“ကျွန်တော်က အိမ်နဲ့ မြေဝယ်ဖို့ စရန်ငွေပေးထားလိုက်တယ်။ အခုမှ ကန့်ကွက်သူပေါ်လာလို့ ဆရာ”ဟု အသိမိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ ရောက်လာပြီး ဆွေးနွေးခြင်းဖြစ်သည်။

“စရန်ငွေပေးစဉ်က သေချာမကြည့်ဘူးလား။ စာရွက်စာတမ်း ခိုင်လုံမှ ဝယ်သင့်တယ်။ ဂရန်မြေလား၊ ဘယ်လိုဖြစ်တာလဲ”

“ဟုတ်ကဲ့၊ ဝယ်စဉ်ကတော့ သူတစ်ဦးတည်းပိုင်သလို ပြောတာ ဆရာ။ သူ့အမေက ကျန်းမာရေး မကောင်းလို့ အပေါ်ထပ်လည်း မတက်နိုင်လို့ အခုရောင်းမယ့် အိမ်မှာ အိမ်ဖော်ကလေးမလေးတစ်ယောက်နဲ့ ထားတယ်ဆိုပြီး ပြောပါ တယ်”

“ဂရန်စာချုပ် မပြဘူးလား။ ဝယ်ထားတဲ့ မှတ်ပုံတင်စာချုပ်ပြပါသလား”

“ဂရန်စာချုပ်က ပေါင်ထားလို့ ပြန်ရွေးရမှာမို့ဆိုပြီး မိတ်္တူထုတ်ပြပါတယ်။ အဲဒီမှာတော့ ရောင်းမယ်ဆိုတဲ့ သူရဲ့အမည်တစ်ခုကိုပဲ တွေ့တယ်။ အခုမှ မောင်နှမသုံးဦး ပူးတွဲပိုင်တယ်ဆိုပြီး ကန့်ကွက်လာတာ ဆရာ”

“ကန့်ကွက်တဲ့စာက မောင်ရင်တို့ထံ ပေးပို့တာလား”

“မဟုတ်ဘူး ဆရာ၊ ကြေးမုံ သတင်းစာထဲမှာ ပါလာတာ ဆရာ””

“အဲဒီ သတင်းစာပါလာသလား၊ ဖတ်ကြည့်တာပေါ့”ဟု စာရေးသူက တောင်းဆိုလိုက်ပါသည်။

လူငယ်လေးက အိတ်ထဲမှ သတင်းစာဖြတ်ပိုင်းကို ထုတ်ပြပါသည်။ စာရေးသူက လှမ်းယူ၍ ဖတ်ကြည့်မိသည်။

“ဒီကန့်ကွက်စာအရတော့ မူလက မိဘတွေဝယ်ထားတဲ့ အိမ်နဲ့ မြေလို့ ဆိုတယ်။ အိမ်ဟောင်းကိုပြင်ပြီး မိဘတွေက နှစ်ထပ်တိုက် ဆောက်လိုက်တယ်။ ဒါပေမယ့် မြေကွက် အမည်မပြောင်းခဲ့ဘူး။ မိခင်က မူလ ပိုင်ရှင်ထံက ကိုယ်စားလှယ်စာယူထားတယ်။ ဖခင်ကွယ်လွန်သွားတော့ မိခင်က သားသမီးတွေကို အရောင်း စာချုပ် ချုပ်ဆိုရောင်းတယ်။ ဂရန်အမည်ကို သားသမီး သုံးဦး အမည် ဖောက်တယ်။ ယခုအခါ ပူးတွဲပိုင်ရှင် ညီမက ရောင်းဖို့ စီစဉ်နေကြောင်း၊ ဒါကြောင့် ကျန်ပူးတွဲပိုင်ရှင်နှစ်ဦးရဲ့ သဘောတူညီချက်မပါဘဲ ရောင်းခြင်း၊ ဝယ်ခြင်း၊ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း၊ ပေးကမ်းခြင်း မပြုရန် တားမြစ်ကန့်ကွက်ကြောင်း ဖော်ပြထားတာ ဖြစ်တယ်”

“ဟုတ်ပါတယ် ဆရာ။ ဒီကန့် ကွက်စာအရတော့ ဂရန်အမည် ပေါက်က သုံးဦးအမည်ပေါက်လို့ ပြောပါတယ်။ ကျွန်တော်မသိတာက ကျွန်တော့်ထံပေးထားတဲ့ ဂရန်ဓာတ်ပုံမိတ္တူမှာက အခုရောင်းမယ်ဆိုတဲ့ ညီမရဲ့ အမည် တစ်ခုပဲပါတာ ဆရာ”

