အမွေမီမြေး၊ အမွေမမီမြေးတို့နှင့် သက်ဆိုင်သည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ

“ အမွေပစ္စည်းတွေနဲ့ ပတ်သက်လို့ အမွေမီမြေး၊ အမွေမမီမြေးဆိုတာ ရှိတယ်လို့ သိရတယ်။ အမွေမမီဆိုတော့ အဲဒီမြေးတော်စပ်သူဟာ အမွေရပိုင်ခွင့် မရှိတော့ဘူးလား ဆရာ” ဟု မိတ်ဆွေတစ်ဦးက လာရောက်ဆွေး နွေးပါသည်။

“ ဘယ်လိုကိစ္စနဲ့ ကြုံတွေ့နေလို့ လဲ”

“ မြေကွက်တစ်ကွက်ဝယ်ဖို့ သွားကြည့်တာဆရာ”

“ စုံစမ်းခဲ့တယ်ဆိုပါတော့၊ ဂရန်မြေကွက်လား”

“ ဒဂုံမြို့သစ် အရှေ့ပိုင်းကဆိုတော့ ဂရန်ရနေပါပြီ။ တစ်ထပ်တိုက်လည်း ပါတယ်”

“ ဂရန်အမည်ပေါက် ကိုယ်တိုင်ရောင်းမှာလား”

“ ဂရန်အမည်ပေါက် လင်မယားနှစ်ယောက်က ကွယ်လွန်သွားကြပြီ ဆရာ”

“ ထပ်ဆင့် ဝယ်ထားသူက ရောင်းမှာလား”

“ အဲဒီမြေနဲ့ အိမ်မှာ အမည်ပေါက်သူနဲ့ သမီးအကြီးနေတယ်”

“ ဂရန်အမည်ပေါက်သူရဲ့ သမီးအကြီးနေတယ်ဆိုတော့ မိဘတွေက အိမ်ထောင်နှစ်ဆက်တွေဖြစ်နေလို့လား”

“ အဲဒီလိုတော့ မဟုတ်ပါဘူး ဆရာ။ သားသမီးလေးယောက်ရှိတာ သမီးကြီးက မိဘနဲ့ အတူနေတာပါ”

“ ကျန်တဲ့ သုံးဦးက အခြားနေရာမှာ နေကြတာပေါ့”

“ သမီးကြီးက ကျောင်းဆရာမ အပျိုကြီးဖြစ်ပြီး အမေကွယ်လွန်တော့ ဒုတိယညီမမိသားစုကို ခေါ်ထား တယ်။ သူ့ရဲ့ ခင်ပွန်းက တိုက်ပွဲမှာ ကျသွားတယ်လို့ ပြောပါတယ်”

“ တူ တူမတွေနဲ့ ညီမကို ခေါ်ထားတယ်ပေါ့။ ကျန်နှစ်ယောက်က အိမ်ထောင်ကွဲတွေပဲလား”

“ ပထမမောင်က မိခင်မကွယ် လွန်မီမှာ ကွယ်လွန်ခဲ့တယ်။ အငယ်ဆုံးမောင်ကတော့ မိသားစုတွေနဲ့ အိမ် ခွဲနေတယ်လို့ ပြောပါတယ်”

“ အခုကိစ္စက ကွယ်လွန်သွားတဲ့ မောင်ရဲ့ သားသမီးတွေက ကန့်ကွက်တာ မဟုတ်လား။ သားသမီးတွေက အရွယ်ရောက်နေပြီလား”

“ အဝေးသင်တက္ကသိုလ် နောက်ဆုံးနှစ်လို့ ပြောတယ်။ စက်ရုံမှာ အလုပ်လုပ်တယ် ပြောတယ်။ သူ့အမေက ဇနီးသည်အဖြစ် ကန့်ကွက်ရမှာ မဟုတ်လား။ မြေးဖြစ်သူက ကန့် ကွက်တဲ့ သဘောဖြစ်နေတယ်”

“ အဲဒီမှာ မိတ်ဆွေကြီးမေးတဲ့ အမွေမီမြေးနဲ့ အမွေမမီမြေးဆိုတဲ့ ဥပဒေပါ အခေါ်အဝေါ်ပေါ်လာတာပဲ”

