မြေငှားစာချုပ် (ဂရမ်) မိတ္တူမှန်ဖြင့် အရောင်းအဝယ်ပြုမည်ဆိုလျှင်
ရုံးခန်းသို့ စာရေးသူရောက်သည့်အခါ မိတ်ဆွေဦးလှမြင့် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
“မနေ့က စာရွက်စာတမ်းစစ် ဆေးကြည့်ခဲ့တာအဆင်ပြေခဲ့လား” စာရေးသူကပင် မေးခွန်းထုတ်လိုက် မိပါသည်။
အမှန်မှာ ဦးလှမြင့်က မြေကွက်တစ်ကွက်ဝယ်ချင်လို့ စာရွက်စာတမ်းလိုက်စစ်ဆေးပေးပါဟု စာရေးသူအား အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။ စာရေးသူမှာလည်း ရုံးချိန်းများ တိုက်ဆိုင်နေသဖြင့် တပည့်ဖြစ်သူ လက်ထောက်ရှေ့နေလေးကို ထည့်ပေးလိုက်သည်။
“စာရွက်စာတမ်းအရတော့ ဂရန်မူရင်းမရှိဘဲ ဂရန်မိတ္တူဖြစ်နေတယ်ဆရာ”ဟု တပည့်ရှေ့နေလေးကို ဝင်ဖြေပါသည်။
“ဓာတ်ပုံ မိတ္တူလေးမရခဲ့ဘူးလား”
“မိတ္တူတော့ မရခဲ့ဘူးဆရာ။ သူ့ဆီမှာ အပိုမရှိတာရယ်၊ မိတ္တူဆိုင်က ဝေးနေလို့ဆရာ၊ ဒါပေမယ့် မြေကွက်နံပါတ် အမည်ပေါက် ထုတ်ပေးသည့်ရက်စတဲ့ အချက်တွေကို ကျွန် တော်မှတ်ယူခဲ့ပါတယ်”
“ဂရန်မိတ္တူမှန်လို့ ဖော်ပြထားပါတယ်။ အဲဒီဂရန်မိတ္တူမှန်နဲ့ အ ရောင်းအဝယ်လုပ်လို့ရပါသလား ဆရာ” ဦးလှမြင့်က မေးပါသည်။
“သက်ဆိုင်ရာ မြို့ပြမြေစီမံဌာနက တရားဝင်ထုတ်ပေးတဲ့ မိတ္တူမှန်ဆိုရင်တော့ အသုံးပြုလို့ ရပါတယ်”
“တရားဝင် မိတ္တူမှန်ထုတ်ပေး တယ်ဆိုတာက ဘယ်လိုကိစ္စမျိုးလဲဆရာ”
“မြေငှားဂရန်မူရင်းပျောက်ဆုံးသွားရင်၊ ပျက်စီးသွားရင်၊ သက်ဆိုင်ရာကို ဥပဒေနဲ့အညီ မိတ္တူမှန်ထုတ် ပေးဖို့ လျောက်ထားရာက ထုတ်ပေးတဲ့ ဂရန်မိတ္တူတွေဖြစ်တယ်”
“မူရင်း ဂရန်ကောက်တွေ့တဲ့သူက မသမာနည်းနဲ့ ဆောင်ရွက်လို့ ရနိုင်ပါသလား”
“သက်ဆိုင်ရာ မြေယာဌာနတွေကတော့ မသမာနည်းတွေမရှိအောင် တတ်နိုင်သမျှ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ ဆောင်ရွက်ပေးနေပါတယ်။ ဂရန်စာချုပ်ပျောက်သွားရင် ဂရန်အမည်ပေါက်သူကိုယ်တိုင်က ဂရန်မိတ္တူမှန်ထုတ်ပေးဖို့ လျောက်ထားရမှာဖြစ်ပါတယ်။ ပျောက်ဆုံးကြောင်း သက်ဆိုင်ရာ ရဲစခန်းထောက်ခံချက် လိုအပ်ရင် ထောက်ခံ ချက်ရယူတင်ပြရမှာဖြစ်ပါတယ်”
“ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာ လျှောက်ရမှာ ပေါ့နော်”
“ဟုတ်ပါတယ်၊ ရန်ကုန်မြို့မှာဆိုရင် မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနကို အမည်ပေါက် ကိုယ်တိုင် သက်ဆိုင်ရာ ထောက်ခံချက်များနဲ့ အတူ လျှောက်ထားရမှာဖြစ်တယ်”
“မြေငှားစာချုပ် ဂရန်မူရင်းကိစ္စကို ဘယ်လိုဆောင်ရွက်ပေးပါသလဲ”
“ပထမအဆင့်အနေနဲ့ကတော့ ဂရန်မူရင်းပျောက်ဆုံး၍ ဂရန်မိတ္တူမှန်ထုတ်ပေးရန် လျောက်ထားမှုအပေါ် ကန့်ကွက်နိုင်ကြောင်း ကြေညာချက်ဆိုပြီး နေ့စဉ်ထုတ်နိုင်ငံပိုင်သတင်းစာမှာ သက်ဆိုင်ရာ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက ထည့်သွင်းကြော်ငြာပါတယ်”
“သတ်မှတ်ရက်အတွင်း ကန့်ကွက်သူမရှိရင်တော့ သက်ဆိုင်ရာက ဂရန်မိတ္တူမှန် ထုတ်ပေးလိုက်မှာပေါ့နော်’