“ဒါကတော့ ဓာတ်ပုံမိတ္တူသဘောအရ၊ ဖျောက်ဖျက်ရိုက်ထားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မြေနဲ့ပတ်သက်လာရင် မူရင်းစာရွက်စာတမ်းတွေကို တောင်းကြည့်ပြီးမှ ယုံကြည်လို့ရတယ်။ ဒါတောင် ဂရန်မူရင်း နှစ်စောင်ထပ်နေတာမျိုးလည်း ရှိတတ်တယ်။ ဝယ်မယ်ဆိုရင် တော့ သက်ဆိုင်ရာမြေယာဌာနမှာ ထပ်မံစုံစမ်းဖို့ လို့ပါတယ်။ တစ်ဆက်တည်း မှတ်သားစရာတစ်ခုပြောရဦးမယ်။ အခုပြတဲ့ သတင်းစာပါ ကန့် ကွက်စာက ဖြတ်ညှပ်ထားတဲ့ စာရွက်အသေးဖြစ်နေတယ်။ အမှန်မှာ ကန့်ကွက်စာပါတဲ့ သတင်းစာရဲ့ စာမျက် နှာတစ်ခုလုံးကို လက်ခံယူထားရမှာ ဖြစ်တယ်။ ဒါမှ တရားရုံးမှာ သက်သေခံစာရွက်အဖြစ် တင်ပြဖို့ လိုအပ် လာရင် ဘယ်သတင်းစာ နေ့စွဲ။ စာမျက်နှာ စသဖြင့် အသေးစိတ်တင်ပြ နိုင်မှာဖြစ်တယ်။ ဒါကြောင့် သတင်း စာပါ ကန့်ကွက်လွှာအပိုင်းလေးပဲ ဖြတ်ယူမထားဘဲ၊ သတင်းစာရဲ့ စာမျက်နှာတစ်ခုလုံးကို ယူထားပါလို့ ဗဟုသုတအဖြစ် သိထားစေချင်တယ်”

“ဟုတ်ကဲ့၊ ကျွန်တော်တို့ရဲ့ အားနည်းချက်လို့ပဲ ပြောရမှာပေါ့ ဆရာ”

“ကျန်တဲ့ ပိုင်ရှင်နှစ်ဦးနဲ့တွေ့ သေးလား၊ သူတို့က ရောင်းဖို့ သဘောတူကြသလား”

“ကျွန်တော်တို့ ဆက်သွယ်ပါတယ် ဆရာ။ သူတို့ရဲ့ ရှေ့နေနဲ့လည်း တွေ့ပါတယ်”

“ကျန်တဲ့ ပိုင်ရှင်နှစ်ဦးကကော အိမ်နဲ့မြေကို ရောင်းဖို့ စိတ်ကူးရှိသလား။ လက်လွန်သွားမှာစိုးလို့။ ဒါမှ မဟုတ် ကြိုက်စျေးမရမှာစိုးလို့ ကန့် ကွက်တာလည်း ဖြစ်နိုင်တယ်”

“ဟုတ်ကဲ့ ဆရာ။ အခုကိစ္စမှာ အကြီးဆုံး အစ်ကိုကြီးက နိုင်ငံခြား သင်္ဘောမှာ အလုပ် လုပ်တာဖြစ်ပြီး အတူမနေဘူးဆရာ။ အလတ်ဖြစ်တဲ့ မိန်းကလေးက တက္ကသိုလ်က ဆရာမ၊ အခုရောင်းမယ်ဆိုတဲ့ အိမ်မှာ မိခင် ကြီးနဲ့အတူနေတယ်။ ပြီးခဲ့တဲ့ တစ်နှစ် ခန့်ကစပြီး မကွေးတက္ကသိုလ်မှာ တာဝန်ပြောင်းရွှေ့ရလို့ ပြောင်းသွားရ တယ်။ သူ့ခင်ပွန်းက နေပြည်တော်က အစိုးရရုံးတစ်ရုံးမှာ အလုပ်လုပ်တယ်ပြောတယ်။ ဘယ်မှာလဲတော့ အတိအကျမသိဘူး”

“ဒါဆို အငယ်ညီမက လှည့်ပတ်ပြီး ရောင်းတဲ့ သဘောလား”

