ရောင်းသူ၏ ခွင့်ပြုချက်ဖြင့် နေထိုင်သူရှိသော အိမ်နှင့်မြေကို ဝယ်မိလျှင်
ရုံးခန်းသို့ စာရေးသူရောက်သည့်အခါ မိတ်ဆွေ ဦးသန်းနိုင်ရောက်နေသည်ကို တွေ့လိုက်ရသည်။
“ဦးသန်းနိုင်ရောက်နေတာကိုး” စာရေးသူက နှုတ်ခွန်းဆက်လိုက်ပါသည်။
“ဟုတ်ကဲ့ ဆရာ၊ ကိစ္စလေးဆွေးနွေးချင်တာနဲ့ စောပြီးထွက်လာတာ”
“လာ-ထိုင်ဗျာ ဘယ်လိုအခက်အခဲတွေရှိနေလို့လဲ”
“အိမ်တစ်လုံးဝယ်လိုက်တာ၊ နေတဲ့သူကအိမ်ကနေ ဆင်းမပေးလို့ ဆရာ”
“ရောင်းသူက အိမ်ကဆင်းမပေးတာလား၊ ရောင်းသူနဲ့ ဘယ်လိုဆွေ မျိုးတော်စပ်နေသလဲ”
“ရောင်းသူနဲ့ တူမတော်စပ်တယ် ဆရာ”
“ဒါဆိုရင်တော့ ရှင်းဖို့လွယ်ပါတယ်။ တစ်ခါတစ်ရံမှာ မိမိဝယ်တဲ့ အိမ်ကိုပဲ နောက်တစ်ဦးကို ထပ်ပြီး ရောင်းထား တာမျိုးရှိတယ်”
“ဝယ်စဉ်တုန်းကတော့ စုံစမ်းခဲ့ပါတယ်။ ဆရာပြောသလို ဝယ်ထားပေါင်ထားသူတွေက လက်ဝယ်ရယူ နေထိုင်ကြလို့ အမှုအခင်းတွေဖြစ်ကြတယ်ဆိုတာ ကြားဖူးနားဝတော့ရှိခဲ့တယ်”
“အရောင်းအဝယ်စာချုပ်ထဲမှာ ဘယ်နေ့ဘယ်ရက်ဆိုရင် အိမ်အလွတ်ကို လွှဲပြောင်းပေးမယ်လို့ မပါဘူးလား”
“ပါပါတယ် ဆရာ၊ ဒါပေမယ့် ဆင်းမပေးနိုင်ဘူးဆိုလို့ အခက်အခဲ တွေ့နေရတယ်”
“ငွေအပြီးအကြေပေးပြီးပြီလား”
“ငွေအကြေပေးမယ့် ရက်မှာပဲ အိမ်အပ်ဖို့ အခက်အခဲရှိနေတယ်။ ပြောင်းရွှေ့ဖို့နေရာလည်း မတွေ့သေးလို့ တစ်လစောင့်ပါဆိုတာနဲ့ စောင့်ပေးခဲ့တယ်။ အခုတစ်လစေ့တော့လည်း ဖယ်မပေးသေးတော့ စိတ်ဆင်း ရဲနေရတာပေါ့ ဆရာ”
“ဒါနဲ့ အိမ်ဆိုတော့ မြေနဲ့အိမ်ကို ဝယ်လိုက်တာ ထင်တယ်”
“ဟုတ်ပါတယ် ဆရာ၊ စရန်ငွေ ပေးစဉ်က ကန့်ကွက်ရန်ရှိ မရှိ သတင်းစာထဲမှာ ကြော်ငြာထည့်ခဲ့ပါတယ်။ အဲဒီအချိန်ကတော့ ကန့်ကွက်သူမရှိခဲ့ဘူး”
“မြေက ဂရန်မြေပဲလား၊ အမည်ပေါက်သူက ရောင်းသူကိုယ်တိုင်လား”
“ဂရန်အမည်ပေါက်က ရောင်းသူ အမည်ပေါက်ဆရာ”
“သူက ဝယ်ထားတာပေါ့”
“ဝယ်ထားတာတော့ မဟုတ်ဘူးဆရာ။ သူ့မိဘတွေအမည်ပေါက် မြေနဲ့အိမ်လို့ သိရတယ်။ ရောင်းသူက မိဘတွေက အပေးစာချုပ်နဲ့ ပေးခဲ့တာလို့ ပြောတယ်”
“ရောင်းသူအမည်ကို ပြောင်းထားတယ်ဆိုတော့ မိဘတွေရဲ့ အပေးစာချုပ်က မှတ်ပုံတင်ပြုလုပ်ထားပြီးသား ဖြစ်လိမ့်မယ်”
“ဟုတ်ကဲ့၊ ကျွန်တော် ဖတ်ကြည့်ခဲ့တော့ ဆရာပြောသလို မှတ်ပုံတင်ပြုလုပ်ချုပ်ဆိုထားတဲ့ အပေးစာချုပ် ဖြစ်နေတယ်”
