ပေးကမ်းခြင်း စာချုပ်ဖြင့် အမွေခွဲဝေပေးထားသည့် အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“မိဘက ပေးကမ်းထားတဲ့ မြေနဲ့ အိမ်ကိုသားသမီးက ရောင်းပိုင်ခွင့် ရှိပါသလား ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်တိုင်ပင် ဆွေးနွေးပါသည်။

“ပေးကမ်းခြင်းဆိုတာက မိမိပိုင်ပစ္စည်းကို မေတ္တာနဲ့အဖိုးစားနားမရှိဘဲ ပေးကမ်းတာမျိုးဖြစ်တယ်။ ဒါပေမယ့် စာချုပ်စာတမ်းရုံးမှာ ပေးကမ်းခြင်း စာချုပ်ကို မှတ်ပုံတင်ပြုလုပ် ချုပ်ဆိုရပါတယ်။ အဲဒါမှ ပေးကမ်းစာချုပ်ဟာ တရားဝင်မှာ ဖြစ်တယ်”

“အချို့ကပြောတော့ မိဘများအနေနဲ့ သားသမီးတစ်ဦးတည်းကို မိမိပိုင်ပစ္စည်းအားလုံးကို ပေးပိုင်ခွင့် မရှိဆိုတာ ဟုတ်ပါသလား”

“ဟုတ်ပါတယ်။ မိဘများက သားသမီးကို မိမိပိုင်ပစ္စည်းများအနက် ခွဲခြားပြီး ပေးပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် အမွေစားအမွေခံများ၏ အခွင့်အရေးဆုံးရှုံးလောက်သည့်ရှိသမျှ ပစ္စည်းအားလုံးကို သားသမီးတစ်ဦးတည်း ပေးကမ်းပါက ပျက်ပြယ်တယ်လို့ မြန်မာ့ဓလေ့တုံးတမ်းဥပဒေအရ သတ်မှတ်ထားပါတယ်”

“မြေနဲ့အိမ်ဝယ်ဖို့ ကျွန်တော် သွားကြည့်တယ် ဆရာ။ ပိုင်ရှင်က မိဘထံမှ အပေးစာချုပ်နဲ့ ရယူထားတဲ့ ပစ်္စည်းဖြစ်နေတယ်။ ဒါကြောင့် ဝယ်ရင် အဆင်ပြေပါ့မလားဆိုပြီး စိုးရိမ်တာနဲ့ ဆရာ့ဆီလာရောက်ဆွေးနွေး တာပါ”

“မြေကွက်က မိဘတွေအမည် ပေါက်ပဲလား၊ အမည်ပြောင်းထားလား”

“မြေဂရန်အမည်ပေါက်တော့ မပြောင်းရသေးဘူး ဆရာ။ ဒါပေမယ့် အပေးစာချုပ်ကတော့ မှတ်ပုံတင်စာ ချုပ်စာတမ်းနဲ့ ပြုလုပ်ထားတာ ဆရာ”

“အမေကြီးကရှိသေးတယ်လို့ ပြောတယ်။ အခုရောင်းမယ်ဆိုတော့ ပေးကမ်းထားတဲ့ အမေက ကန့်ကွက်ခွင့် ရှိပါသလား”

“ပေးကမ်းခြင်းစာချုပ်ထဲမှာ ပေးကမ်းသူ၏ သဘောတူညီချက်မရဘဲ အသက်ထင်ရှားရှိနေစဉ် ပေးကမ်း ထားသည့် ပ္စည်းကို လွှဲပြောင်းရောင်းချခြင်း မပြုရ။ ပြုလုပ်ပါက ပေးကမ်းခြင်း ပျက်ပြယ်တယ်လို့ အတိ အကျဖော်ပြသဘောတူချုပ်ဆိုထားရင်တော့ ပေးကမ်းသူ မိခင်မကွယ်လွန်မီမှာ ရောင်းချခွင့်ရှိမှာ မဟုတ်ပါ ဘူး”

“မိခင်ကြီးက မကန့်ကွက်ပေမယ့် ကျန်တဲ့ မောင်နှမတွေက ကန့်ကွက်ရင် ဖြစ်နိုင်ပါသလား”