“ညီမဖြစ်သူက ရန်ကုန်မြို့ထဲက တိုက်ခန်းမှာနေတာ ဆရာ။ သူက ပထမ အိမ်ထောင်ပျက်သွားပြီး အခု လက်ရှိ အမျိုးသားက နောက်အိမ်ထောင်ဆရာ။ ယခင်က နိုင်ငံခြား သင်္ဘောသားလို့ ပြောတယ်။ နောက်ပိုင်းမှာ ကျန်းမာရေး မကောင်းလို့ အနားယူပြီး စီးပွားရေးလောကထဲ ရင်းနှီးမြှုပ်နှံဆောင်ရွက်တယ်လို့ သိရပါတယ်။ ကျွန်တော်နဲ့ ခင်မင်သိကျွမ်းတာကတော့ ကားဝယ်ရောင်းလုပ်ကြ သူချင်း သိကျွမ်းခင်မင်သွားကြတာ ပါ ဆရာ”

“ဒီအတိုင်းဆိုရင်တော့ မိသားစု အမွေကိစ်္စသဘော ဖြစ်နေပြီ”

“ဟုတ်ကဲ့ ဆက်ပြောရမယ်ဆိုရင်တော့ ညီမဖြစ်သူက အိမ်မြေ ရောင်းပြီး အမွေခွဲဖို့ တောင်းဆိုတယ် ပြောတယ်။ ဝယ်သူရှိရင် ရောင်းမယ်လို့ စိတ်ကူးပြီး လုပ်တာပေါ့ ဆရာ”

“မိမိတစ်ယောက်တည်းသဘောနဲ့ စိတ်ကူးဆောင်ရွက်လိုက်တာပဲ။ ကျန်တဲ့ မောင်နှမနှစ်ယောက်နဲ့ တွေ့တော့ ဘာပြောလဲ”

“သူတို့ကတော့ မိခင်ကြီး သက်ရှိထင်ရှားရှိနေစဉ်မှာတော့ ရောင်းဖို့ စိတ်ကူးမရှိဘူးလို့ ပြောပါတယ်။ ကျွန်တော်သိချင်တာက ဒီအိမ်နဲ့ မြေက မိဘတွေပိုင်ဆိုင်ပြီး မိခင်ကြီး သက်ရှိထင်ရှားရှိနေတော့ မိခင်ကြီးပိုင်ပဲ မဟုတ်ဘူးလား ဆရာ”

“မူလကတော့ မိဘတွေပိုင်တာပဲ။ ဒါပေမယ့် မိဘတွေက မူလပိုင်ရှင်ဆီက အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုဝယ်တာ မဟုတ်ဘဲ အရပ်ကတိစာချုပ်နဲ့ ဝယ်တယ်။ ပြီးတော့ မူလပိုင်ရှင်ရဲ့ ကိုယ်စားလုပ် ပိုင်ခွင့်အတွက် ကိုယ်စားလှယ်စာကို ဇနီးဖြစ်သူက ယူထားတယ်”

“မူလပိုင်ရှင်ထံက ကိုယ်စားလှယ်စာယူထားတော့ ပိုင်ရှင်ဖြစ် မလာဘူးလား ဆရာ”

“ကိုယ်စားလှယ်စာဆိုတာ ပေးသူကိုယ်စား လုပ်ပိုင်ခွင့်ပေးတာဖြစ်တယ်။ ပိုင်ဆိုင်ခွင့်လွှဲပြောင်းပေးတာ မဟုတ်ဘူး။ ဒါကြောင့် ဥပဒေအရ ကြည့်ရင် ဝယ်လိုက်တဲ့ မိဘတွေဟာ တရားဝင်ပိုင်ဆိုင်ခွင့်မရသေးဘူး။ မူလပိုင်ရှင်ကိုယ်စား ဆောင်ရွက်ခွင့်သာရတာဖြစ်တယ်။ တရားဝင် ပိုင်ဆိုင်သူမဟုတ်လို့ ခင်ပွန်းကွယ် လွန်တဲ့အခါ ဇနီးသည်က သားသမီးတွေကို အပေးစာချုပ်နဲ့ ပေးကမ်းခြင်း မပြုနိုင်ဘူး။ ဒါကြောင့် မူလပိုင်ရှင် ရဲ့ ကိုယ်စားလှယ်စာအရ မူလပိုင်ရှင်က မိမိရဲ့ သားသမီးသုံးဦးကို ရောင်းကြောင်း၊ အရောင်းမှတ်ပုံတင်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်တယ်”