“ပြဿနာတော့ သိပ်မရှိပါဘူး။ အခုနေသူက ရောင်းသူရဲ့ တူမအရင်း တော်စပ်တာလား”
“ဟုတ်တယ် ဆရာ၊ တူမအရင်းလို့ ပြောပါတယ်။ အစကရောင်းသူ အမျိုးသမီး မိသားစုနဲ့အတူနေတာလို့ ပြောတယ်။ နောက်ပိုင်းမှာ ရောင်းသူ အမျိုးသမီးရဲ့ ခင်ပွန်းကနယ်မှာ တာဝန်ကျလို့ ပြောင်းနေကြတယ်”
“အခုပြန်လာနေမယ်ဆိုတော့ ဖယ်မပေးလို့ ရောင်းလိုက်တာ ဖြစ်နေဦးမယ်”
“ပြန်လာတော့ မနေဘူးဆရာ၊ နယ်မှာပဲ လုပ်ငန်းရှိတော့ ဒီအိမ်နဲ့ မြေကို ရောင်းတာ”လို့ ပြောပါတယ်။
တူမဖြစ်သူက ဆက်နေတဲ့ သဘောပေါ့။
“တူမဖြစ်သူက အိမ်ထောင်ပြုလိုက်တာကြောင့် နေစရာမရှိလို့ ခေတ္တနေခိုင်းထားတာ ပြောပါတယ်”
“တူမဆီက အိမ်လခယူတာမျိုး ရှိသလား၊ ဘာသိပါသေးသလဲ”
“အိမ်လခနဲ့ထားတာတော့ မဟုတ်ဘူးဆရာ”
“အကယ်၍ အိမ်ရောင်းဖြစ်ရင် ဖယ်ပေးမယ်ဆိုတာမျိုး ကတိပေးထားတာ ရှိ မရှိ မေးကြည့်ခဲ့သေးလား”
“ရောင်းသူ ပြောစကားအရတော့ သူတာဝန်ယူပြီး ဖယ်ရှားပေးပါမယ်”လို့ ပြောပါတယ်။
“ဒါဆိုရင်တော့ တူမဖြစ်သူကို ခွင့်ပြုချက်နဲ့ထားတဲ့သဘောဖြစ်နေတယ်”
“ဟုတ်ပါတယ် ဆရာ။ သူတို့ကလည်း တူမဖြစ်သူထံက ဘာငွေကြေးမှ မယူဘဲ ခွင့်ပြုချက်နဲ့ထားတာပါလို့ ပြော ပါတယ်”
“ဖယ်ရှားပေးရမယ့် တာဝန်က ရောင်းသူထံမှာရှိနေတယ်လေ။ အဒေါ်ဖြစ်သူထံက ငွေကြေးတစ်စုံတစ်ရာ တောင်းခံထားတာရှိတယ်နဲ့ တူတယ်”
“အခု အခြေအနေက ကျွန်တော့်မှာ နောက်ဆုံး အရစ်ပေးဖို့ ကျန်ငွေနည်းနည်းပဲလိုတော့တာ ဆရာ”
“သုံးပုံနှစ်ပုံခန့်ငွေချေပြီးတဲ့ သဘောပေါ့”
“ဟုတ်ပါတယ် ဆရာ၊ သူက နယ်မှာနေတာဆိုတော့ ကျန်ငွေကို အဆုံးခံပြီး ရှောင်နေတာဆိုရင် ကျွန်တော် လက်မဲ့ဖြစ်သွားမယ် ဆရာ”
“ရောင်းသူက နယ်မှာဆိုတော့ တွေ့ဆုံဖို့က ခက်ခဲနေပြန်တာပေါ့။ အခု ဘယ်လိုပြောသလဲ”
“တူမဖြစ်သူနဲ့ ညှိနှိုင်းလိုက်ပါ။ သူလည်း ပြောင်းရွှေ့ဖို့ အခက်အခဲရှိနေလို့ပါဆိုပြီး တယ်လီဖုန်းနဲ့ ပြောပါတယ်။ ဘယ်လိုဆောင်ရွက်ရင် ကောင်းမလဲလို့ ဆရာဆီလာရောက် ဆွေးနွေးတာပါ”
“ဥပဒေအရ ပြောရရင်တော့ တူမဖြစ်သူကို ဖယ်ရှားပေးဖို့ တာဝန်က ရောင်းသူရဲ့ တာဝန်ဖြစ်တယ်။ အရောင်းအ ဝယ်ကတိစာချုပ်ထဲမှာ သတ်မှတ်ရက်အတွင်း ဝယ်သူက ငွေပေးချေနိုင်သော်လည်း ရောင်းသူက အိမ်ခန်းအ လွတ်မအပ်နိုင်ခဲ့ရင် စရန်ငွေနှစ်ဆပေးလျော်တာမျိုး ရေးသား ချုပ်ဆိုထားတာ မပါဘူးလား”