“မှန်ပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့ ညီညွတ်ကြောင်းတွေ့ရင် ဂရန်မိတ္တူမှန် ထုတ်ပေးသွားမှာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဦးလှမြင့် စိုးရိမ်သလို ဂရန်မူရင်းတွေ့တဲ့ သူက မသမာ မှု မပြုလုပ်နိုင်အောင် အသိပေးကြေညာချက်ထုတ်ပြန်ပေးပါတယ်”
“ဘယ်လိုများ ထုတ်ပြန်ပေးပါသလဲ ဆရာ”
“တိုတိုပြောရရင်တော့ အမည်ပေါက်ကိုယ်တိုင်က ဂရန်မူရင်း ပျောက်ဆုံးကြောင်း မြေငှားဂရန် စာချုပ်မိတ္တူမှန် လျှောက်ထားရာမှာ ကန့်ကွက်သူမရှိသဖြင့် လုပ်ထုံးလုပ်နည်းနဲ့အညီ ထုတ်ပေးမည်ဖြစ်၍ မူလမြေငှားဂရန်မူရင်းကို မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ပယ် ဖျက်ပြီးပါကြောင်း ကြေညာစာဆိုပြီး နေ့စဉ်ထုတ်နိုင်ငံပိုင်သတင်းစာများမှာ ထည့်သွင်းကြော်ငြာ ပေးပါတယ်”
“ဒါဆိုရင်တော့ စိတ်နည်းနည်း အေးရတာပေါ့ဆရာ။ အချို့က ဂရန်မူရင်းတွေ နှစ်ခုသုံးခု ကိုင်ထားပြီး ဘဏ်တွေမှာ ပေါင်နှံကာ ငွေလိမ်ထုတ်သွားတဲ့ သတင်းတွေ ဖတ်နေလို့ပါဆရာ”
“အကောင်းဆုံးကတော့ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဌာနမှာ မူရင်းဂရန် ဖျက်သိမ်းခြင်းရှိမရှိ၊ အမှန်တကယ် ဂရန်မိတ္တူမှန် ထုတ်ပေးထားခြင်းရှိမရှိကို သွားရောက်စုံစမ်းဖို့လိုပါတယ်။ လိုအပ်ရင် ကျွန်တော့် တပည့်နဲ့အတူ သွား လိုက်ပါ။ သူရေးကူးထားတဲ့ မြေကွက်နံပါတ်၊ အမည်ပေါက် အပါအဝင် အချက်အလက်တွေပြပြီး စုံစမ်းစေ ချင်တယ်”
“အမှန်တကယ် ထုတ်ပေးထားတဲ့ ဂရန်မိတ္တူမှန်ဆိုရင်တော့ အရောင်းအဝယ်လုပ်လို့ ရပြီပေါ့နော်”
“မှန်ပါတယ်”
“တစ်ခုရှိတာက အခုရောင်းမယ်ဆိုတဲ့ သူက ဂရန်အမည်ပေါက် မဟုတ်ဘူးဆရာ။ ကိုယ်စားလှယ် လွှဲထားတယ်လို့ ပြောတယ်။ အလွှဲခံထားရတဲ့ သူကလည်း ကွယ်လွန်သွား ပြီဆရာ၊ အခုရောင်းမှာက ဝယ်ထားတဲ့ သူရဲ့ သားသမီးက ရောင်းမှာဆရာ” ဟု တပည့်ဖြစ်သူက ရှင်းပြပါသည်။
“ဒါဆိုရင်တော့ အခက်အခဲရှိသွားပြီ။ မူလအမည်ပေါက်ထံက ဦးလှမြင့်ကို ကိုယ်စားလှယ်လွှဲစာလွှဲ ပေးနိုင်အောင် ဆောင်ရွက်ပေးနိုင်မလားဆိုတာ ရောင်းသူနဲ့ညှိနှိုင်းဖို့ လိုပါတယ်။ ရောင်းသူက ဆောင်ရွက်ပေးနိုင်တယ်ဆိုရင်တော့ အဆင်ပြေသွားမှာပေါ့”
“တကယ်လို့ ကိုယ်စားလှယ်စာ လွှဲမပေးဘူးဆိုရင် ဘယ်လိုဆောင်ရွက်ရမလဲ ဆရာ”
“တစ်ခုရှိတာက ဒီမြေနဲ့အိမ်ကို ဖခင်က ဝယ်ထားတာဆိုတော့ သားသမီးတွေက အမွေဆိုင်ဖြစ်နေတယ်။ ဒီတော့ သားသမီးအားလုံးက သဘောတူမှ ရောင်းလို့ဖြစ်မယ့် သဘောရှိ နေတော့ ဒီအချက်ကိုလည်း ညှိနှိုင်းဖို့လိုပါတယ်။ ဒါမှ စာချုပ်စာတမ်း ရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်နိုင်မှာ ဖြစ်တယ်။ ဖခင်မကွယ်လွန်မီက ရောင်းထားတဲ့ မြေကွက်ဆိုရင်တော့ သားသမီးတွေက ကန့်ကွက်ရန်မရှိဘဲ အရောင်းအဝယ်စာချုပ်ကို ဆက် ချုပ်ပေးဖို့ တာဝန်ရှိတယ်။ တရားရုံး ချုပ်က ဆုံးဖြတ်ထားတဲ့ ဦးစိုင်းစိုးဦး ပါ (၂) နှင့် ဒေါ်နန်းခမ်းပါ (၂) ၂ဝ၁၂ ခုနစ် မြန်မာနိုင်ငံ စီရင်ထုံး စာမျက် နှာ – ၁၉ အမှုမှာ စရန်ငွေပေးပြီး ရောင်းသူကွယ်လွန်က ဆက်ခံသူမှ ကတိအတိုင်း ဆက်လက်အရောင်း အဝယ်ပြုဆောင်ရွက်ရမည်လို့ ဆုံးဖြတ်ထားပါတယ်”ဟု ဆွေးနွေးလိုက် ပါသည်။
Credit to: ဈေးကွက်ဂျာနယ်