တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာ တိုက်ခန်းများ

ပြီးခဲ့သည့် ရက်သတ်တပတ်ကဖြစ်သည်။ မိတ်ဆွေတစ်ဦးက အိမ်ရာတစ်ခုမှ တိုက်ခန်းတစ်ခန်းဝယ်မှာဖြစ်၍ စာရွက်စာတမ်းများကို လိုက်ကြည့်ပေးရန် ဖုန်းဖြင့် ပြောလာပါသည်။

“စရန်ငွေ ပေးဖို့လားသူငယ်ချင်း”

“အဆင်ပြေရင်တော့ တစ်ခါတည်းငွေအကြေချေမှာ သူငယ်ချင်း။ အလွဲအမှားဖြစ်မှာစိုးလို့ စာရွက်စာတမ်း မှန် မမှန်လိုက်ကြည့်ပေးဖို့ပါ”

ဒီလိုအခြေအနေမျိုးက ဆောင်ရွက်ပေးရသည်မှာ အခက်အခဲရှိလှသည်။ ဝယ်သူက တိုက်ခန်းကို အလွန်ကြိုက် နှစ်သက်နေတတ်သည်။ လက်မလွှတ်ချင်ပေ။ အိမ်ခြံမြေ အကျိုးဆောင်အဖွဲ့နှင့် ချိတ်ဆက် လုပ်ကိုင်သည် ဆိုပါက အရောင်းအ ဝယ်စာချုပ်က အဆင်သင့်ရှိနေကြသည်။ နောက်ဆုံးအဆင့်ငွေချေသည့်နေ့မှ စာရွက်စာ တမ်းလိုက်ကြည့်ပေးပါဟု အကူအညီတောင်းတတ်ကြသည်။ အမှန်ကတော့ ဝယ်ဖို့ ဆုံးဖြတ်ပြီးဖြစ်သည်။ ဤတွင် မိမိ၏ ပြောစကားတစ်ခုကြောင့် အရောင်းအဝယ် ပျက်သွားတာမျိုးဖြစ်သွားတတ်သဖြင့် အထူးဂရုစိုက် ရသည့် အခြေအနေဖြစ်သည်။

အဓိက ကြီးကြီးမားမားကိစ်္စ မဟုတ်လျှင် လျစ်လျူရှုလိုက်ရသည်။ အသေးအဖွဲ့ ချို့ယွင်းချက်ရှိလျှင်လည်း မည်သို့ဆောင်ရွက်ကြမည်ကို ဆွေးနွေးအကြံပြုခြင်းဖြင့် ပြေလည်အောင်ဆောင်ရွက်ပေးရသည်။ အဓိက အချက်ကတော့ အရောင်းအဝယ်ပွဲ မပျက်ဖို့ ဖြစ်သည်။ အချို့ကတော့ စရန်ငွေပေးပြီး အပြီးသတ်ငွေချေ ရက်မှာ လိုက်ပါကူညီပေးဖို့ တောင်း ဆိုတတ်ကြသည်။ ဤသည်မှာလည်း ခက်ခဲလှသည်။ စရန်ငွေပေးပြီးမှ အရောင်းအဝယ်ပျက်လျှင် မိမိ၏ ပယောဂပါမည်စိုး၍ သတိကြီးစွာ ဆောင်ရွက်ရပါသည်။

အခုတော့ တွေ့ပြီ။ ကျောင်းနေ ဖက်သူငယ်ချင်းဖြစ်နေ၍ လိုက်ကြည့်ပေးပါမည်လို့သာ သဘောတူလိုက် ရသည်။ စိတ်ထဲမှာ ဘဝင်မကျပေ။ အထူးသဖြင့် သူဆက်ပြောလိုက်သည့် စကားကြောင့် ပို၍ စိတ်ကျဉ်းကျပ် သွားသည်။

“ကိုယ့်သမီးက အကျိုးဆောင် အဖွဲ့နဲ့ ဆက်သွယ်ထားတာ၊ အဲဒီကို သွားကြည့်ရမှာ သူငယ်ချင်း”

“ကောင်းပါပြီလေ။ စာချုပ်စာတမ်းကအစ ဆောင်ရွက်ပြီးသားဖြစ်မှာဆိုတော့ အဆင်ပြေဆုံးဖြစ်အောင် လုပ်ပေး ပါမယ်လို့” ပြောလိုက်ပါသည်။

နောက်ရက်မနက်ပိုင်း ၁၀ နာရီ ခန့်မှာ သူငယ်ချင်းဖြစ်သူသည် သူပိုင်ကားလေးဖြင့် စာရေးသူ၏ နေအိမ်သို့ ရောက်လာပါသည်။ သူ၏ သမီးဆိုသူ မိန်းကလေးလည်း လိုက်ပါလာသည်။ ပြီးတော့ လက်ဆွဲအိတ်ကြီး တစ်ခုကို တွေ့ရသည်။

