ဘာသာမတူသူ မွေးစားသားသမီးထံမှ အိမ်နှင့်မြေကို ဝယ်လျှင်
ရုံးခန်းသို့ စာရေးသူ ရောက်သည့်အခါ အမျိုးသားတစ်ဦးထိုင်နေသည်ကို ကျောဘက်မှ မြင်တွေ့လိုက်ရသည်။ ခြေသံကြားသဖြင့် ထိုသူသည် စာရေးသူကို လှည့်ကြည့်ပြီး ရပ်လိုက်သည်။
“ဦးလေး ကျွန်တော် စိုးပိုင်ပါ” ဟု အရိုအသေပြုလျက် နှုတ်ဆက်လိုက်ပါသည်။
သူနှုတ်ဆက်လိုက်သည့်အခါမှ စာရေးသူလည်း ထိုလူကို သေချာကြည့်မိသည်။ ထို့နောက် ညီမဝမ်း ကွဲတစ်ဦး ၏ သားဖြစ်ကြောင်း သတိရလိုက်သည်။
“အေး…ထိုင်ကွာ၊ မတွေ့တာ နှစ်အတော်ကြာပြီဆိုတော့ ဦးလေးက ရုတ်တရက် မမှတ်မိလိုက်ဘူး နိုင်ငံခြား သင်္ဘောမှာ အလုပ်လုပ်နေတယ်လို့ သိထားတာလေ”
“ဒီတစ်ခေါက်ကြာသွားတယ်။ ဦးလေးနဲ့ ကျွန်တော် မတွေ့တာဆိုရင် ငါးနှစ်လောက်ရှိမယ်ထင်တယ်”
“အေး မင်းရဲ့ အမေနေကောင်းရဲ့လား”
“ကောင်းပါတယ်။ အခုလည်း အမေက လွှတ်လိုက်တာ။ အစက အမေကိုယ်တိုင်လိုက်လာဖို့ အစီအစဉ်ရှိ တယ်။ လာမယ် လာမယ်နဲ့ ကျွန်တော်လည်း မအားတာကြောင့် အချိန်မရဖြစ်နေခဲ့တာ။ ဒီနေ့တော့ အမေက တရားစခန်းဝင်မှာမို့ ကျွန်တော်လိုက်ပို့ရင်း ဦးလေးဆီဝင်လာတာ”
“ထွေထွေထူးထူးပြောစရာရှိလို့လား”
“ဒီလိုပါ ဦးလေးရဲ့။ ကျွန်တော်လည်း ငွေအတော်အတန်စုမိထားတော့ အိမ်နဲ့ မြေတစ်ကွက်ဝယ်ထားချင်လို့”
“ကောင်းတဲ့ အလုပ်ပဲ၊ အားပေးရမှာပေါ့”
“ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာ မရှင်းလင်းတာတစ်ခုဖြစ်နေလို့”
“ဝယ်ဖို့ စိတ်ကူးထားတဲ့ အိမ်က တွေ့နေပြီလား”
“ဟုတ်ကဲ့၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမှာပါဦးလေး”
“မြေက ဂရန်ရပြီလား၊ ပါမစ်မြေဖြစ်နေဦးမယ်”
“ဂရန်မြေ ဦးလေး။ အိမ်ကလည်း တစ်ထပ်တိုက် ဆောက်ထားတယ်”
“ဂရန်အမည်ပေါက် ကိုယ်တိုင်ရောင်းမှာလား”
“ဂရန်အမည်ပေါက်နှစ်ဦးလုံးက ကွယ်လွန်သွားပြီ”
“ဂရန်အမည်ပေါက်က နှစ်ဦးဆိုတော့ သူတို့ နှစ်ဦးက ဘယ်လိုတော် စပ်ကြတာလဲ”
“မောင်နှမအရင်းလို့ ပြောပါတယ်”
“မောင်နှမအရင်းဆိုတော့ အိမ်ထောင်ရှိကြမှာပေါ့”
“အိမ်ထောင်မရှိ လူပျိုကြီး အပျိုကြီးလို့ ပြောပါတယ်”
“လူပျိုကြီး အပျိုကြီးဘဝနဲ့ ကွယ်လွန်သွားတော့ အမွေဆက်ခံတဲ့ သွေးရင်းမောင်နှမတွေနဲ့ ဆက်သွယ်ဆောင် ရွက်ရမှာ ဖြစ်တယ်”
