မြေငှား၍ ဆောက်ထားသည့်အိမ်ကို ဝယ်မည်ဆိုလျင်

“မြေငှားပြီးဆောက်ထားတဲ့ အိမ် ကို ဝယ်ရင် တရားဝင် ပိုင်ဆိုင်ခွင့် ရှိပါသလား”

မိတ်ဆွေတစ်ဦးက စာရေးသူထံလာရောက်၍ ဆွေးနွေးခြင်းဖြစ်သည်။ မိတ်ဆွေ၏ မေးခွန်းမှာအ နည်းငယ်ထူးခြားနေသည်ဟု ခံစားမိလိုက်သည်။

“မြေငှားပြီး အိမ်ဆောက်နေ တယ်ဆိုတာ ဒီခေတ်မှာ အတော်ရှားသွားပြီ သူငယ်ချင်း၊ ဘယ်လိုစိတ်ကူးနဲ့ ဝယ်မယ်စိတ်ကူးလို့လဲ”

“လူတော့ မနေဘူးပေါ့လေ၊ ဆိုင်ဖွင့်မလားလို့”

“ဒါဆိုရင်လည်း မြေငှားပြီး ဆိုင်ဖွင့်လို့ရတာပဲလေ။ အိမ်ကို ဝယ်စရာမလိုပါဘူး။ မြေငှားပြီး လက်ဖက်ရည် ဆိုင်ဖွင့်တာတွေ၊ ကား Showroom လုပ်တာတွေရှိနေတာပဲ”

“အိမ်က နှစ်ထပ်တိုက်ဆောက် ထားတာဆိုတော့ စိတ်ဝင်စားလို့”

“မြေကွက်အကျယ်က ဘယ်လောက်လဲ”

“ပေ ၄ဝ x ပေ ၆ဝ မြေကွက်၊ အိမ်က ပေ ၃ဝ လောက် ဆောက်ထားတာ”

“လူနေရပ်ကွက်ထဲလား”

“လူနေရပ်ကွက်ဆိုပေမယ့် လမ်းမပေါ် ထောင့်ကွက်ဖြစ်နေတယ်”

“ဘယ်မှာလဲ”

“လှိုင်သာယာဘက်မှာပါ”

“မြေငှားနဲ့ အိမ်ဆောက်နေသူတို့ရဲ့ မြေငှားစာချုပ်ကို အရင်လေ့လာဖို့ လိုလိမ့်မယ်”

“မြေပိုင်ရှင် အဘိုးကြီးက ကွယ်လွန်သွားလို့ အခုသူ့သမီးက အမည်ပေါက်တယ်လို့လည်းပြောတယ်”

“ဟုတ်ပြီ။ မြေပိုင်ရှင်ပြောင်းတော့ မြေငှားကို နှင်ချင်တာတွေလည်း ဖြစ်လာနိုင်တယ်။ မြေငှားခ တိုးတောင်းလာတာလည်းဖြစ်နိုင်တယ်”

“မြေငှားရမ်းခတော့ ပြန်ညှိရ မယ့်သဘောရှိတယ်”

“မြေငှားတဲ့ ကိစ္စရပ်တွေက အမျိုးမျိုးရှိတယ်။ ယခုလက်ရှိ မြေငှားနေတာက နှစ်အကန့်အသတ်နဲ့ နှစ်နှစ် သုံးနှစ်ငှားကြတယ်။ အများအားဖြင့်တော့ ပစ္စည်းရောင်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်၊ စားသောက် ဆိုင်မျိုးဖြစ်တယ်။ မိမိစရိတ်နဲ့ ဆိုင်အဆောက်အအုံလေး ဆောက်လုပ်ပြီး မြေငှားရမ်းခပေးရတာပဲဖြစ်တယ်။ နေရာကောင်းရင် တစ်လကို မြေငှားခ ငွေကျပ်သိန်း သုံးဆယ်လေးဆယ်ရှိတယ်”

“မြေငှားနှစ်စေ့သွားရင် အဆောက်အအုံ ဆောက်ထားတာကို ဘယ်လိုဆောင်ရွက်ပေးသလဲ”

