ကိုယ်စားလှယ်လွှဲစာရသူ (G.P or S.P) ထံမှအိမ်ခြံမြေ ဝယ်မည်ဆိုလျင်
“ကိုယ်စားလှယ်လွှဲစာနဲ့ အိမ်မြေ တိုက်ခန်းအရောင်းအဝယ်လုပ်ရင် တရားဝင်ပါသလား ဆရာ”ဟု မိတ် ဆွေတစ်ဦးက စာရေးသူထံ လာ ရောက်ဆွေးနွေးပါသည်။
“သာမန်အားဖြင့် ကြည့်ရင်တော့ ကိုယ်စားဆောင်ရွက်ခွင့်ပေး တာမို့ လုပ်ပိုင်ခွင့်ရှိမှာဖြစ်တယ်။ ဒါ ပေမယ့် ကိုယ်စားလှယ်လွှဲစာဟာ ဥပဒေနဲ့အညီ လွှဲပြောင်းပေးထားတဲ့ ကိုယ်စားလှယ်လွှဲစာ ဖြစ်ဖို့လိုတယ်”
“ဥပဒေနဲ့အညီ လွှဲပြောင်းပေးထားတဲ့ ကိုယ်စားလှယ်လွှဲစာဆိုတာက ဘယ်လိုလွှဲစာမျိုးလဲ ဆရာ”
“အထူးသဖြင့် မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့ အိမ် ခြံ မြေ တိုက် ခန်းစတာတွေနဲ့ ပတ်သက်ပြီး ရောင်းချ၊ လွှဲပြောင်း၊ ပေးကမ်းမှုတွေပြုလုပ် ဖို့ဆိုရင်တော့ စာချုပ်စာတမ်းမှတ်ပုံ တင်ရုံးမှာ ကိုယ်စားလှယ်လွှဲစာကို မှတ်ပုံတင်ပြုလုပ် လွှဲအပ်ဖို့ လိုပါ တယ်”
“အထွေထွေကိုယ်စားလှယ်လွှဲ စာ (General Power) နဲ့ အထူးကိုယ် စားလှယ်လွှဲစာ (Special Power) ဘယ်လိုကွာပါသလဲ ဆရာ”
“အထွေထွေကိုယ်စားလှယ်လွှဲစာ (G.P) ကတော့ ကိုယ်စားလှယ်စာ လွှဲသူရဲ့ အားလုံးနှင့် သက်ဆိုင်သမျှကို သူ့ကိုယ်စားလှယ်ပိုင်ခွင့်ပေးထား တာဖြစ်တယ်။ အထူးကိုယ်စားလှယ် လွှဲစာ (S.P) ကတော့ လွှဲအပ်သူက မိမိ ပြုလုပ်လို့တဲ့အကြောင်း ကိစ္စတစ်ခုအတွက် သူ့ကိုယ်စားလုပ်ပိုင်ခွင့်လွှဲအပ် ထားတာဖြစ်တယ်”
“စာချုပ်စာတမ်းမှတ်ပုံတင်ရုံး မှာ ကိုယ်စားလှယ်လွှဲစာပြုလုပ်မယ် ဆိုရင် ဘာစာရွက်စာတမ်းတွေ ယူ သွားဖို့လိုပါသလဲ”
“အထွေထွေကိုယ်စားလှယ်လွှဲ စာပြုလုပ်မယ်ဆိုရင်တော့ ပေးကမ်းသူ၊ လက်ခံသူ သက်သေ နှစ်ဦးရဲ့ နိုင်ငံသားလက်မှတ်မူရင်းတွေပြသဖို့ ယူ သွားရမှာဖြစ်တယ်။ လွှဲအပ်သူက မိမိ ရဲ့ လုပ်ပိုင်ခွင့်အားလုံးကို လွှဲပြောင်းခြင်းဖြစ်လို့အခြားစာရွက်စာတမ်း မလိုဘူး။ ဒါပေမယ့် အိမ်မြေ တိုက်ခန်းစတဲ့ ပစ္စည်းတွေနဲ့ ပတ် သက်ပြီး အရောင်းစာချုပ်တစ်ခု တည်းအတွက် ဆောင်ရွက်ဖို့ဆိုရင် တော့ အထူးကိုယ်စားလှယ်လွှဲစာ S.P ကို သုံးစွဲကြပါတယ်။ ဒါကတော့ အကြောင်းအရာ တစ်ခုတည်း အတွက် ဆောင်ရွက်ခွင့်ပြုခြင်းဖြစ်တယ်။ ဒီနေရာမှာ ပစ္စည်းနဲ့ ပတ်သက်လို့စာချုပ် စာတမ်းရုံးမှာ ကိုယ်စားလှယ်လွှဲသူက ပိုင်ဆိုင်ကြောင်း အထောက်အထား စာရွက်စာတမ်း တင်ပြရမှာဖြစ်တယ်”
“ဒါကြောင့်မို့ လွယ်လွယ်ကူကူ G.P ပဲ လုပ်ကြတာကို တွေ့ရတယ် ဆရာ”
“မိတ်ဆွေကိစ္စက ဘာအခက်အခဲရှိနေလို့လဲ”
“ကျွန်တော်အခုဝယ်လိုက်တဲ့ မြေကွက်က လင်မယားနှစ်ယောက် အမည်ပေါက်မြေကွက်ဆရာ”
“တစ်ယောက်က G.P ပေးထား တယ်၊ ဒီလိုလား”
“လင်ယောကျ်ားက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတော့ ဇနီးသည် ကို G.P ပေးထားတယ်ဆရာ”
“ဇနီးသည်က လင်ယောကျ်ား မသိဘဲ ရောင်းလိုက်တဲ့သဘောပေါ့”
“ဟုတ်ကဲ့ ဆရာ၊ အခုပြန်လာတော့ သူသဘောမတူဘဲ ရောင်းရမလား၊ အရောင်းအဝယ်ပျက်ပြယ် တယ်ဆိုပြီး တရားစွဲမယ်၊ လင်မယား ကွဲမယ်လို့ ဖြစ်နေတယ်။ ကိုယ်စား လှယ်လွှဲစာနဲ့ ရောင်းတာပဲ ဆရာ၊ တရားမဝင်ဘူးလား”
“မြေကွက်က ဂရန်မြေပဲလား။ မြေတစ်ကွက်လုံး အိမ်အပါအဝင် ရောင်းတာလား”
“မြေတစ်ကွက်လုံးမဟုတ်ဘူး ဆရာ။ ပေ ၂ဝ x ပေ ၆ဝ မြေကွက် ကို ခွဲရောင်းတာပါ”
“မူလအိမ်ကတော့ ကျန်နေတာ ပေါ့”
“နည်းနည်းတော့ ဖျက်ပေးရတယ်။ ပျဉ်ထောင်အိမ်ဆိုတော့ အခက်အခဲမရှိပါဘူး။ အခုအနေအ ထားက ပတ်ပတ်လည် အုတ်နံရံတက်ပြီး ခြံခတ်လိုက်တယ်။ အိမ်အသစ်ဆောက်ဖို့လည်း မြေညှိ ဆောင်ရွက်နေတယ် ဆရာ”
“မြေကွက်က မခွဲစိတ်ရသေးဘူး ပေါ့”
“မှန်ပါတယ်။ ဒါပေမယ့် စာချုပ် စာတမ်းရုံးမှာ အရောင်းစာချုပ် ပြုလုပ်ပြီး မြေကွက်ခွဲဖို့ လျောက်ထား ဆဲ အခြေအနေမှာရှိပါတယ်။ တရားစွဲရင် အရောင်းအဝယ်ပျက်နိုင်ပါ သလား။ ကိုယ်စားလှယ်လွှဲစာကို လည်း ရုပ်သိမ်းကြောင်း ကြေညာ ထားတယ် ဆရာ”
