“မိဘများကွယ်လွန်ရင် ခွဲဝေဖို့ အမွေပစ္စည်းကျန်ခဲ့ရမယ်ဆိုတာ ဟုတ်ပါသလား ဆရာ”ဟု မိတ်ဆွေ တစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါသည်၊

“တရားသေပြောလို့တော့ မရဘူး။ ငွေကြေးပြည့်စုံတဲ့ မိသားစုဆို ရင်တော့ မိဘပိုင်မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း၊ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေရှိနိုင်တယ်။ လက်လုပ်လက်စား အခြေခံ လူတန်းစားမှာတော့ ခွဲဝေမယ့် အမွေပစ္စည်းကျန်ရစ်ဖို့ ကိစ္စက၊ ခဲယဉ်းမှုတစ်ခုဖြစ်လာနိုင်တယ်”

“ဟုတ်ပါတယ်ဆရာ။ ဒါပေမယ့် ဥပဒေအရ၊ အမွေပစ္စည်းအဖြစ်ထား ရှိရမယ်ဆိုတာရှိတယ်လို့ တချို့က ပြောကြလို့ပါ ဆရာ။ အဲဒါအခုမှ ပြဋ္ဌာန်းတာလား ဆရာ”

“မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေအရတော့၊ ကင်းဝန်မင်းကြီးဦးကောင်း ပြုစုတဲ့ ဓမ္မသတ်-၃၆ စောင်တွဲ၊ အခန်း (၈) ပုဒ်မ ၇၅ မှာ-မြန်မာဗုဒ္ဓဘာသာဝင်သားချင်းတို့အနက် တစ်စုံတစ်ယောက်သော သားသမီးတို့အား မိဘတို့သည်ပေးကမ်းခဲ့၍ လက်သို့ ရောက်သော်လည်း ထိုမိဘတို့ သေဆုံးပြီးနောက် သားချင်းတို့မှာ ဝေခြမ်း စရာ အမွေဥစ္စာမရှိခဲ့မူကား မိဘတို့ ပေးကမ်းခဲ့သည့် လက်ရောက်ဥစ္စာဖြစ်သည်ဟုမဆိုသာ၊ ထိုဥစ္စာကို အမွေပုံမှာ ထည့်သွင်း၍ သားချင်းတို့ နှင့်တရားကြောင်းအလျောက်ခွဲဝေခြင်းပြုအပ်၏လို့ဖော်ပြထားတာကြောင့် ရှေးဘုရင်ကာလကပင် လက် ခံကျင့်သုံးခဲ့တယ်လို့ ယူဆရမှာဖြစ်ပါတယ်”

“မိဘဖြစ်သူက မိမိမကွယ်လွန်မီမှာ သားသမီးတွေကို မိမိပိုင်ပစ္စည်းများအပေါ် တစ်ဦးစီခွဲဝေပေးထားပြီးဆိုရင် ကွယ်လွန်တဲ့အခါ အမွေခွဲဝေဖို့ လိုပါဦးမလား ဆရာ”

အဲ့ဒါကတော့ မိဘတွေနဲ့သားသမီးတွေအားလုံး သဘောတူခွဲဝေတဲ့ မိသားစုစီမံမှုလုပ်လို့ရတယ်။ အခု ဘယ်လိုကိစ္စနဲ့ပတ်သက်နေလို့လဲ”

“ဒီလိုပါ ဆရာ။ ကျွန်တော်ဝယ် ဖို့သွားကြည့်တဲ့ အိမ်နဲ့မြေက ထူးခြားတဲ့စာချုပ်တစ်ခု ဖတ်လိုက်ရလို့ပါ”

“ကဲ – ပြောပါဦး၊ ပိုင်ရှင်မှာ ဘာပြဿနာရှိနေလို့လဲ”

“မိဘတွေကတော့ ကွယ်လွန်သွားကြပြီဆရာ။ ကျွန်တော် အခု ဝယ်မယ့်အိမ်နဲ့ မြေက မိခင်မကွယ် လွန်မီမှာ အတူနေသမီးကို ပေးကမ်း သွားတယ် ဆရာ”

“မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ ပေးကမ်းသွားတာလား”

“ဟုတ်ပါတယ်ဆရာ၊ စာချုပ် စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် ပြုလုပ်ချုပ်ဆိုထားပါတယ်”

“မြေအမည်ပေါက်က မိခင် အမည်ပေါက် အနေနဲ့ရှိသေးလား၊ သမီးဖြစ်သူက အမည်ပြောင်းပြီးပြီလား”