“ဒီနေ့ ငွေအပြီးချေဖို့ အစီအစဉ် လုပ်ထားတာပေါ့”

“ဟုတ်တယ် သူငယ်ချင်း၊ ငွေကို တစ်ခါတည်း ယူလာလိုက်တယ်”

ဆလွန်းကားလေးသည် ဘေလီတံတားရှိရာဘက်သို့ ကွေ့လိုက်သဖြင့် –

“မြောက်ဒဂုံဘက်ကို သွားမှာလား”

“အေး ဟုတ်တယ် xxx အိမ်ရာမှာ ဝယ်မှာသူငယ်ချင်း”

“အိမ် ခြံ မြေအကျိုးဆောင်က ဘယ်မှာရှိတာလဲ”

“အဲဒီ အိမ်ရာဝိုင်းထဲမှာပဲ၊ အခု ဝယ်မယ်ဆိုတဲ့ တိုက်ခန်းနဲ့ မျက်နှာချင်းဆိုင်ဆိုပါတော့၊ နီးပါတယ်”

“အိမ်ရာဆိုတော့ ပုဂ္ဂလိကမြေ ပိုင်ရှင်မဟုတ်တဲ့အတွက် မြေရှင်ကို အသိပေးတာမျိုး၊ အမည်ပြောင်းခပေး ရတာမျိုး၊ မြေရှင်အသိအမှတ်ပြုလက်မှတ်ထိုးရတာမျိုး မရှိဘူးပေါ့။ မိမိက ထပ်မံလွှဲပြောင်းရင်လည်း စိတ်ရှုပ် စရာနည်းတာပေါ့ သူငယ်ချင်း။ နိုင်ငံတော်ပိုင်မြေပေါ်မှာ ဆောက်တဲ့ အိမ်ရာတွေကို ဝယ်တာကောင်းပါတယ်”

စာရေးသူ စကားပြောနေစဉ်မှာပင် အိမ်ရာဂိတ်ပေါက်ဝသို့ ရောက်လာပါသည်။ ဂိတ်ပေါက်တွင် လုံခြုံရေးနှစ်ဦး ရှိသည်။ Taxi ကားများဝင်လျှင် ယာဉ်မောင်းမှတ်ပုံတင်ကတ်နှင့် ဝင်ခွင့်ကတ်လဲလှယ်ပေးပြီးမှ ဝိုင်းထဲသို့ ဝင်ခွင့် ပြုသည်ကို တွေ့ရသည်။ ကိုယ်ပိုင်ကားတွေကိုတော့ ကားနံပါတ် မှတ်တမ်းတင်ထားသည်ဟု ထင်သည်။ မည်သို့ပင်ဖြစ်စေလုံခြုံရေးရှိ သဖြင့် စိတ်ချရသည်။

အိမ် ခြံ မြေ အကျိုးဆောင်ရုံးခန်းသို့ ရောက်သည့်အခါ တိုက်ခန်းပိုင်ရှင်ရောက်လာပါတော့မည်ဟု ရုံးခန်းရှိ တာဝန်ခံက ပြောပါသည်။ တိုက်ခန်းအခြေအနေမှာ ပေ ၃၀ ပတ်လည်နီးပါးရှိကြောင်း၊ လေအေး စက်၊ ရေခဲ သေတ္တာ၊ အဝတ်လျှော် စက်များ ထားခဲ့မည်ဖြစ်ကြောင်း သိရသည်။

မကြာမီ တိုက်ခန်းပိုင်ရှင်များ ရောက်လာသည်။

အိမ်ရာဝိုင်းထဲသို့ ကားဝင်လိုက် စဉ်ကပင် နိုင်ငံတော်က ဆောက်လုပ်ထားသော တန်ဖိုးသင့် (တန်ဖိုးမျှတ အိမ်ရာ) တစ်ခုဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် ပိုင်ရှင်ထံမှ စာရွက်စာတမ်း မူရင်းများကို တောင်းခံ ကြည့်မိသည်။

ယခုလွှဲပြောင်း ရောင်းချသူမှာ မူလပိုင်ရှင်မဟုတ်ပေ။ မူလပိုင်ရှင်ထံမှ လွှဲပြောင်းဝယ်ယူထားသူဖြစ်သည်။ တစ်နည်းအားဖြင့် တိုက်ခန်း၏ ဒုတိယပိုင်ရှင် (Second Owner) ဖြစ်သည်။ မူလတိုက်ခန်းပိုင်ရှင်နှင့် ချုပ် ဆိုထားသော တိုက်ခန်းအရောင်းအဝယ် စာချုပ်မူရင်းကို ပြသည်။ တိုက် ခန်းအမည် မပြောင်းရသေးပေ။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စည်ပင်ပိုင် မြေပေါ်တွင် တည်ဆောက်ထားသော တန်ဖိုး သင့်အိမ်ရာတစ်ခုဖြစ်သဖြင့် မူလပိုင်ရှင်မှာ အရစ်ကျငွေသွင်း၍ ဝယ်ယူရရှိထားသော တိုက်ခန်းဖြစ်ပါသည်။