“ ဟုတ်ကဲ့ ရှင်းပြပါဦး”

“ အမွေရှင် မိဘများကွယ်လွန်ပြီးမှ ကွယ်လွန်တဲ့ သားသမီးက မွေးဖွားသည့် သားသမီးကို အမွေမီမြေးလို့ ခေါ်တယ်။ အမွေမမီမြေးဆိုတာကတော့ အမွေရှင်မိဘတစ်ဦးဦးဖြစ်စေ၊ နှစ်ယောက်လုံးဖြစ်စေ၊ မကွယ်လွန်မီ ကွယ်လွန်သွားတဲ့ သားသမီးက မွေးဖွားတဲ့ သားသမီးကို အမွေမမီမြေးလို့ ဥပဒေအရ သတ်မှတ်ထားပါတယ်”

“ ဒါဆိုရင် အခုကိစ္စမှာ ပထမမောင်ဖြစ်သူက မိခင်ထက်စော ကွယ်လွန်သွားတယ်ဆိုတော့”

“ အဲဒီသားဖြစ်သူက မွေးတဲ့ အဝေးသင်တက္ကသိုလ်တက်နေတယ်ဆိုတဲ့ မိန်းကလေးဟာ အမွေရှင်အဘွားနဲ့ အမွေမမီမြေးဖြစ်လာပါတယ်။ အမွေမီ မြေးကတော့ မရှိဘူး။ ဘာလို့လဲဆိုတော့ ဒုတိယသမီးရဲ့ ခင်ပွန်းက ကွယ်လွန်သွားတာဆိုတော့ အမွေရှင်ရဲ့ သားမက်ဖြစ်လို့ သူက မွေးတဲ့ သားသမီးက ကွယ်လွန်သူ အဘွား၏ မြေးအဖြစ် တော်စပ်ပေမယ့် အမွေဆက်ခံခွင့်ရှိလာတဲ့ အမွေမီမြေးအဖြစ် မရောက်ဘူး”

ဘယ်လို့ဖြစ်လို့လဲဆရာ။ သူလည်း မြေးပဲ မဟုတ်လား”

“ ဘာလို့လဲဆိုတော့ အမွေရှင်ရဲ့ ဒုတိယသမီးက သက်ရှိထင်ရှားရှိနေတဲ့အတွက် သူကသာ တိုက်ရိုက်အ မွေဆက်ခံခွင့်ရှိမှာဖြစ်တယ်။ ဒုတိယ သမီးက မွေးတဲ့ သားသမီးတွေက အမွေမီ မြေးအဖြစ် မရောက်တော့ဘူး”

“ ဆရာပြောတဲ့ သဘောဆိုရင် အခုကိစ္စမှာ အဒေါ်ဦးလေးတွေနဲ့ တူမက အမွေခွဲရမယ့် သဘောပေါ့”

“ မှန်ပါတယ်”

“ တစ်ခုမရှင်းတာက ဆရာ။ အမေဖြစ်သူက မကန့်ကွက်ဘဲ သမီးဖြစ်သူက အမွေရှင် အဘိုးအဘွားရဲဲ့ မြေးဆိုပြီးကန့်ကွက်ခွင့်ရတာက ဘယ်လိုလဲ ဆရာ”

“ ဒီအချက်ကတော့ ဗုဒ္ဓဘာသာဝင်မြန်မာ့ဓလေ့ထုံးတမ်းဥပဒေရဲ့ ထူးခြားတဲ့ အချက်ဖြစ်တယ်။ လင် သို့မဟုတ် မယား ကွယ်လွန်သွားရာ ကျန်ရစ်သူ မုဆိုးဖိုသို့မဟုတ် မုဆိုးမသည် ယောက္ခမ၏ အမွေကို ဆက်ခံခွင့်မရှိလို့ မောင်အုန်းခင်နှင့် ဦးညို ရန်ကုန်စီရင်ထုံးအတွဲ၁ဝ စာမျက် နှာ ၁၂၄ မှာဆုံးဖြတ်ထားပြီး ယခု တိုင်ဥပဒေအဖြစ် လိုက်နာလျက်ရှိပါတယ်။ ဒါကြောင့် ဒီကိစ္စမှာ ပထမသားရဲ့ ချွေးမဖြစ်သူက အမွေရခွင့် မရှိပါဘူး”