“ပေးကမ်းခြင်း မှတ်ပုံတင် စာချုပ်မှာ အစောက ပြောသလို ပေးကမ်းသူနဲ့ လက်ခံသူနှစ်ဦးလုံးက စည်းကမ်း သတ်မှတ်ပေးကမ်းခဲ့ရင်တော့ အဲဒီစည်းကမ်းကို လက်ခံသူက ဖောက်ဖျက်ရင် ပေးကမ်းသူက ပေးကမ်းထား ခြင်းကို ရုပ်သိမ်းခွင့်ရှိပါတယ်။ ဒါပေမယ့် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးတင်ဝင်းနှင့် ဦးတင်ညွန့်ပါ (၃)၊ ၁၉၉၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၁၉၁ အမှုမှာ မြန်မာဗုဒ္ဓဘာသာဝင် မိဘများသည် သားသမီးတစ်ဦးအား အပေးစာချုပ်ဖြင့် ပေးကမ်းရာ၌ ကျန်သားသမီးများက မိဘသက်ရှိထင်ရှားရှိစဉ် ပေးကမ်း ခြင်းကို မကန့်ကွက် နိုင်ပေ။ ပျက်ပြယ်ကြောင်း တရားစွဲခွင့် မရှိလို့ ဆုံးဖြတ်ထားပါတယ်”

“ဒါဆိုရင် အခုကိစ္စမှာ ကျန်မောင်နှမတွေက ကန့်ကွက်ခွင့်မရှိဘူးပေါ့နော်”

“ဥပဒေအရတော့ မိခင်ကြီး သက်ရှိထင်ရှားရှိနေသရွေ့ ကန့်ကွက်ပိုင်ခွင့်မရှိပါဘူး”

“ဒါပေမယ့် ဆရာပြောသလို မိခင်ကြီးနဲ့ ချုပ်ဆိုထားတဲ့ အပေးစာချုပ်မှာ ရောင်းပိုင်ခွင့်မရှိလို့ ဖော်ပြထားရင် တော့ ရောင်းခွင့်မရှိနိုင်ဘူးပေါ့”

“မှန်ပါတယ်။ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်မှာ အတိအလင်း ကန့်ကွက်တားမြစ်ချက်မပါရင်တော့ လွှဲပြောင်း ရောင်းချခွင့်ရှိမှာ ဖြစ်တယ်”

“အကယ်၍ ကျွန်တော်က စရန်ငွေပေးချေပြီးမှ မိခင်ကြီးကွယ်လွန်ခဲ့ရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”

“တချို့ ကိစ္စရပ်တွေမှာ ပေးကမ်းခြင်း စာချုပ်နဲ့ အမွေခွဲဝေပေးထားတဲ့ သဘောပါဝင်ချုပ်ဆိုတာတွေလည်း ရှိကြတယ်”

“ဟုတ်ကဲ့ဆရာ၊ အခုရောင်းမယ်ဆိုတဲ့ သူကလည်း ပြောပါတယ် ဆရာ။ အပေးစာချုပ်ဆိုပေမယ့် အမွေခွဲပေး ထားတာလို့လည်း ပြောပါတယ်”

“ဒါဆိုရင် ပေးကမ်းခြင်းမှတ်ပုံတင် စာချုပ်ထဲမှာ အမွေပစ္စည်းအဖြစ် အပြီးအပြတ်ခွဲဝေပေးခြင်းဖြစ်တယ်လို့ လည်းပါရှိနိုင်ပါတယ်။ ဒါကြောင့် ပေးကမ်းခြင်း စာချုပ်ကို သေချာလေ့လာဖတ်ရှုဖို့တော့ လိုလိမ့်မယ်”

အဲဒီလို အတိအလင်း အမွေခွဲဝေတဲ့ သဘောဖော်ပြထားရင်တော့ ကျန်မောင်နှမတွေကလည်း ကန့်ကွက်ဖို့ မဖြစ်နိုင်တော့ဘူးပေါ့။

“မှန်ပါတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးတင်ထွန်းနှင့် ဒေါ်ဝိုင်းကြည်ပါ (၇)၊ ၁၉၉၂ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၆၉ အမှုမှာ အမွေဆိုင်တစ်ဦးက အမွေဝေစုကိုအပြီးအပြတ်ရရှိပြီးကြောင်း ဝန်ခံ လျှင် ၎င်းအားထပ်မံ အမွေခွဲဝေပေးရန်အကြောင်း မရှိပေ။ ကျန်အမွေပ္စည်းများကို စွန့်လွှတ်ရာ ရောက် သည်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် အခုကိစ္စမှာလည်း အမွေပစ်္စည်းအဖြစ်အပြီးအပိုင်ခွဲဝေ ပေးကမ်းခြင်း ဖြစ်ကြောင်း ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်တွင်ပါရှိလျှင် မိဘများကွယ်လွန်သွားရင်လည်း ကျန်အမွေပစ္စည်း များအပေါ် စွန့်လွှတ်ရာရောက်မှာဖြစ်ပါတယ်”