“ကိုယ်စားလှယ်လွှဲစာ ရုပ်သိမ်း ခြင်းကိစ္စမှာလည်း လုပ်ငန်းဆောင် ရွက်မပြီးမီသာ ရုပ်သိမ်းခြင်း အကျူံး ဝင်ပြီး လုပ်ဆောင်ချက်ပြီးမြောက်ပြီး မှ ကိုယ်စားလှယ်လွှဲစာရုပ်သိမ်းခြင်း သည် အတည်မဖြစ်လို့ ပဋိညာဉ် အက်ဥပဒေပုဒ်မ-၂ဝ၈ မှာ ပြဋ္ဌာန်း ထားတယ်။ ဒါကြောင့် အခုကိစ္စမှာ ကိုယ်စားလှယ်လွှဲစာအရ အရောင်း စာချုပ်ကို မှတ်ပုံတင်ပြုလုပ် ချုပ်ဆို ပြီးဖြစ်တဲ့အတွက် စာချုပ်မှတ်ပုံတင် ပြီးမှ ပျက်ပြယ်ကြောင်း ကိုယ်စား လှယ်စာအပေါ် ဆောင်ရွက်ခွင့်မရှိ တော့ပါ”
“အချို့ကပြောတော့ တရားစွဲ ဆိုပြီး အရောင်းအဝယ်ဖျက်နိုင်တယ် ဆိုတာက ဘယ်လိုလဲ ဆရာ”
“ပဋိညာဉ်အက်ဥပဒေအရ ပျက်ပြယ်ခွင့်ရှိသော ပဋိညာဉ်ဆိုတာ ရှိတယ်။ တရားရုံးချုပ်က ဆုံးဖြတ် ထားတဲ့ ဦးမျိုးဆွေသိမ်းပါနှစ်ဦးနှင့် ဒေါ်မြနှင်းဝေပါ သုံးဦး ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံးစာမျက် နှာ-၁၂၃ အမှုမှာ ကိုယ်စားလှယ်လွှဲ စာပေးသူက အရောင်းအဝယ်မှတ်ပုံ တင်စာချုပ်ကို ဖျက်သိမ်းပေးရန် သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၃၅ (က) အရ ကိုယ်စားလှယ်အပေါ် တရားစွဲဆိုရမှာဖြစ်သည်။ တရားရုံးက စာချုပ်ကို ဖျက်သိမ်းပေးမှသာ အတည်ဖြစ်သည်ဟု လမ်းညွှန်ထား ပါတယ်”
“ဒါဆိုရင် လင်ဖြစ်သူက အရောင်းအဝယ်ပျက်ပြယ်ကြောင်း ဇနီး ဖြစ်သူအပေါ် တရားစွဲဆိုနိုင်တာပေါ့။ ကျွန်တော်တို့အပေါ် တရားစွဲဆိုနိုင်ပါ သလား”
“တစ်ခုတော့ရှိတယ်။ မြေကွက် တစ်ကွက်လုံးက လင်မယားနှစ်ဦးပိုင် အမည်ပေါက်ဖြစ်တဲ့အတွက် မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေအရ ဇနီးဖြစ်သူက မိမိ၏ အကျိုးခံစားခွင့် တစ်ဝက် ကို စီမံခန့်ခွဲ ရောင်းချခြင်း ပြုနိုင်တဲ့ အတွက် မှတ်ပုံတင်အရောင်းအဝယ် စာချုပ်အဖြစ် ချုပ်ဆိုထားတာကြောင့် တရားဝင်တယ်လို့ ထုချေနိုင်ပါတယ်”
“ဒါဆိုရင် စိုးရိမ်စရာမရှိဘူးပေါ့ နော်”
“ဘာပဲဖြစ်ဖြစ် ကိုယ်စားလှယ် လွှဲစာနဲ့ အိမ်မြေတိုက်ခန်းဝယ်တဲ့ အခါ ကိုယ်စားလှယ်အဖြစ် လွှဲ အပ်သူရဲ့ သဘောတူညီချက်ရှိ မရှိကို ဦးစွာစုံစမ်းသိရှိပြီးမှ အရောင်းအဝယ် ကို ဆောင်ရွက်တာ အကောင်းဆုံးဖြစ် တယ်”လို့ အကြံပေးဆွေးနွေးလိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်