“အဲ့ဒါတော့ သေချာမသိဘူး ဆရာ။ အပေးစာချုပ်ထဲမှာတော့၊ ကျန်သားသမီးနှစ်ဦးကို အမွေခွဲဝေ ပေးပြီးဖြစ်တယ်။ ဒါကြောင့် အတူနေ သမီးကို ကျန်ရှိတဲ့ ယခု အိမ်နဲ့မြေကို မေတ္တာနှင့် ပေးကမ်းတယ်လို့ဖော်ပြ ထားပါတယ်”

“မောင်ရင် ပြောစကားအရ တော့ အပေးစာချုပ်ကို ဥပဒေတတ် သိသူတစ်ဦးဦးနဲ့ ချုပ်ဆိုထားတယ်ဆို ရမယ်။ အခုစရန်ငွေပေးပြီးပြီ လား…”

“စရန်တော့ မပေးရသေးဘူး ဆရာ။ စရန်ငွေပေးပြီးရင်တော့ သတင်းစာမှာ ကန့်ကွက်ရန်ရှိ၊ မရှိ ထည့်သွင်းရမယ် ဆရာ။ ဒါလည်း ဆရာ ဆောင်ရွက်ပေးစေချင်ပါ တယ်။ ခက်တာက အဲဒီလို ကြော်ငြာလိုက်မှ ကန့်ကွက်သူများ ပေါ်လာနိုင် သလား ဆရာ”

“ပေးကမ်းခြင်းစာချုပ်မှာကျန်တဲ့ သားသမီးနှစ်ဦးကလည်း သဘောတူကြောင်း ဖော်ပြထားမယ်။ ဒါမှ မဟုတ် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးထားမယ်ဆိုရင်တော့ ကျန်တဲ့သားသမီးနှစ်ဦးက မိဘကွယ်လွန်ချိန်မှာ ကန့်ကွက်ဖို့ ခက်ခဲသွားနိုင်တာပေါ့”

“ဆရာ ပြောသလို မိဘကွယ်လွန်ချိန်မှာ အပေးစာချုပ်အပေါ် ကန့်ကွက်ဖို့ ခက်ခဲသွားမယ်ဆိုရင် မိဘမကွယ်လွန်မီမှာ ကန့်ကွက်လို့ မရဘူးလား”

“ဥပဒေသဘောအရတော့ ပေးကမ်းသူ မိဘမကွယ်လွန်မီမှာ ပေးကမ်းစာချုပ်အပေါ် ကန့်ကွက် တောင်းဆိုခွင့်မရှိလို့ ဆိုထားတယ်”

“ဒါဆိုရင် ပေးကမ်းသူ ကွယ်လွန်မှ ပေးကမ်းခြင်းအပေါ် ကန့်ကွက်တောင်းဆိုခွင့်ရှိမယ့် သဘော လား ဆရာ”

“မှန်ပါတယ်။ ရှင်းအောင်ပြောရရင် ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်လှပိုပါ (၂) နှင့် ဦးတင်အုန်းပါ (၃) ၁၉၉၀ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ – ၁၀၄၊ အမှုမှာ အမွေရှင်မကွယ်လွန်ခင် အမွေရှင်ပေးကမ်းထားသည့် ပေးကမ်းခြင်းစာချုပ်မှာ ပျက်ပြယ်ပါသည်ဟု အမွေရှင်နှင့် ပေးကမ်းခြင်း လက်ခံသူတို့အပေါ် တရားစွဲခွင့်မရှိလို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မိဘပေးကမ်းသူ အသက်ထင်ရှားရှိစဉ်မှာ မေတ္တာနှင့်ပစ္စည်းပေးကမ်းခြင်းအပေါ် အမွေဆက်ခံမည့် ကျန်သားသမီးများက ကန့်ကွက်ပိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး”

“ဒါဆိုရင် ပေးကမ်းသူ မိဘကွယ်လွန်မှ ကန့်ကွက်ခွင့်ရှိတဲ့ သဘောဖြစ်သွားတာပေါ့”

“မှန်ပါတယ်။ ဒီနေရာမှာလည်း ပေးကမ်းသူမိဘက သားသမီးအားလုံးကို အမွေသဘောခွဲဝေပြီးကြောင်း ပေါ်လွင်ရင်တော့ နောက်ဆုံးပေးကမ်း လက်ခံသူမှာ ယခုပစ္စည်းကလွဲပြီး ကျန်ပစ္စည်းလုံးဝရယူထားခြင်းမရှိခဲ့ရင် အတည်ဖြစ်နိုင်ပါတယ်”

