အရောင်းအဝယ်စာချုပ် ချုပ်ဆိုခြင်းနှင့် ဖြေလျှော့သွားမည့် စာချုပ်စာတမ်း မှတ်ပုံတင်ခ

“မြေနဲ့အိမ်ကို ဝယ်ထားတာ တစ်နှစ်ကျော်ခန့်တော့ရှိလိမ့်မယ်။ အခုမှ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ပြု လုပ်ပြီး အမည်ပေါက် ဆောင်ရွက်လို့ရပါသလား”ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေး ပါသည်။

“မြေက ဘာမြေအမျိုးအစားလဲ”

“မြေက မြေငှားဂရန်မြေအမျိုး အစားပါ။ အမည်ပေါက်ဆီက တိုက်ရိုက်ဝယ်တာတော့ မဟုတ်ဘူး။ တစ် ဆင့်ဝယ်ထားသူထံက ပြန်ဝယ်လိုက်တာ သူငယ်ချင်း”

“မှတ်ပုံတင် အရောင်းအဝယ် စာချုပ်နဲ့ ပထမလူက ဝယ်ထားတာလား”

“မဟုတ်ဘူး။ အရပ်စာချုပ်နဲ့ ဝယ်ထားတာ။ သူ့ဆီကနေ တစ်ဆင့်ဝယ်တော့လည်း အရပ်စာချုပ်နဲ့ ဝယ် ထားတာ သူငယ်ချင်း”

“ဒါဆိုရင် မူလဂရန်မြေအမည်ပေါက်နဲ့ မတွေ့ရသေးဘူးပေါ့”

“တွေ့ပေးပါတယ်။ စိုးရိမ်တာနဲ့ အမည်ပေါက်ထံက ကိုယ်စားလှယ်လွှဲ စာယူထားလိုက်တယ်”

“အဆင်ပြေသွားတာပေါ့။ မှတ်ပုံတင်ရုံးမှာလုပ်တဲ့ ကိုယ်စားလှယ် လွှဲစာလား”

“ဟုတ်တယ် သူငယ်ချင်း၊ အခု ကိုယ်စားလှယ်လွှဲပေးထားတဲ့ ပိုင်ရှင်က ကျန်းမာရေး မကောင်းဘူး။ မ မျှော်လင့်ပဲ ကွယ်လွန်သွားရင် အခက်တွေ့မှာ စိုးလို့”

“ပထမဦးဆုံး လုပ်ရမှာက အရောင်းစာချုပ် ချုပ်ဆိုရန်ဆိုပြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှာ မြေပုံလျှောက်ထားရမှာ ဖြစ်တယ်”

“အခွန်ပေးဆောင်ရတဲ့ ကိစ္စက ဘယ်လိုဆောင်ရွက်ရသလဲ”

“တန်ဖိုးဖြတ် အဖွဲ့ထံကို (အခွန်) ဝယ်ခွန်ပေါ့။ ပေးဆောင်ရန် အရောင်းအဝယ်ကတိစာချုပ်ကို တင်ပြရတယ်”

“အရပ်စာချုပ်ပေါ့နော်”

“ဟုတ်တယ်။ ဒါပေမယ့် လျှောက်ထားတဲ့ ရက်မတိုင်မီ ရက်ပေါင်း သုံးဆယ်အတွင်း ချုပ်ဆိုထားတဲ့ အိမ်မြေ အရောင်းအဝယ်ကတိစာချုပ်ဖြစ်ဖို့တော့ လိုအပ်တယ်”

“အဆင်ပြေရင် ကိုယ်စားလှယ် စာရသူနဲ့ အရောင်းအဝယ်ကတိ စာချုပ် ချုပ်လို့ရတယ် မဟုတ်လား”

“ရပါတယ်။ အခုကိုယ်စားလှယ် စာရယူထားတာက ဘယ်သူလဲ၊ သူငယ်ချင်းအနေနဲ့ ရယူထားတာလား”

“ဟုတ်တယ်။ ကိုယ်စားလှယ် စာရထားသူက ဝယ်သူအဖြစ် စာချုပ် ချုပ်လို့မရဘူးလို့ ပြောကြတယ်”

“မှန်ပါတယ်။ ကိုယ်စားလှယ်စာရသူက ရောင်းသူကိုယ်စားရယူထားတာမို့၊ ရောင်းသူအဖြစ်သာ ဆောင်ရွက် ခွင့်ရှိမှာဖြစ်တယ်။ အခုကိစ္စမှာ ရောင်းသူအဖြစ် သူငယ်ချင်းက လက်မှတ်ရေးထိုးပြီး၊ သားသမီး၊ ဇနီးတစ်ဦးဦး က ဝယ်သူအဖြစ် လက်မှတ်ရေးထိုးဆောင်ရွက်ကြရမှာဖြစ်တယ်”

