အမွေရှင်အားဖြားနာစဥ်ပြုစုသော သွေးသားတော်စပ်မှုမရှိသူထံမှ အိမ်ကိုဝယ်လျှင်

မကြာမီ ရက်ပိုင်းကဖြစ်သည်။ မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက ‘မြေနှင့် အိမ်ဝယ်ရန် ကိစ္စအတွက် လိုက်ပါ ဆောင်ရွက်ပေးပါ’ဟု စာရေး သူကို တောင်းဆိုလာပါသည်။

‘အိမ်နဲ့ မြေက ဘယ်မြို့နယ်မှာ ရှိတာလဲ’

“ဒဂုံမြို့သစ် မြောက်ပိုင်းမှာပါ ဆရာ။ ကျွန်တော်တို့က သိပ်နားမလည်တော့ သူတို့ပြတဲ့ စာရွက်စာတမ်း စုံမစုံ လိုအပ်ချက်ရှိ မရှိ။ လိုအပ်ချက်ရှိရင်လည်း ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ဆရာလိုက်ပါ ကြည့်ရှုပေးဖို့ အကူအညီတောင်းတာပါဆရာ”

“အကြမ်းဖျင်း ဘယ်အချက်တွေ သိထားသလဲ။ မြေကွက်က ဂရန်မြေဖြစ်ပြီလား။ ပါမစ်မြေအဆင့်ပဲလား”

“မြေက ဂရန်မြေလို့ ပြောပါတယ်။ အမည်ပေါက်ကတော့ သူ့အဒေါ် အမည်ပေါက်လို့ သိရတယ်”

“အဒေါ်ဖြစ်သူက ရှိသေးလား”

“အဒေါ်ဖြစ်သူက ကွယ်လွန်သွားပြီ ပြောပါတယ်”

“ဒါဆိုရင် အဒေါ်ဖြစ်သူရဲ့ ခင်ပွန်းက ရှိသေးတယ်ပေါ့”

“အဒေါ်ရဲ့ လင်ယောကျ်ားလည်း ကွယ်လွန်သွားပြီလို့ ပြောပါတယ်”

“ဒါဆိုရင် ဦးလေးနဲ့ အဒေါ်နှစ် ဦးလုံးကွယ်လွန်သွားကြပြီပေါ့။ သူတို့မှာ သားသမီးမကျန်ရစ်ခဲ့ဘူးလား”

“သားသမီးမရှိဘူး ပြောပါတယ်။ အမွေဆက်ခံသူကလည်း သူတစ်ယောက်တည်းလို့ ပြောတယ်။ ဦးလေးနဲ့ ဒေါ်လေးမကွယ်လွန်မီ လွန်ခဲ့တဲ့ ၂၅ နှစ်ခန့်ကတည်းက ဦးလေး၊ ဒေါ်လေးတို့နဲ့အတူ နေထိုင်ခဲ့ကြတယ်လို့ ပြောပါတယ် ဆရာ”

“အိမ်ထောင်ရှိသလား”

“အဲဒါတော့ ကျွန်တော် မသိဘူး ဆရာ”

“တူမတော်တယ်ဆိုတော့ ဘယ်သူ့ဘက်က တော်စပ်တယ်လို့ သိပါသလဲ”

“ဒါတော့ ကျွန်တော် သေချာ မသိဘူး ဆရာ။ အဒေါ်ဖြစ်သူဘက်က ဖြစ်မယ်ထင်တယ်”

“ဒါဆို သွားကြည့်လိုက်တာပေါ့။ အမွေဆက်ခံသူအနေတဲ့ တူမဖြစ်သူ တစ်ဦးတည်းသာရှိတယ်ဆိုတာ ထူး ဆန်းနေသလိုပဲ”

သို့နှင့် ကျွန်တော်နှင့် လူငယ်လေးသည် ရောင်းမည်ဆိုသော ဒဂုံမြောက်ရှိ နေအိမ်သို့ ရောက်ရှိသွားပါသည်။

အသက်လေးဆယ်ခန့်ရှိမည့် ဖြူဖြူသွယ်သွယ်မိန်းကလေးတစ်ဦး အိမ်ဝသို့ ထွက်လာပါသည်။

“သြော် ဟိုနေ့က အိမ်ဝယ်ဖို့လာကြည့်တဲ့ အစ်ကိုကြီးထင်တယ်”ဟု မိတ်ဆွေ၏ သားဖြစ်သူကို နှုတ်ဆက် ကြိုဆိုလိုက်ပါသည်။

“ဒါက ကျွန်တော့်အမေရဲ့ မိတ်ဆွေ ကျွန်တော်နဲ့ ဦးလေးရင်းလို ခင်မင်တဲ့ ရှေ့နေတစ်ဦးပါ”လို့ ထိုအမျိုး သမီးနှင့် မိတ်ဆက်ပေးပါသည်။

