ကိတ္တိမ မွေးစားခံရသူနှင့် ဆက်စပ်သည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်
“လာဗျာ၊ ဦးဝင်းနိုင်။ ပြီးခဲ့တဲ့ လထဲက ဖြစ်မယ်ထင်တယ်။ ကျွန်တော့်ဆီ ဖုန်းဆက်ပြီး ပေါ်မလာဖြစ်ခဲ့ဘူး”
စာရေးသူ၏ ရုံးခန်းဝ၌ ရောက်လာသော သူငယ်ချင်းဦးဝင်းနိုင်ကို နှုတ်ဆက်ခရီးဦးကြိုပြုလိုက်ခြင်းဖြစ်ပါသည်။
“သင်္ကြန်တွင်းရောက်သွားတာ နဲ့ မလာဖြစ်တော့တာပါ”
“ဘာများ ထွေထွေထူးထူးကိစ္စရှိလို့လဲ”
“အိမ် ခြံ မြေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေကို သူငယ်ချင်းရေးနေတာ ဖတ်ရပါတယ်။ စာအုပ်တစ်အုပ် ထုတ်ဝေဖြစ်တာလည်း တွေ့လိုက်တယ်။ ဒါနဲ့ သတိရပြီး ဆက်သွယ်ခဲ့တာ”
“အိမ် မြေ၊ တိုက်ခန်း ဝယ်ထားလို့လား”
“ဒဂုံမြို့သစ် အရှေ့ပိုင်းမှာ မြေ နဲ့ အိမ်ဝယ်ဖို့ စရန်ပေးလိုက်တယ်”
“မြေက၊ ဂရန်မြေဖြစ်ပြီလား၊ တချို့ ပါမစ်မြေအဆင့်နဲ့ပဲရှိနေတတ်ကြတယ်”
“ဟုတ်တယ် သူငယ်ချင်း၊ မူလကတော့ ဂရန်မြေကို ပြောတာနဲ့ သွားရောက်ကြည့်ပြီး စုံစမ်းလိုက်တယ်ဆို ပါတော့”
“ရောင်းသူကိုယ်တိုင် လက်ရှိနေတာလား”
“သေချာစုံစမ်းတော့၊ ဂရန်မြေမဟုတ်ဘဲ၊ ပါမစ်မြေအဆင့်ပဲ ရှိတယ်”
“ပါမစ်စာရွက်ကို သေချာကြည့်ခဲ့လား”
“သူတို့က မူရင်းပါမစ် စာရွက်ကို ထုတ်ပြပါတယ်။ မိသားစုဓာတ်ပုံလည်းပါရှိတယ်”
“အခုရောင်းမယ်ဆိုတဲ့ သူက မူလပါမစ်အမည်ပေါက်ထံက အဆင့် ဆင့်ဝယ်ထားတာလား”
“သူငယ်ချင်းပြောသလို အဆင့်ဆင့်ဝယ်ထားတဲ့ မြေကွက်တော့ မဟုတ်ဘူး။ ဒါပေမယ့် အခုရောင်းတဲ့ သူက မြေအမည်ပေါက်ထံက ဝယ်ထားတယ် ပြောတယ်”
“အရောင်းအဝယ်စာချုပ်ကို တွေ့ခဲ့လား”
“အရောင်းအဝယ်စာချုပ်မူရင်းကို တွေ့ခဲ့တယ်။ ဒါပေမယ့် မှတ်ပုံတင် စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် ချုပ်ဆို ထားတဲ့ စာချုပ်တော့ မဟုတ်ဘူး”
“ပါမစ်မြေတွေ ရောင်းဝယ်တဲ့အခါ အရပ်စာချုပ်လို့ခေါ်တဲ့အရောင်းအဝယ်ကတိစာချုပ်ကိုပဲ ချုပ်ဆိုကြရပါတယ်”
“အဲဒီ အရပ်ကတိစာချုပ်တွေနဲ့ မြေဂရန်လျှောက်လို့ရတယ် ပြောတယ် ဟုတ်ပါသလား”