“ပြောစကားအရတော့ မွေးချင်း မောင်နှမတွေ မရှိကြဘူး။ သူတို့ မောင်နှမနှစ်ဦးတည်းရှိတာလို့ သိရတယ်”
“ဒါဆိုရင် သူတို့နဲ့ အနီးစပ်ဆုံး ဆွေမျိုးက သူတို့ပိုင် အိမ်မြေအပေါ် အမွေထိန်းစာထုတ်ပေးဖို့ တရားရုံးမှာ လျှောက်ထားရမယ်။ အမွေထိန်း စာရသူထံမှတစ်ဆင့် ဝယ်ယူရမှာဖြစ်တယ်”
“ဒီလို မဟုတ်ဘူး ဦးလေးရဲ့။ ကွယ်လွန်သွားတဲ့ နှမဖြစ်သူက သမီးတစ်ဦးကို မွေးစားလိုက်တယ်”
“မွေးစားတယ်ဆိုတော့ အစ်ကို ဖြစ်သူ သက်ရှိထင်ရှားရှိစဉ် မွေးစားခဲ့တာလား”
“မဟုတ်ဘူး ဦးလေး။ အစ်ကိုဖြစ်သူ ကွယ်လွန်ပြီး သူတစ်ဦးတည်း ကျန်တော့မှ မွေးစားခဲ့တာလို့ ပြောတယ်”
“စာချုပ်စာတမ်းနဲ့ ကတ္တိမ စာချုပ် ချုပ်ဆိုပြီး မွေးစားတာ ဟုတ်မဟုတ် မေးကြည့်ခဲ့လား”
“ကိတ္တိမစာချုပ် ချုပ်ဆိုပြီး မှတ်ပုံတင်ပြုလုပ်ထားတာတွေ့ခဲ့တယ်”
“ဒါဆိုရင်တော့ ပူးတွဲပိုင်ရှင်က မောင်နှမဖြစ်နေတာရယ်။ အစ်ကိုဖြစ်သူက အရင်ကွယ်လွန်သွားလို့ သူ့ရဲ့ ဝေစုဟာ နှမဖြစ်သူထံ ရောက်သွားတယ်။ ဒါကြောင့် အိမ်နဲ့ မြေအားလုံးရဲ့ ပိုင်ရှင်ဟာ နှမဖြစ်သူ တစ်ဦးတည်း ဖြစ်လာတယ်။ အဲဒီအမျိုးသမီးကြီး လွယ်လွန်သွားတော့ သူ့ရဲ့ အမွေအားလုံးကို ကိတ္တိမမွေးစားသမီးက ရခွင့်ရှိ လာမှာဖြစ်တယ်”
“ဟုတ်ကဲ့ ဦးလေး။ ဥပဒေရ ကိတ္တိမမွေးစားသမီးဖြစ်သူထံက အိမ်နဲ့ မြေကို တရားဝင်ဝယ်လို့ရတယ်ပေါ့”
“မှန်ပါတယ်။ မြေပိုင်ရှင်နှစ်ဦးက မောင်နှမအရင်းဖြစ်တယ်။ အပျိုကြီး လူပျိုကြီးဘဝနဲ့ ကွယ်လွန်တယ်။ ကိတ္တိမ တရားဝင်မွေးစားခြင်းဖြစ်တယ်ဆိုတဲ့ အချက်တွေကို စုံအောင် စာရွက်စာတမ်းတွေတော့ စုဆောင်းရလိမ့်မယ်”
“ဟုတ်ကဲ့ ဦးလေး။ အခု မွေးစားခံရတဲ့ မိန်းကလေးက ခရစ်ယာန်ဘာသာကိုးကွယ်သူဖြစ်နေတယ်။ ဗုဒ္ဓ ဘာသာဝင်အမျိုးသမီးတစ်ဦးက ဘာသာခြားတစ်ဦးကို မွေးစားခွင့်ရှိပါသလား။ အဲဒါ ကျွန်တော် သိချင်တာဦး လေး”
“သားသမီးမွေးစားခြင်းနဲ့ ပတ်သက်လို့က တို့ဗုဒ္ဓဘာသာဝင်တွေမှာပဲရှိတဲ့ အထူးဥပဒေတစ်ရပ်ဖြစ် တယ်။ အဲဒီမှာ ကိုစိုးပိုင်မေးတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးက ကိုးကွယ်ရာ ဘာသာမတူသူကို မွေးစားခွင့်ရှိသ လားဆိုတာနဲ့ ပတ်သက်လို့ မွေးစား မိဘနှင့် ကိုးကွယ်ရာဘာသာမတူသူတို့အား