“လာပါ၊ ထိုင်ပြီး အေးအေးဆေးဆေး စကားပြောကြတာပေါ့”ဟု မိန်းကလေးက ပြောဆိုတာ ဧည့်ခန်းတွင် ထိုင်ခွင့်ပြုလိုက်ပါသည်။

“ဆရာက အိမ်နဲ့ ပတ်သက်လို့ အဆက်အစပ် စာချုပ်တွေ ကြည့်ရှုချင်လို့ပါ”ဟု မိတ်ဆွေ၏ သားငယ်က စကားဦးသန်းလိုက်ပါသည်။

သြော် – ရပါတယ်။ ခဏလေးနော်ဟုဆိုက အိမ်ခန်းထဲသို့ ဝင်သွားပါသည်။

မကြာမီမှာပင် မိန်းကလေးသည် စာရွက်စာတမ်းဖိုင်တွဲတစ်ခုကို ကိုင်လျက် အိမ်ခန်းထဲမှ ထွက်လာသည်။

“ဒါကတော့ အဒေါ့်အမည်ပေါက် ဂရန်စာချုပ်ပါ”ဟု ဂရန်စာ ချုပ်မူရင်းတစ်စောင်ကို ထုတ်ပြန်ပါသည်။

“စာရေးသူက ဂရန်စာချုပ်ကို ဖတ်ရှုလေ့လာပြီးနောက်”

“ဂရန်စာချုပ် အမည်ပေါက် အဒေါ်ဖြစ်သူက မိန်းကလေးရဲ့ အဒေါ်အရင်းလား”

“မဟုတ်ပါဘူး။ ကျွန်မက အဒေါ်ရဲ့ခင်ပွန်း ဦးကြီးရဲ့ တူမအရင်းပါ”

“သြော်-ဟုတ်ပါပြီ” မိန်းကလေး၏ အပြောကြောင့် စိတ်ထဲဘဝင်မကျသလိုတော့ ဖြစ်သွားသည်။

“ညီမရဲ့ ဦးကြီးဖြစ်သူက အရင်ကွယ်လွန်သွားတာ မဟုတ်လား”ဟု စာရေးသူနှင့်အတူ ထိုင်နေသော မိတ် ဆွေ၏ သားဖြစ်သူက မေးလိုက်သည်။

“ဟုတ်ပါတယ်။ ဦးကြီးနဲ့ အဒေါ်က ကျွန်မ ခုနစ်တန်းကျောင်းသူဘဝကတည်းက အတူနေခဲ့တာပါ။ အခု ကျွန်မအိမ်ထောင်ကျသည့်တိုင် အတူနေခဲ့ကြတာပါ”

“ဒါဆိုရင် ဦးကြီးဖြစ်သူ ကွယ်လွန်တဲ့ နောက်မှာလည်း အဒေါ်နဲ့ အတူနေထိုင်ခဲ့တာပေါ့”

“ဦးကြီးနဲ့ အဒေါ်က မွေးစားသမီးအဖြစ် မွေးစားခဲ့တယ်လို့လည်း ပြောလို့ရပါတယ်။ သမီးရင်းတစ်ဦး လို ကျွန်မငယ်စဉ်ကတည်းက ကျွေးမွေးခဲ့တာပါ”

“မွေးစားသမီးဆိုလို့ စာချုပ်စာတမ်း မှတ်ပုံတင်စာချုပ်နဲ့ မွေးစားခဲ့တာတော့ မရှိဘူးမဟုတ်လား”

“စာချုပ်စာတမ်းနဲ့ မွေးစားခဲ့တာ မဟုတ်ပေမယ့် ဆွေမျိုးအားလုံး ကျွန်မရဲ့ သူငယ်ချင်းအားလုံးကတော့ ဦးကြီးနဲ့ ဒေါ်လေးက ကျွန်မရဲ့ မွေးစားမိဘများလို့ သိထားပါတယ်”

“မြေအမည်ပေါက် ဒေါ်လေးမှာ နီးစပ်ရာဆွေမျိုး ကျန်ရှိသေးသလား”

“ဘယ်သူမှ လာရောက်ပြုစုတာ မရှိပါဘူး။ ကျွန်မကသာ ဒေါ်လေးကို တောက်လျှောက်ပြုစုခဲ့တာပါ။ သာ စဉ်နာစဉ်ဆိုတာ မရှိပါဘူး။

“ဟုတ်ပါတယ်။ အိမ်မြေအရောင်းအဝယ်ကိစ္စဖြစ်နေတော့ အမွေကိစ္စတွေ ရှုပ်ထွေးလာမှာ စိုးရိမ်လို့ပါ”ဟု စာရေးသူက ဆွေးနွေးပါသည်။