“မှန်ပါတယ်။ နောက်ဆုံးဝယ်တဲ့ သူက၊ ဝယ်ထားတဲ့ မြေနဲ့ အိမ်မှာ အမှန်တကယ် လက်ရောက်ဝယ်ယူ နေထိုင် မယ်။ မူလအမည်ပေါက်ထံမှ ဝယ်ထားတဲ့ အရောင်းအဝယ်စာချုပ် အပါအဝင် အဆင့်ဆင့်အရောင်းအဝယ် စာချုပ်မူရင်းများကို တင်ပြပြီးလိုအပ်တဲ့ ထောက်ခံချက်များနဲ့အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မ တီ၊ မြေယာဌာနမှာ လျှောက်ထားရပါတယ်”
“ဂရန်လျှောက်ထားလို့လည်း ရတယ်။ မြေနဲ့အိမ်ရဲ့ ရောင်းစျေးကလည်း သင့်တော်တာနဲ့ စရန်ငွေပေး ဖြစ်လိုက် တယ်”
“ကန့်ကွက်သူက ပေါ်လာလို့လား”
“သူငယ်ချင်း။ အစကတော့ ရောင်းတဲ့သူမှာ မောင်နှမနှစ်ယောက်ရှိတယ်ပြောတယ်။ ဒါပေမယ့် သတင်းစာထဲ မှာတော့ မောင်နှမ သုံးဦးရှိတယ်။ သူလည်း ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုပြီး ကန့်ကွက်လာတာ သူငယ်ချင်း”
“ဝယ်သူက မရှိတော့ဘူးလား။ ကွယ်လွန်သွားတာကြပြီလား”
“ဝယ်ထားသူ အမည်က အခု ရောင်းမယ်ဆိုတဲ့ မိန်းကလေးရဲ့ ဖခင်အမည်နဲ့ ဝယ်ထားတာ သူငယ်ချင်း”
“မိခင်ကလည်း ကွယ်လွန်သွားပြီလား”
“ဟုတ်တယ်။ မိဘနှစ်ဦးလုံး ကွယ်လွန်သွားတာကြာပြီ ပြောတယ်”
“ကန့်ကွက်တဲ့သူက သားသမီးအဖြစ်က စွန့်လွှတ်ခံထားရလို့လား”
“ပြောစကားအရတော့၊ ကန့်ကွက်တဲ့သူကို အခြားမိဘတွေက မွေးစားထားတာမို့ မိရင်းဖရင်းရဲ့ အမွေကို ရခွင့်မရှိဘူးဆိုပြီး ပြောနေပါတယ်။ အဲဒါ အမှုအခင်းများဖြစ်လာနိုင်သလားလို့”
“သားသမီးမွေးစားခြင်းမှာ အမွေစားအမွေခံအဖြစ် ရည်ရွယ်ပြီး မွေးစားမယ်ဆိုရင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံး မှာ မှတ်ပုံတင်မွေးစား စာချုပ်ကို ပြုလုပ်ချုပ်ဆိုရပါတယ်။ ကိတ္တိမမွေးစားခြင်း မှတ်ပုံတင်အက် ဥပဒေအရ ၁၉၄၁ ခုနှစ် ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း မွေးစားသည့် ကိတ္တိမသားသမီးများကို မှတ်ပုံတင် စာချုပ်ဖြင့် မွေးစားရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ မွေးစားခံရသည့် သားသမီးသည် အရွယ်ရောက်သူဖြစ်လျှင် မွေးစား မိဘနှင့်အတူ ကိတ္တိမမွေးစားစာချုပ်တွင် ကိုယ်တိုင်လက်မှတ်ရေးထိုးချုပ်ဆိုရမှာဖြစ်တယ်။ အရွယ်မရောက် သေးတဲ့ သူကို မွေးစားမယ်ဆိုရင် ၎င်းရဲ့ မိဘသက်ရှိထင်ရှားရှိက၊ မိဘများကိုယ်တိုင် လက်မှတ်ရေး ထိုးရပါ မယ်။ အကယ်၍ မွေးစားခံရ သူမှာ မိဘများမရှိ ကွယ်လွန်သွားပါက၊ မွေးစားရန် ပေးနိုင်သူက မွေးစား စာချုပ်မှာ လက်မှတ်ရေးထိုးရမှာဖြစ်တယ်”