“သမီးရဲ့ဝင်ငွေနဲ့ ဝယ်တာဆိုတော့ သူ့အမည်နဲ့ပဲ ထားရမှာ သူငယ်ချင်း”

“ဒါဆိုရင်တော့ အဆင်ပြေပါတယ်။ သက်ဆိုင်ရာ အခွန်ဦးစီးဌာနက အိမ်မြေတန်ဖိုးဖြတ်ပြီးရင်တော့ ဝယ်ခွန် ဆောင်ရပါတယ်”

“အခွန်က ဘယ်လိုနှုန်းထားနဲ့ ဆောင်ရပါသလဲ”

“တန်ဖိုးဖြတ်ထားတဲ့ အိမ်မြေ ဝယ်စျေးကို ဝယ်သူအနေနဲ့ ဝင်ငွေရ လမ်းမဖော်ပြနိုင်ရင် ဥပဒေစကားနဲ့ ပြောရ မယ်ဆိုရင် အခွန်စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေဖြစ်ရင်၊ ယင်းပစ္စည်းဝယ်ငွေအပေါ် ၃ဝ ရာခိုင်နှုန်း (သုံးဆယ်ရာခိုင်နှုန်း) သတ်မှတ်ပေးဆောင်ရမယ်လို့ ၂ဝ၁၈ ခုနှစ် အခွန်အကောက်ဥပဒေပုဒ်မ ၂၅ မှာ ပြဋ္ဌာန်း ထားပါတယ်”

“ဒါဆိုရင် ငွေမည်းသဘောဖြစ်သွားမှာပေါ့”

အဲဒီလို သတ်မှတ်တဲ့ သဘောလို့ဆိုရမယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးဖြင့် ဝင်ငွေပြနိုင်ပါက ယင်းဝင် ငွေကိုနှုတ်ပြီး ကျန်တဲ့ စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် တစ်ကျပ်မှကျပ်သိန်း ၃ဝဝ ထိကို ဝင် ငွေခွွန်နှုန်းထား ၁၅ ရာခိုင်နှုန်း။ ကျပ် သိန်း ၃ဝ၁ မှ ကျပ်သိန်း ၁ဝဝဝ ထိကို ဝင်ငွေခွန်နှုန်း ၂ဝ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁ဝဝ၁ နှင့် အထက်ကို ဝင်ငွေခွန်နှုန်း ၃ဝ ရာခိုင်နှုန်းသတ်မှတ်ထမ်းဆောင်ရမှာဖြစ်ပါတယ်”

“သတ်မှတ်ထားတဲ့ ဝင်ငွေခွန်ပေးသွင်းပြီးရင် ဘာဆက်လုပ်ရမလဲ”

“တံဆိပ်ခေါင်း အက်ဥပဒေအရ သတ်မှတ်ထားတဲ့ တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ပြီး စာချုပ်ရေးသားရမှာ ဖြစ်ပါတယ်”

“တံဆိပ်ခေါင်းခွန်က ဘယ်လိုထမ်းဆောင်ရပါသလဲ”

“ပစ္စည်းတန်ဖိုးပေါ် မူတည်ပြီး တန်ဖိုးရဲ့ ၃ ရာခိုင်နှုန်းကို ထမ်းဆောင်ရမှာဖြစ်ပါတယ်”

“ဒါဆိုရင် ပြီးသွားပြီပေါ့”

“မပြီးသေးဘူး သူငယ်ချင်း၊ ဝယ်ခွန်ဆောင်ထားတဲ့ အခွန်ပြေစာရယ်၊ တံဆိပ်ခေါင်းခွန်ပေါ်မှာ စာချုပ် ချုပ်ဆို ထားတဲ့ အိမ်မြေအရောင်း စာချုပ်နဲ့ မြို့တော်စည်ပင်သာယာရေး ကော်မတီမှထုတ်ပေးတဲ့ မြေပုံ မြေရာဇဝင် တို့နဲ့အတူ အရောင်းအဝယ်ပြုမယ့် ပုဂ္ဂိုလ်ကိုယ်တိုင် အသိ သက်သေနှစ်ဦးနဲ့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ချုပ်ဆိုကြရမှာ ဖြစ်ပါတယ်။

“မှတ်ပုံတင်ခ သီးခြားပေးသွင်းရသေးတယ်လို့ သိရတယ်”