“ကန့်ကွက်စရာမရှိပါဘူး။ ကျွန်မက ငယ်စဉ်မှစပြီး အတူနေခဲ့သူပါ”

“မှန်ပါတယ်။ ဒါပေမယ့် လင်မယားနှစ်ဦးပိုင်ဖြစ်နေတော့ ဂရန်အမည်ပေါက်ရဲ့ ဆွေမျိုးရင်းချာများ ရှိနေမလား လို့ပါ”

“အဒေါ့်မှာ ညီမတစ်ယောက်တော့ရှိတယ်။ သူ့သားသမီးနှစ်ယောက်ကတော့ အမွေလိုချင်တဲ့ သဘော ပြောတာတော့ ရှိပါတယ်။ ဒါကလည်း ဒေါ်လေးကွယ်လွန်စဉ်ကာလက ဖြစ်ပါတယ်။ အခုတော့ ဘာမှပြောဆို တာ မရှိတော့ပါဘူး”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ကွယ်။ ဦးလေးတို့စရန်ပေးမယ့်ရက်ကို အကြောင်းကြားပါမယ်”ဆိုပြီး မိတ်ဆွေ၏ သားကို ခေါ်ကာ စာရေးသူတို့ ပြန်ခဲ့ကြပါသည်။

အိမ်အပြန်လမ်း၌ နီးရာစားသောက်ဆိုင်တစ်ဆိုင်သို့ဝင်ပြီး စားသောက်ဖြစ်ခဲ့သည်။

စားသောက်ဆိုင်ရောက်သည့်အခါ မိတ်ဆွေ၏ သားဖြစ်သူက –

“အခြေအနေဘယ်လိုရှိသလဲ ဆရာ၊ အမွေကိစ္စရှင်းလင်းပါရဲ့လား” ဟု မေးပါသည်။

“ဥပဒေအကြောင်းအရ ကြည့်ရင်တော့ ဒီမိန်းကလေးက အမွေဆက်ခံခွင့် မရှိသူဖြစ်နေတယ်”

“ခင်ဗျာ။ ဘယ်လိုဖြစ်လို့လဲ ဆရာ”ဟု အံ့သြသင့်စွာဖြင့် မေးပါသည်။

“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရဆိုရင် အမည်ပေါက်သူနဲ့ ခင်ပွန်းဖြစ်သူတို့မှာ လင်ယောကျ်ားဖြစ်သူက ဦးစွာ ကွယ်လွန်သွားတဲ့အတွက် လင်ယောကျ်ားရဲ့ ဝေစုဟာ ဇနီးသည်ထံ ရောက်ရှိသွားမှာ ဖြစ်ပါတယ်”

“အစကတည်းက ဇနီးအမည် ပေါက်ဆိုတော့ လင်ယောကျ်ားက မဆိုင်တော့ဘူး။ မဟုတ်လား”

“အဲဒီလိုတော့ မဟုတ်ဘူး။ လင်မယားနှစ်ဦး လက်ထက်ပွား ပစ္စည်းဆိုရင် မြေအမည်ပေါက်သည့်တိုင် လင်မယားနှစ်ဦးပိုင်ပစ္စည်းအဖြစ် ဥပဒေအရ တည်ရှိနေမှာဖြစ်တယ်။ ဒါကြောင့် ခင်ပွန်းက အရင်ကွယ် လွန်တဲ့ အတွက် မြေနဲ့အိမ်ဟာ ဇနီးတစ်ဦးတည်းသာ ပိုင်ရှင်ဖြစ်လာတယ်”

“ဒါဆိုရင် ဇနီးဖြစ်သူရဲ့ ဆွေမျိုးတွေကဘဲ အမွေဆက်ခံခွင့်ရှိမှာပေါ့”

“ဟုတ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးဘစန်ပါ (၃) နှင့် ဒေါ်လှလှပါ (၃) ၁၉၈၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၈၇ မှာ အမွေရှင်အား သာစဉ်နာစဉ်ပြုစုစောင့် ရှောက်သော် လည်း အမွေရှင်ထက် ဦးလေးတော်စပ်သူက စော၍ ကွယ်လွန်သွားသဖြင့် ဦးဘစန်တို့သည် အမွေရှင်နှင့် သွေးသားမတော်စပ်၍ အမွေဆက်ခံခွင့်မရှိလို့ ဆုံးဖြတ်ထားပါတယ်”

“ဒါဆိုရင် အခုရောင်းမယ်ဆိုတဲ့ မိန်းကလေးက အမွေရခွင့်မရှိဘူးပေါ့”

“ဒါကြောင့် စဉ်းစားဆုံးဖြတ်ဖို့ လိုပါတယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်