“ဒါဆိုရင် ရောင်းသူက မိခင်ပေါ့”

“ဒီလို မဟုတ်ဘူး။ မိခင်က ရောင်းတာမဟုတ်ဘူး။ မူလအမည် ပေါက်ပိုင်ရှင်ဆီက ဝယ်တဲ့ သဘော ချုပ်ဆိုပြီး မိခင်ဖြစ်သူက မူလပိုင်ရှင်ရဲ့ ကိုယ်စားလှယ်စာရသူ တစ်နည်းအားဖြင့် မူလပိုင်ရှင်ကိုယ်စား ရောင်းသူအဖြစ် လက်မှတ်ရေးထိုး ပေးတာဖြစ်တယ်”

“မိခင်က မိမိပိုင်မြေနဲ့ အိမ်ဆို ပြီး တရားရုံးမှာ ပြန်တောင်းလို့ရလား”

ဒါနဲ့ ပတ်သက်လို့ရှင်းအောင် ပြောရရင် – ဦးဝင်းနိုင် (၎င်းင်း၏ အခွင့် ရကိုယ်စားလှယ် ဒေါ်ခင်ချိုဦး) နှင့် ဦးချစ်မောင်ပါ (၄) ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက် နှာ – ၂၀၉ (တရားမအထူးအယူခံ အမှု) မှာ မိဘများက အရွယ်မ ရောက်သေးသည့် သားသမီးလေးဦး အမည်ဖြင့် မြေကွက်ဝယ်ယူ၍ ဂရန် အမည်ပေါက် အောင်ပြုလုပ်ပေးခဲ့သည်။ အရွယ်ရောက်ပြီး သားသမီး လေးဦးအမည်ပေါက်မြေနှင့် အိမ်ကို မိဘများက ၎င်းတို့ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာပေးရန် တရားရုံးသို့ လျှောက်ထားခဲ့ရာ တရားမ အထူး အယူခံခုံရုံးက – မိဘများမှ သား သမီး လေးဦးအမည်ဖြင့် ဝယ်ယူပြီး ဂရန်အမည်ပေါက် အကျိုးခံစားခွင့် ရရှိပြီးဖြစ်၍ မိဘများက ပိုင်ဆိုင်အ ကျိုးခံစားခွင့်ရှိသည်ဟု တောင်းဆို ပိုင်ခွင့်မရှိပေ။ အောက်မြန်မာပြည် မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ (၄၁) အရ ပိတ်ပင်ပြီးဖြစ်သည်။ သို့သော် အရောင်းအဝယ် စာချုပ်အရ ဝယ်ယူစဉ်က အချင်းဖြစ် အဆောက်အအုံ သုံးထပ်တိုက်မရှိသေးဘဲ အိမ်သေးသေးလေးသာရှိပြီး သားသမီးလေးဦး အမည် ဖြင့် ဝယ်ပြီးမှ မိဘငွေဖြင့် သုံးထပ်တိုက်ဆောက်ခဲ့၍ သုံးထပ်တိုက်မှာ မိဘများပိုင် ပ္စည်းအဖြစ် သတ်မှတ်ပေး ခဲ့ပါတယ်”

“အခုကိစ္စမှာလည်း မိခင်ကြီးက မပိုင်တော့ဘူးပေါ့။ အိမ်ကလည်း ဆောက်ပြီးမှ သားသမီးအမည်နဲ့ ဝယ်ခဲ့ရင် အိမ်လည်း မပိုင်ဘူးပေါ့”

“ဟုတ်ပါတယ်။ ဒါကြောင့် အဆင်ပြေရင်တော့ စရန်ငွေပြန်ယူလိုက်တာကောင်းတယ်လို့ အကြံပေးချင် ပါတယ်”

“ဟုတ်ကဲ့ပါ ဆရာ။ မိဘတွေ အနေနဲ့လည်း သားသမီးတွေကို မသေမီ ပစ္စည်းအားလုံးပေးမထားဖို့ သတိရှိရမယ်ဆိုတာ ဗဟုသုတရ လိုက်ပါတယ် ဆရာ”ဟု ပြောဆိုကာ ဆွေးနွေးခ ကန်တော့သွားပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Credit to: ဈေးကွက်ဂျာနယ်