဖြစ်စေ၊ ပေါင်းသင်းနေစဉ် လက်ထက်ပွားပစ္စည်းပေါ်မှာလည်း ရခွင့်ရှိတယ်လို့ ဆိုပြီးတောင်းနေ ကြတယ်။ “အမှန်တော့ မိဘတစ် ဦးဦး ကွယ်လွန်ပြီး ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုတဲ့အခါ ကွယ်လွန်သူနဲ့ ရခဲ့တဲ့ သားသမီး တွေက ကွယ်လွန်သူ မိဘရဲ့ဝေစုကို ကျန်ရစ်သူ မိဘထံကနေရခွင့်ရှိပါတယ်။ ကွယ်လွန်သူ မိဘရဲ့ ဝေစုကို အမွေရယူ ခဲ့ပြီးရင်တော့ ကျန်ရစ်သူ မိဘကွယ်လွန်တဲ့အခါ ထပ်မံ အမွေတောင်းခံခွင့် မရှိ တော့ပါဘူး”

“ဒါကြောင့် အခုကိစ္စမှာ ရောင်းသူက သူ့ခင်ပွန်း မကွယ်လွန်မီ ပထမအိမ်ထောင်က သားသမီးတွေကို မိခင်ဝေစုခွဲဝေပေးပြီး သားလို့ ပြောနေ တာပေါ့နော် ဆရာ”

“အေး-ဟုတ်တယ်၊ ပထမ အိမ်ထောင်က သားသမီးတွေကို ဖခင်မကွယ်လွန်မီက အမွေခွဲပေး ပြီးကြောင်း အထောက်အထားခိုင် လုံရင်တော့ အရောင်းအဝယ်ဆက် လုပ်လို့ပဲ ဆရာအကြုံပြုချင်ပါ တယ်”

“ဒါနဲ့ ဆရာ ဗဟုသုတအနေ နဲ့ မေးပါရစေ ဆရာ၊ တကယ်လို့ များ ပထမ အိမ်ထောင်က သား သမီးတွေက မိဘတစ်ဦး ကွယ်လွန် စဉ်မှာ အမွေမတောင်းခဲ့ဘူးဆိုရင် ကျန်ရစ်တဲ့ မိဘကွယ်လွန်တဲ့အခါ မိထွေးပထွေးထံက အမွေတောင်းခံ ခွင့်ရှိပါသလား ဆရာ”

“အေး-ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ် အထူးအယူခံ တရား ရုံးက ဆုံးဖြတ်ထားတဲ့ ဦးမြတ်စိုးပါ လေးဦးနှင့် ဒေါ်တင်ကြည် ၂ဝဝ၅ ခုနှစ် (တရားမအထူးအယူခံ) မြန် မာနိုင်ငံ တရားစီရင်ထုံး စာမျက် နှာ ၄၂ အမှုတွင် အယူခံ တရားလို ဦးမြတ်စိုးပါ လေးဦးသည် မိခင် ရင်း ဒေါ်ကြည်လှ ကွယ်လွန်စဉ် အမွေတောင်းခံခဲ့ခြင်းမရှိသဖြင့် ၎င်းတို့၏ ဖခင်ဦးချစ်ထွေး ကွယ် လွန်သောအခါ မိခင်ထံမှ ရရှိသည့် ဝေစုအပြင် ကွယ်လွန်သူ ဖခင်၏ ဝေစုကိုလည်း မိထွေးထံမှ ရရှိခွင့် ရှိသည်လို့ ဆုံးဖြတ်ခဲ့တယ်”

“ဒါဆိုရင် မိဘတစ်ဦးဦး ကွယ်လွန်စဉ်က အမွေမတောင်းခဲ့ ဘူးဆိုရင် ပထမအိမ်ထောင်က သားသမီးတွေဟာ ကျန်မိဘ ကွယ် လွန်ရင် ပထမ ကွယ်လွန်သွားတဲ့ မိဘရဲ့ ဝေစုအပြင် ကျန်မိဘမကွယ်လွန်မီ လက်ထက်ပွား ပစ္စည်း များကိုလည်း မိထွေး ပထွေး ထံက အချိုးကျ အမွေရခွင့်ရှိတဲ့ သဘော လားဆရာ၊ နှစ်ထပ်ကွမ်းရတဲ့ သဘောဆိုရင် ဟုတ်ပါသလား ဆရာ”

“အဲဒီလို ကိစ္စတွေမှာတော့ ဖြေရှင်းရတာ ခက်တဲ့အတွက် အမှု တွေဖြစ်ကြပြီးမှ ပြီးပြတ်တတ်တာ မို့ ဝယ်ဖို့သိပ်မတိုက်တွန်းချင်ဘူး” လို့သာ အကြံပေးလိုက်မိပါသည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်