“အဆောက်အအုံဆိုတာလည်း ယာယီအမိုးအကာလောက်ပဲလေ၊ ခိုင်ခိုင်ခံ့ခ့ံ လူနေအိမ်လို ဆောက်ကြတာမှ မဟုတ်ဘဲ၊ လက်လွှဲလိုချင်သူရှိ ရင်တော့ နားလည်မှုနဲ့ဆိုင်ရှင်ကို ငွေအမ်းယူတာမျိုးရှိတာပေါ့။ အခုသူ ငယ်ချင်းပြောသလို နေအိမ်မျိုးတော့ မဟုတ်ဘူး။ တိုတိုပြောရရင် မြေငှားပြီး ဆိုင်ဖွင့်တဲ့ သဘောပဲ၊ နှစ်စေ့ရင် မြေကွက်ကို ပြန်အပ်ရမှာ ဖြစ်တယ်၊ ပိုင်ဆိုင်မှုမရှိဘူူး”

“နယ်မှာ ဗီဒီယိုရုံဆောက်ထား တဲ့ သဘောပေါ့နော်”

“အဲဒီသဘောပဲဆိုပါတော့၊ အချို့ကလည်း နှစ်ရှည်ငှားတာရှိ တယ်။ ၁၅ နှစ်၊ အနှစ် ၂ဝ မျိုးပေါ့၊ ဗီဒီယိုရုံဆိုရင်လည်း နှစ်ရှည်ငှားပြီး ရုံဆောက်ကြတာလေ။ နှစ်ပြည့်သွား ရင် အဆောက်အအုံကိုပါထားခဲ့ရ တာမျိုးဖြစ်တယ်”

“အချို့ တိုက်တွေဆောက်တာလည်း မြေငှားပြီးဆောက်တာရှိတယ်လို့ ပြောကြတယ်၊ ဟုတ်ပါသလား”

“ယခင်ခေတ်ကာလမှာတော့ B.O.T စနစ်ဆိုတာ ခေတ်စားခဲ့တယ်။ အထူးသဖြင့် အစိုးရရုံးရှိရာ မြေကွက်တွေမှာ နှစ် ၅ဝ မြေငှားနဲ့ ကွန်ဒိုတိုက်ခန်းတွေ ဆောက်တာရှိတယ်”

“ခံစားခွင့် အပိုင်းက ဘယ်လိုခံစားခွင့်ရကြလဲ”

“နှစ် ၅ဝ အတွင်းမှာတော့ သက်ဆိုင်ရာ မြေရှင်က မြေငှားရမ်းခသာ ရရှိမယ်။ တိုက်ခန်းရောင်းရငွေနဲ့ အကျိုးအမြတ်၊ တိုက်ခန်းလခတွေကိုတော့ တိုက်ခန်းဆောက်လုပ်သူက ခံစားခွင့်ရှိမှာဖြစ်တယ်”

“နှစ် ၅ဝ မြေငှားရမ်း စာချုပ် ပြည့်သွားရင် ဘယ်လိုဖြစ်မလဲ”

“မြေငှားရမ်း စာချုပ် နှစ် ၅ဝ ပြည့်သွားရင်တော့ တိုက်ခန်းတွေထံက အကျိုးအမြတ် ခံစားခွင့်တွေကို တိုက်ဆောက်သူက မရရှိတော့ဘဲ၊ မြေရှင် (ဥပမာ- အလုပ်သမား ဝန်ကြီးဌာနမြေကွက်ဆိုရင် သက်ဆိုင်ရာဝန်ကြီးဌာန)က အကျိုးခံစားခွင့် ရယူသွားမှာဖြစ်ပါတယ်”

“ဒါဆိုရင် မြေငှားရမ်းသက်တမ်း ပြည့်သွားရင် မြေကွက်ပေါ်က အဆောက်အအုံကို ထားခဲ့ရတဲ့ သဘောပေါ့”

“မှန်ပါတယ်။ မြေကွက်ငှားရမ်းပြီး ဟိုတယ်ဆောက်ကြတာလည်း ဒီသဘောပဲ သူငယ်ချင်း”