“ဒါဆိုရင်တော့ ရဲရဲဝံ့ဝံ့ဝယ်နိုင်တာပေါ့နော်”

“ဟုတ်ပါတယ်။ ဒါကြောင့်မို့ အဲဒီအချက်ကိုတော့ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်မှာ ပါရှိခြင်းရှိ မရှိ သေချာ ဖတ်ရှုဖို့ လိုပါတယ်”

“မြေကွက်အမည်မပြောင်းရ သေးတော့ အရောင်းအဝယ်မှတ်ပုံ တင်စာချုပ် ချုပ်ဆိုလို့အဆင်ပြေပါ့ မလား။ မိခင်ကြီးနဲ့ ချုပ်ဆိုရမှာလား”

“ရောင်းမယ့် မြေနဲ့အိမ်မှာ ဘယ်သူနေသလဲ။ မိခင်ကြီးနဲ့ အခြား မိသားစုက အတူနေကြတာလား”

“ရောင်းမယ်ဆိုတဲ့ သူရဲ့ မိသားစု တစ်စုပဲ နေပါတယ်။ မိခင်ကြီးက သမီးကြီးနဲ့ အခြားနေရာမှာနေတယ်”

“ဒါဆိုရင်တော့ ရှင်းပါတယ်။ ပေးကမ်းခြင်း လက်ခံသူကိုယ်တိုင်က ပစ္စည်းပေါ်မှာ လက်ရောက်ရယူနေ ထိုင်တာ ဖြစ်လို့ အဆင်ပြေပါတယ်”

“ရောင်းမယ်ဆိုတဲ့ သားဖြစ်သူနဲ့ ကျွန်တော်တိုက်ရိုက်အရောင်းအဝယ် စာချုပ်မှတ်ပုံတင်ချုပ်ဆိုနိုင်ပြီပေါ့”

“ဒါပေမယ့် အဆင့်ဆင့်တော့ ဆောင်ရွက်ရမှာ ရှိတယ်”

“အချို့ကပြောတော့ သားဖြစ်သူ အမည်ကို ဂရန်အမည်ပေါက်ပြောင်းပြီးမှ အရောင်းအဝယ် စာချုပ် ချုပ်ဆိုရင် ပိုပြီး အဆင်ပြေတယ်လို့ဆိုတယ် ဟုတ်ပါသလား ဆရာ”

“ဂရန်အမည်ပြောင်းပြီးမှ အရောင်းအဝယ်မှတ်ပုံတင်စာချုပ် ချုပ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ ဒါပေမယ့် ပေးကမ်းခြင်း စာချုပ်က မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုထားတဲ့ ပေးကမ်းခြင်းစာချုပ်မို့ ပေးကမ်းခြင်း တရားဝင်ပါ တယ်။ ပေးကမ်းခြင်းကို လက်ခံသူကိုယ်တိုင်ပေးကမ်းတဲ့ မြေနဲ့ အိမ်ပေါ်မှာ လက်ရောက်ရယူ နေထိုင်တာဖြစ် လို့ ဥပဒေနဲ့အညီ ပိုင်ဆိုင်သူလည်းဖြစ်တယ်။ ဒါကြောင့် ပေးကမ်းခြင်းစာချုပ်ပေါ် အခြေတည်ပြီး လွှဲပြောင်း ရောင်းချပိုင်ခွင့်ရှိသူဖြစ်လာပါတယ်”

“ဒါဆိုရင် ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်ပေါ်မူတည်ပြီး ရောင်းသူနဲ့ တိုက်ရိုက်အရောင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုနိုင်ပြီပေါ့”

“မြေပုံမြေရာဇဝင် ကူးယူပြီး အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ကို ချုပ်ဆိုနိုင်ပါတယ်”ဟု ရှင်းပြဆွေးနွေး လိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Credit to: ‌ဈေးကွက်ဂျာနယ်