“မှန်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ယင်းဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် – ၁၄၆၊ ၂ဝ၁၉ ဖြစ်သည့် မှတ်ပုံတင်ခြင်း၊ ရှာဖွေခြင်း မိတ္တူကူးယူခြင်းဆိုင်ရာ အခကြေးငွေများ သတ်မှတ်ခြင်းကို ၂ဝ၁၉ ခုနှစ် မေလ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်”

“သတ်မှတ်ချက်ကို ဗဟုသုတအဖြစ် ပြောပြပါဦး သူငယ်ချင်း”

“အဲဒီ ကြေညာချက်အရဆိုရင် မှတ်ပုံတင်အခကြေးငွေနှုန်းထားတွေကို ၁-၆-၂ဝ၁၉ နေ့မှစတင်ပြီး အသုံးပြု ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

“ဒါဆိုရင် ၂ဝ၁၉ ခုနှစ် ဇွန်လ ၁ ရက်နေ့ကစပြီး မှတ်ပုံတင်ခ ပြောင်းလဲသတ်မှတ်လိုက်တဲ့ သဘောပေါ့”

“ဟုတ်ပါတယ်။ ပစ္စည်းလွှဲပြောင်း ရောင်းချခြင်းစာချုပ်၊ ပေးကမ်းခြင်း စာချုပ်၊ အပေါင်စာချုပ်စတဲ့ စာချုပ် တွေမှာ ပစ္စည်းတန်ဖိုးရဲ့ ဝ.၅ ရာခိုင် နှုန်းသာ မှတ်ပုံတင်ခပေးဆောင်ရမှာ ဖြစ်ပါတယ်”

“အချို့ကပြောတော့၊ ပေးကမ်း စာချုပ်မှာ အမြတ်ခွန်ပေးဆောင်ရန် မလိုဘူးဆိုတာ ဟုတ်ပါသလား”

“သွေးသားရင်းချာ သားသမီး၊ မောင်နှမအရင်းကို ပေးကမ်းတဲ့ စာချုပ်ဆိုရင်တော့ ပစ္စည်းရဲ့ တန်ဖိုးရာ ဖြတ်တင် ရပေမယ့်အခွန်ကင်းလွတ်တဲ့ ကိစ္စမျိုးရှိပါတယ်”

“အခုအဖေက သမီးကို အပေးစာချုပ်ပြုလုပ်လို့ မရဘူးလား”

“ဒီကိစ္စကတော့ မရဘူး။ ဘာလို့လဲဆိုတော့ ပစ္စည်းပိုင်ရှင်ဟာ ဖခင်မဟုတ်လို့ပဲ။ ဖခင်ဖြစ်သူက ပစ္စည်း ပိုင်ရှင်ရဲ့ ကိုယ်စားလက်မှတ်ရေးထိုး ဆောင်ရွက်ခွင့်သာ လုပ်ပိုင်ခွင့်ရှိသူ ဖြစ်ပါတယ်။ ဒါကြောင့် အပေးစာ ချုပ်ပြုလုပ်လို့ မရပါဘူး”

“မြေဂရန်အမည်ပြောင်းတာ က ဘယ်အချိန်မှာ ပြုလုပ်နိုင်သလဲ”

“မှတ်ပုံတင်အရောင်းစာချုပ် ပြုလုပ်ပြီး သက်ဆိုင်ရာ မှတ်ပုံတင် မှတ်တမ်းစာအုပ်မှာရေးသွင်းခြင်း၊ မှတ်ပုံတင် အရာရှိလက်မှတ်ရေးထိုးခြင်းကိစ္စတွေပြီးလို့ မှတ်ပုံတင် အရောင်းစာချုပ်ကို ပစ္စည်းဝယ်သူလက်ထဲ ရောက်ရှိချိန် ကစပြီး ဆောင်ရွက်နိုင်ပါတယ်”

“မြို့တော်စည်ပင်သာယာရေး ကော်မတီမြေယာဌာနမှာပဲ လျှောက်ထားရမှာပေါ့”

“မှန်ပါတယ်။ စိစစ်ပြီးဂရန် အမည်ပြောင်းပေးမှာ ဖြစ်ပါတယ်”

“ကျေးဇူးတင်ပါတယ် သူငယ်ချင်း။ ဒီကိစ္စကို သူငယ်ချင်းပဲ အစအဆုံး ဆောင်ရွက်ပေးပါ။ ရှေ့နေအကျိုး ဆောင်ခလည်းပေးပါမယ်”

“ကောင်းပါပြီ။ အသက်သာဆုံး နဲ့ အကောင်းဆုံး ဆောင်ရွက်ပေးပါမည်ဟု ပြောဆိုနှုတ်ဆက်လိုက်ပါသည်”

Credit to: ‌‌ဈေးကွက်ဂျာနယ်