“ဒါဆိုရင် ကိတ္တိမသားသမီးအဖြစ် မွေးစားထားခြင်းဟုတ်မဟုတ် စုံစမ်းဖို့ လိုတာပေါ့နော်”
“မှန်ပါတယ်။ ကိတ္တိမသားသမီးအဖြစ် မှတ်ပုံတင်စာချုပ်စာတမ်းနဲ့ မွေးစားဖို့လိုပါတယ်။ ဗဟုသုတအဖြစ် ပြောရရင် “မသော်နှင့်မစိန် ၁၉၆၆ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၂၇” အမှုမှာ မွေးစားခံရ သည့် ကလေးသည် ၎င်း၏ မိရင်းဖရင်းထံမှ အမွေဆက်ခံခွင့် ဆုံးရှုံးပြီး မွေးစားမိဘနှင့် မွေးစားမိဘ၏ ဆွေမျိုးများထံမှ အမွေဆက်ခံခွင့် ရှိသည်ဆိုသည့် ဥပဒေသသည် မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းဥပဒေတွင် အခြေခံအချက်တစ်ရပ်ဖြစ်တယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ကိတ္တိမသားသမီးတွေအနေနဲ့ မိရင်း၊ ဖရင်းအမွေကို ရပိုင်ခွင့်မရှိပါဘူး”
“အခုကိစ္စမှာလည်း ကန့်ကွက်သူက၊ ကိတ္တိမမွေးစားစာချုပ်နဲ့ မွေးစားခံထားရသူဆိုရင်တော့ အခု အိမ် မြေကိစ္စမှာ အမွေဆက်ခံခွင့် မရှိဘူးပေါ့”
“မှန်ပါတယ်။ ဒါပေမယ့် မွေးစားတဲ့ အချိန်ကာလကိုလည်း သေချာကြည့်ဖို့ လိုအပ်ပါတယ်”
“ဥပဒေမှာ ကန့်သတ်ချက်ရှိသေးလို့လား”
“သတိပြုရမယ့် အချက်က မွေးစားခံရသူအနေနဲ့ မိရင်းဖရင်း မိဘနှစ်ဦးလုံး ကွယ်လွန်ပြီးမှ မွေးစားခံရတယ်ဆို ရင်တော့ မိဘအရင်းထံက အမွေကို ရခွင့်ရှိမှာဖြစ်ပါတယ်”
“မိရင်းဖရင်း ကွယ်လွန်ခဲ့ရင် သားသမီးတွေက အမွေရခွင့်ရှိသွားပြီ မဟုတ်လား”
“ဟုတ်ပါတယ်။ ဒါကြောင့် မိရင်းဖရင်း ကွယ်လွန်ပြီးမှ မွေးစားခံရသူတွေဟာ မိရင်းဖရင်းရဲ့ အမွေကိုလည်း ရခွင့်ရှိမှာဖြစ်ပါတယ်။ အခုကိစ္စမှာလည်း မိရင်းဖရင်း ကွယ်လွန်ပြီးမှ မွေးစားခြင်း ဟုတ် မဟုတ်စုံစမ်းဖို့ လိုပါ တယ်”
“အမွေမှုဖြစ်လာနိုင်သလား”
“နှစ်ဖက်ညှိနှိုင်းမှုမရရင်တော့၊ အမွေမှုဖြစ်လာနိုင်တဲ့အတွက် စဉ်းစားဆောင်ရွက်ပါလို့ပဲ အကြံပေးချင်တယ် သူငယ်ချင်း”ဟု ဆွေးနွေးလိုက်ပါသည်။