“ငှားရမ်းသက်တမ်းကုန်ရင် ဟိုတယ်ကို မြေပိုင်ရှင်ထံ လွှဲပြောင်းပေးခဲ့ရမှာပေါ့”

“ဟုတ်ပါတယ်၊ ဒါကြောင့် မြေငှားပြီး ဆောက်တဲ့ အဆောက်အအုံကို ဝယ်တယ်ဆိုတာ မရှိကြတော့ဘူး။ မြေကွက်ကို ငှားပြီး ယာယီအဆောက်အအုံ ဆောက်လို့ စီးပွားရေးလုပ်ငန်း (ဥပမာ-ရေပိုက်ဆိုင်၊ စားသောက်ဆိုင်၊ ကားအရောင်းပြ ခန်း) မျိုးတွေသာရှိလာကြတော့တယ်”

“မြေရှင်နဲ့ သေချာတွေ့ဖို့တော့ လိုမှာပေါ့နော်”

“မှန်ပါတယ်။ မြေရှင်နဲ့ မြေရှင်၊ မြေငှား သဘောတူစာချုပ် ချုပ်ရပါမယ်။ ဒါမှ အဆောက်အအုံကို မြေရှင်က မပတ်သက်နိုင်မှာဖြစ် တယ်။ သူငယ်ချင်းကို ရှင်းအောင် ပြောရရင် တရားရုံးချုပ်ကဆုံးဖြတ်ထားတဲ့ ဒေါ်ထွေးသိန်းနှင့် ဦးရွှေကူ ပါ နှစ်ဦး၊ ၁၉၉ဝ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၆၂ မှာ မြေကို ငှားရမ်း၍ အိမ်ဆောက်နေသူ မြေငှားထံမှ အိမ်ကိုဝယ်ပြီး ထိုအိမ်ပေါ်တွင် ဝင်ရောက်လက်ရှိနေထိုင် သူသည် အချင်းဖြစ် အိမ်ကို ဝယ်ရာ၌ စာချုပ်စာတမ်း မှတ်ပုံတင် ဥပဒေအရ မှတ်ပုံတင်ထားသည့် အရောင်း အဝယ်စာချုပ် မဟုတ်သဖြင့် ဥပဒေအရ အရောင်းအဝယ် အထမမြောက်ပေ။ မြေရှင်ထံသို့လည်း မြေငှားရမ်း ခများပေးသွင်းထားခြင်းမရှိသဖြင့် မူလမြေငှားထံမှတစ်ဆင့် ဆိုင်ရာ ဆိုင်ခွင့်ရရှိသူ မဟုတ်၍ ဝယ်ယူသူ သည် မြေရှင်နှင့် မြေငှား အလိုအ လျောက်မဖြစ် ကျူးကျော်နေထိုင်သူ သာဖြစ်သည်ဟု ဆုံးဖြတ်ထားပါ တယ်”

“ဒါဆိုရင် မှတ်ပုံတင် အရောင်း အဝယ် စာချုပ် ချုပ်ဆိုရမှာပေါ့”

“မှန်ပါတယ်။ နေအိမ် အဆောက်အအုံ အရောင်းအဝယ် စာချုပ်ကို မှတ်ပုံတင်စာချုပ်စာတမ်း ဥပဒေနဲ့အညီ မှတ်ပုံတင်ချုပ်ဆိုရပါမယ်။ မြေရှင်နဲ့လည်း မြေကွက်နဲ့ ပတ်သက်လို့ မြေငှားစာချုပ်ချုပ်ဆိုပြီး မြေငှားရမ်းခပေးသွင်းရမှာဖြစ်ပါတယ်။ ဒါမှ အိမ်ပိုင်ဆိုင်ခွင့်ကို တရားဝင်ရရှိမှာဖြစ်တယ် သူငယ်ချင်း”ဟု အကြံပြုဆွေးနွေးလိုက်ပါ သည်။

Credit to: ဈေးကွက်ဂျာနယ်