မူလပိုင်ရှင်ပေးသွင်းထားသော ငွေသွင်းချလန်မူရင်းများ၊ နောက်ဆုံး အရစ်ပေးသွင်းထားသည့် မြေခွန်ပြေ စာ မူရင်းများ၊ မီတာပြေစာမူရင်းများနှင့် မူလပိုင်ရှင်အမည်နှင့် ထုတ်ပေးထားသော နေထိုင်ခွင့်လက်မှတ် စာအုပ် (Owner Book ) မူရင်း၊ ယင်းနေထိုင် ခွင့်စာအုပ်တွင် မူလပိုင်ရှင်၏ ဓာတ်ပုံကပ်ထားသည်ကို တွေ့ရသည်။

တိုက်ခန်းရောင်းချခြင်းနှင့် ပတ်သက်၍ အဆိုပါ နေထိုင်ခွင့်စာအုပ်တွင် တိုက်ခန်းရောင်းချမည်ဆိုပါက ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ (အင်ဂျင်နီယာဌာန) သို့ အကြောင်းကြားပြီး ပူးတွဲပါ အရောင်း အဝယ် စာချုပ်တွင် ဖြည့်စွက်ကာ အရောင်းအဝယ်ပြုလုပ်ရမည်ဟုပါရှိသည်ကို တွေ့ရသည်။ ထိုစာချုပ် ပုံစံနှင့်အတူ အမည်ပြောင်းပေးသည့် ပုံ၏ စာရွက်တစ်ရွက်ကို တွေ့ရှိရပါ သည်။

ထို့ကြောင့် ယခု တိုက်ခန်းအရောင်းအဝယ်နှင့် ပတ်သက်၍ တိုက်ခန်းအမည်ပေါက် ထွက်ရှိရန်နှင့် တရားဝင် အတည်ဖြစ်ရန် ညွှန်ကြားထားသည့်အတိုင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (အင်ဂျင်နီယာ) ဌာနသို့ အကြောင်းကြား ဆောင်ရွက်ရန် လိုအပ်ကြောင်း စာရေးသူက ရှင်းပြမိသည်။

ထိုအခါမှ အိမ်ခြံမြေအကျိုးဆောင်၏ မန်နေဂျာဖြစ်သူနှင့် တိုက်ခန်းပိုင်ရှင်တို့က အိမ်ရာပြီးစီးသည်မှာ သုံးနှစ်ခန့် သာရှိသေးကြောင်း၊ ငါးနှစ်ပြည့်မှ အမည်ပြောင်းပေးမည်ဖြစ်သဖြင့် အမည်ပြောင်း၍မရသေးကြောင်း၊ ငါးနှစ် ပြည့်မှ အစဉ်အဆက် အရောင်းအဝယ်ကတိစာချုပ်မူရင်းများပြသ၍ အမည်ပြောင်းလျှောက်ထားရမည်ဟု ပြောပါသည်။

သို့သော် နေထိုင်ခွင့် စာအုပ်တွင် ငါးနှစ်ပြည့်မှ တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ခွင့်ရှိသည်ဆိုသည့် စာသားပါ ရှိနေမလားဟု စည်းကမ်းချက်များကို အကြိမ်ကြိမ်ဖတ်သော်လည်း ရှာမတွေ့ပါ။ အမည် ပြောင်းသည့်အခါ သက်ဆိုင်ရာမှ သတင်းစာထဲ ကြေညာပြီး ကန့်ကွက် သူမရှိက တိုက်ခန်း အမည်ပြောင်းပေးသည့် အစဉ်အ လာရှိပါသည်။ မည်သို့ပင်ဖြစ်စေ တန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာများကို “ဒီလိုလည်း ရောင်းဝယ်နေ ကြပါလား”ဟု ဗဟုသုတအဖြစ် သိလိုက်ရသည်။

ထို့နောက် ဝယ်သူရောင်းသူ အကျိုးဆောင်အားလုံးပြုံးရွှင်သွားစေသည့် “စာရွက်စာတမ်းမူရင်းများ ပြည့်စုံတဲ့ အတွက် အရောင်းအဝယ် ပြုလုပ်လို့ရပါပြီ”ဟု အကြံပြုလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Credit to: ‌‌ဈေးကွက်ဂျာနယ်