“ ဒါပေမယ့် သူက မွေးတဲ့ သမီးကတော့ အမွေမမီမြေးအဖြစ် အမွေရခွင့်ရှိတယ်ပေါ့”

“ ဟုတ်ပါတယ်။ တကယ်လို့ ချွေးမဒါမှမဟုတ် သားမက်ဖြစ်သူက အမွေရှင်ရဲ့သား သို့မဟုတ် သမီးနဲ့ ရခဲ့တဲ့ သားသမီးရှိခဲ့ရင်တော့ အမွေ မမီမြေးအနေနဲ့ မြေးဖြစ်သူက အမွေရခွင့်ရှိမှာ ဖြစ်ပါတယ်”

“ ဒါပေမယ့် သမီးကြီးပြောတာက သူ့ရဲ့ ပထမမောင်ကွယ်လွန်သွားတဲ့အခါ အမေဖြစ်သူက မောင်ရဲ့ ဝေစုကို မြေးဖြစ်သူ အမည်နဲ့ ခွဲဝေပေးထားခဲ့တယ်လို့ ပြောတယ်။ ဒါကြောင့် ရပိုင်ခွင့်မရှိတော့ဘူးလို့ ပြောပါတယ်။ အဲဒါဖြစ်နိုင်ပါသလား”

“ စာချုပ်စာတမ်းနဲ့ ကြိုတင်ခွဲဝေပေးခဲ့တယ်ဆိုရင်တော့လည်း လက်ခံရမယ့် သဘောတော့ရှိတာပေါ့။ ဒါပေမယ့် ခိုင်မာတဲ့ စာချုပ်စာတမ်းဖြစ်ဖို့တော့လိုတယ်”

“ ဖခင်ရဲ့ အမွေဝေစုအဖြစ် ခွဲဝေပေးကြောင်း အတိအကျဖော်ပြ ချုပ်ဆိုထားဖို့ လိုမှာပေါ့”

“ မှန်ပါတယ်။ မိသားစု စီမံမှု စာချုပ် ချုပ်ဆိုပြီး သားသမီးအားလုံး ချွေးမ၊ မြေးအပါအဝင် လက်မှတ်ရေး ထိုးချုပ် ဆိုဖို့လိုပါတယ်။ တတ်နိုင်ရင် မှတ်ပုံတင်စာချုပ် ချုပ်ဆိုထားရင်ပိုပြီး ခိုင်မာမှုရှိတယ်”

“ ခိုင်မာတဲ့ စာချုပ်စာတမ်းမရှိရင်တော့ ဖခင်ဝေစုကို ခွဲဝေပေးရမှာပေါ့နော်”

“ မှန်ပါတယ်။ ဒါကြောင့်မို့ ညှိနှိုင်းဆောင်ရွက်ကြရင်တော့ ပိုကောင်းတာပေါ့”

“ အမှုအခင်းတွေများဖြစ်လာနိုင် မလား ဆရာ”

“ ညှိနှိုင်းမှုအဆင်မပြေရင်တော့ အမှုအခင်းတွေဖြစ်လာနိုင်တဲ့အတွက် အရောင်းအဝယ် နောက်ဆုတ်လိုက် တာကောင်းမယ်ထင်တယ်။ စရန်ငွေပေးထားသေးလား”

“ စရန်ငွေမပေးရသေးဘူး ဆရာ။ အိမ်ပွဲစားက ကန့်ကွက်တာရှိတယ်လို့ ပြောလို့ စုံစမ်းမေးမြန်းခဲ့တာပါ”

ဒါဆိုရင် စဉ်းစားဆုံးဖြတ်ပြီးမှ ဝယ်ပါဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

Credit to: ‌‌ဈေးကွက်ဂျာနယ်