သားသမီးအဖြစ် မွေးစားရန် ဓမ္မသတ်များက တားမြစ်ပိတ်ပင်ထားခြင်းမရှိပေဟု တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ (မပွင့်နှင့်မရင်) Ma Bwin Vs Ma Yin S.J.100 အမှုမှာ ဆုံးဖြတ်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ဘာသာကိုးကွယ်ရာ မတူပေမယ့် ကိတ္တိမ မွေးစား စာချုပ်မှတ် တင်ထားရင်တော့ အမွေစား အမွေခံ သားသမီးအဖြစ် အမွေဆက်ခံခွင့်ရှိမှာ ဖြစ်ပါတယ်”
“ဒါဆိုရင် အခုပြောတဲ့ ကိတ္တိမ မွေးစားစာချုပ်ပြုလုပ်ထားတဲ့ ခရစ်ယာန်ဘာသာဝင်အမျိုးသမီးနဲ့ အရောင်းအ ဝယ် မှတ်ပုံတင်စာချုပ် ပြုလုပ်လို့ရပြီပေါ့”
“ဟုတ်ပါတယ်။ စိတ်ချလက်ချ ဝယ်လို့ရပါတယ်”
“ဒါနဲ့ ဦးလေး၊ ဘာသာခြားကိုတော့ ကိတ္တိမမွေးစားလို့ရတယ်ဆိုတော့ လူမျိုးခြားကို မွေးစားလို့ရပါသလား”
“လက်ရှိ ပြဋ္ဌာန်းထားတဲ့ ဥပဒေများအရတော့ နိုင်ငံခြားသား တစ်နည်းပြောရရင် လူမျိုးခြား (ဥပမာ တရုတ်၊ အိန္ဒိယ၊ ဂျပန်) စသဖြင့် ပေါ့ကွယ်။ တစ်ဦးဦးက ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်သည့်တိုင် မြန်မာဗုဒ္ဓဘာသာဝင် တစ်ဦးဦး ဒါမှမဟုတ် ဗုဒ္ဓဘာသာဝင် လင်မယားနှစ်ဦးက ကိတ္တိမသားသမီးအဖြစ် (အမွေစားအမွေခံ သားသမီး အဖြစ်) မွေးစားခွင့်မရှိပါဘူး။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မဝေါင်ရွှေလင်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ၁၉ရဝ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၂၂၂ မှာ ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေတွင်၊ နိုင်ငံသား မိဘများက ကိတ္တိမ အမွေစားအမွေခံ မွေးစားသော သားသမီးများသည် အလိုအလျောက်နိုင်ငံ သားဖြစ်သည်ဟု ပြဋ္ဌာန်းထားခြင်းမရှိကြောင်း ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် နိုင်ငံခြားသားက မွေးဖွားတဲ့ သားသမီးကို မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တို့ က မွေးစားသားသမီးအဖြစ် မွေးစားခွင့် မရှိပါဘူး”
“ဟုတ်ကဲ့ပါ။ ဗဟုသုတလည်း ရပါတယ်။ အရောင်းအဝယ်စာချုပ်ကို ဦးလေးဘဲ တာဝန်ယူဆောင်ရွက်ပေးပါ” ဟု ပြောဆိုကာ လက်ဆောင် ပစ္စည်းနှင့်တစ်ကွ ကန်တော့သွားပါသည်။
Credit to: ဈေးကွက်ဂျာနယ်