“ရောင်းသူဘက်ကပျက်ကွက် ရင်ပေးချေထားတဲ့ ငွေကြေးရဲ့ နှစ်ဆပြန်လည်ပေးလျော်ရမယ်လို့တော့ပါ တယ် ဆရာ။ ဒါပေမယ့် အမှုအခင်း မဖြစ်ချင်ဘူး အေးအေးဆေးဆေးပဲ ပြေလည်သွားချင်တယ်။ အချို့ကပြောတော့ လည်း ကိုယ်ဝယ်ထားတာမို့ အိမ်ထဲကသူတွေကို တရားစွဲနှင်ချလို့ရတယ် ပြောတယ်”
“ဦးသန်းနိုင်ကို ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးစံသောင်းနှင့် ဦးအေးပါနှစ်ဦး၊ ၁၉၈၆ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ – ၁ဝဝ အမှုမှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ဝယ်ယူသူသည် မူလပိုင်ရှင်ရောင်းသူ၏ ခွင့်ပြုချက်အရ နေထိုင်သူအား မိမိ၏ အခွင့်အမိန့်အရ နေထိုင်သူအဖြစ်ဖြင့် ဖယ်ရှား ခွင့်မရှိလို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဦးသန်းနိုင်အနေနဲ့ ဝယ်ထားတဲ့ အဆောက်အအုံမှာ ရောင်းသူက ခွင့်ပြုချက်နဲ့ထားသူကို တိုက်ရိုက်တရားစွဲနှင်ချခွင့်မရှိပါဘူး”
“ဒါဆိုရင် ရောင်းသူကိုယ်တိုင်ကသာ တရားစွဲနှင်ချခွင့်ရှိမယ်ပေါ့”
“မှန်ပါတယ်။ နေထိုင်ခွင့်ပြုထား သူက တစ်ပါးသူကို ရောင်းချလိုက်သော်လည်း ခွင့်ပြုချက်ဖြင့် နေထိုင် သူအ ပေါ် ပေးထားသည့် ခွင့်ပြုချက်အား ရုပ်သိမ်း၍ နှင်ထုတ်ပိုင်ခွင့်ရှိသည်လို့ ဒေါ်တင်ရီနှင့် ဒေါ်နှင်းစိန် ၁၉၈၄ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ – ၂၆၄ အမှုမှာ ဆုံး ဖြတ်ထားပါတယ်။ ဒါကြောင့် ဦးသန်းနိုင်ကိစ္စမှာ ဦးသန်းနိုင်က အဆောက်အအုံထဲ နေထိုင်သူကို နှင်လိုမှုစွဲဆို ခွင့်မရှိပါ။ အိမ်နှင့်မြေကို ဦးသန်းနိုင်အား ရောင်းချ လိုက်သူက တူမဖြစ်သူအပေါ် ခွင့်ပြုချက်ဖြင့်ထားရှိမှုအား ရုပ်သိမ်းပြီး နှင်လိုမှုတရားစွဲဆိုကာ အိမ်နှင့်မြေကို ဦးသန်းနိုင်ထံ လက်ရောက်အပ်နှံရမှာဖြစ်ပါတယ်”
“အဲဒီလို ဆောင်ရွက်မပေးရင် ဘယ်လို အခွင့်အရေးတောင်ခံနိုင်ပါသလဲ”
“ဦးသန်းနိုင်က အရောင်းအဝယ် ဖျက်သိမ်းပြီးပေးထားတဲ့ အိမ်ဖိုးငွေအပေါ်မှာ ကတိစာချုပ်ပါအတိုင်း နှစ်ဆ တောင်းခွင့်ရှိမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သုံးဦးညှိနှိုင်း ဆောင်ရွက်နိုင်ရင် အကောင်းဆုံး ဖြစ်ပါ တယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်