“ဒါဆိုရင် အခုကိစ္စမှာ မိခင်ဖြစ်သူက ကွယ်လွန်သွားပြီဆိုတော့ ကန့်ကွက်နိုင်တာပေါ့နော်”

“တစ်ခုရှိတာက ကျန်တဲ့ မောင်နှမနှစ်ဦးက ဆရာအစောကပြောသလို အပေးစာချုပ်မှာ သိရှိသဘောတူညီကြောင်း လက်မှတ်ရေး ထိုးထားတာမျိုးပါရှိရင်တော့ စိတ်ပူစရာမလိုဘူးပေါ့။ ဒါပေမယ့် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးထားတာမရှိရင်တော့ သူတို့ မသိပါဘူးဆိုပြီး အရောင်းအဝယ်ကို ကန့်ကွက်နိုင်ပါတယ်”

“ဆရာပြောမှ သတိရမိတယ်။ ရောင်းသူ အမျိုးသမီးကပြောတော့ ကျန်တဲ့မောင်နှမတွေက အပေးစာချုပ် တရားမဝင်ဘူးဆိုပြီး တရားစွဲတာ ရှုံးသွားတယ် ပြောတယ်။ ဒါကြောင့် အမည်ပြောင်းထားလို့ စိတ်မပူနဲ့ ပြောပါတယ်”

“ဒါဆိုရင် မြေကွက်အမည်ပေါက် ပြောင်းစဉ်က ကန့်ကွက်တရားစွဲတာဖြစ်မယ်။ အဲဒီတုန်းက မိခင်ကြီး မကွယ်လွန်သေးဘူး ထင်တယ်။ တရားရုံးရဲ့ စီရင်ချက်အမိန့် မိတ္တူကူးထားသေးလား”

“ကျွန်တော်က ကြည့်ရုံပဲကြည့်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဖုန်းနဲ့ ဓာတ်ပုံတော့ ရိုက်ယူထားတယ်”ဟု ပြောကာ ဖုန်းထဲရှိ ဓာတ်ပုံကိုရှာပြီး စာရေးသူအားပြပါသည်။

“ဒီ စီရင်ချက်အရဆိုရင်တော့ အထက်ကပြောခဲ့သလို မိခင်မကွယ်လွန်ခင် တရားစွဲဆိုတဲ့အတွက် စွဲပိုင်ခွင့်မရှိသေးလို့ ပယ်လိုက်တာဖြစ်တယ်”

“ဒါဆိုရင် အခုပေးကမ်းသူ မိခင်ကွယ်လွန်ပြီးမှ ရောင်းတယ်ဆိုတော့ ထပ်မံတရားစွဲဆိုခွင့်ရှိနိုင်တာပေါ့”

“မှန်ပါတယ်။ ဒါပေမယ့် အပေးစာချုပ်မှာ ကျန်သားသမီးနှစ်ဦးကို တိုက်ခန်းနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းက မြေတစ်ကွက်စီပေးပြီးလို့ ဖော်ပြထားချက်အရ နောက်ဆုံးပစ္စည်းကို အတူနေသူထံပေးတာကတော့ တရားဝင် နိုင်ပါတယ်”

“အမွေခွဲမယ်ဆိုရင် သုံးဦးလုံးရထားတဲ့ မြေကွက်နဲ့ အိမ်အားလုံး အပေါ် ခွဲဝေမှ တရားမျှမှာပေါ့ ဆရာ”

“ဒါကြောင့် တရားမစွဲဘူးလို့တော့ တရားသေတွက်လို့မရဘူး။ မြေတန်ဖိုးချင်းကွာတယ်ဆိုပြီး ရသလောက် အမြတ်တွက်တာ ကန့်ကွက်တာမျိုးလည်း ရှိတတ်တယ်။ အကောင်းဆုံးကတော့ သားသမီး သုံးဦးလုံးက သဘောတူရောင်းချတာမျိုးမှာ အကောင်းဆုံးပါပဲ။ ဥပဒေသဘောအရတော့ ရောင်းမယ့်သူက သာတဲ့သဘောရှိပါတယ်”

“စွန့်စားဝယ်ရမယ့် သဘောဖြစ်နေတာပေါ့ ဆရာ”

“မှန်ပါတယ်။ စွန့်စားရမယ့် သဘောဖြစ်လို့ ပေးကမ်းခြင်းကိစ္စတွေမှာ သေချာစိစစ်ဝယ်သင့်ပါတယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

ထိီယု (ဥပဒေအတိုင်ပင်ခံ)

Credit to: ဈေးကွက်ဂျာနယ်