မိဘက သားသမီးအမည်ဖြင့် ဝယ်ထားသည့် အိမ်နှင့် မြေကို ဝယ်မည်ဆိုလျှင်

အမည်ပေါက် ဂရန်မြေနဲ့ အိမ်ကို ရောင်းတဲ့အခါ မိသားစုဝင် ဆွေမျိုးများက ကန့်ကွက်ခွင့်ရှိပါသလား သူငယ်ချင်း”ဟု ငယ်သူငယ်ချင်း အမျိုးသမီးတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။

“မိမိကိုယ်ပိုင်ငွေနဲ့ ဝယ်ထားတဲ့ မြေနဲ့အိမ်ဆိုရင်တော့ ဘယ်သူက ကန့်ကွက်လို့ရမလဲ။ ဒါပေမယ့် မိဘကဖြစ်စေ၊ တစ်ဦးဦးက ၎င်းပိုင်ငွေနဲ့ သားသမီးကိုဖြစ်စေ၊ အခြားတစ်ဦးဦးကိုဖြစ်စေ၊ အမည်ပေါက်အဖြစ် ဝယ် ပေးထားရင်တော့ အမည်ပေါက် သူက ပိုင်ဆိုင်ခွင့်မရှိဘူး။ ဥပဒေအရတော့ အမည်ငှားအဖြစ်ဝယ်ထားတာ ဖြစ်တယ်”

“တို့က မကြာသေးမီရက်ပိုင်းမှာ ဂရန်မြေနဲ့အိမ်ကို ဝယ်လိုက်တယ် သူငယ်ချင်း”

“ငွေအကြေချေပြီးပြီလား”

“ငွေတော့ အကြေမချေရသေးပါဘူး။ ဒါပေမယ့် စရန်ငွေတော့ချပေးခဲ့တယ်။ ရောင်းသူအမည်ပေါက် ဆိုတော့ ရှင်းတယ်ပေါ့ သူငယ်ချင်းရယ်”

“လင်မယားကွဲနေလို့ တစ်ဦးဦးက ကန့်ကွက်တာလား”

“လင်မယားမဟုတ်ဘူး။ လင်ယောကျ်ားဖြစ်သူကလည်း နိုင်ငံခြားသွား သင်္ဘောသားဆိုတော့ ဝယ်နိုင်တယ်လို့ ယူဆတယ်။ ဇနီးသည် အမည်ပေါက်ဖြစ်တော့ အငြင်းပွားစရာမရှိဘူးပေါ့”

“အခု ဘယ်သူက ကန့်ကွက်လို့လဲ”

“လိုအပ်မယ်ထင်တာနဲ့ သတင်းစာထဲမှာ ကန့်ကွက်ရန်ရှိမရှိ ကြေညာစာထည့်လိုက်တယ်။ မိထွေးဖြစ်သူက ကန့်ကွက်လာတယ် သူငယ်ချင်း”

“ဝယ်ထားတဲ့ မိန်းကလေးက အဲဒီအိမ်မှာမနေဘူးလား၊ မောင်နှမ ဘယ်နှယောက်ရှိသလဲ”

“ယခင်ကတော့ အဲဒီအိမ်မှာနေတယ်။ ယောက္ခမ နေမကောင်းလို့ ယောက္ခမအိမ်မှာ သွားနေတယ်”

“အခု အဲဒီအိမ်မှာဘယ်သူနေသလဲ”

“သေချာမေးကြည့်လိုက်တော့ ဖခင်နဲ့ မိထွေးအပါအဝင် ရောင်းမယ့် မိန်းကလေးမိသားစုတို့နေကြတာလို့ သိရတယ်။ ညီမတစ်ယောက်ရှိတယ် ပြောတယ်။ သူက နယ်တက္ကသိုလ်မှာ ဆရာမလို့ သိရတယ်”

“ဖခင်က ကွယ်လွန်သွားလို့လား”

“ဟုတ်တယ် သူငယ်ချင်း။ ဖခင်ကွယ်လွန်သွားတော့ မိထွေးဖြစ်သူက ဖခင်ဖြစ်သူမှ ဝယ်ပေးထားတဲ့ အိမ်နဲ့ မြေဆိုပြီး ကန့်ကွက်တာပဲ”

“ရောင်းတဲ့ မိန်းကလေးက ဘာပြောလဲ။ သူတို့ လင်မယားနှစ်ယောက် ဝင်ငွေနဲ့ ဝယ်ထားတာလို့ ပြောသလား”

“သူကတော့ သူ့အမည်ပေါက်ဖြစ်တဲ့အတွက် ပြဿနာမရှိဘူးလို့ ပြောတာပဲ။ ဒါပေမယ့် မိထွေးဖြစ်သူက အဲဒီအိမ်မှာရှိနေတော့ ဘယ်လိုဆောင်ရွက်နိုင်မလဲ”

“သူငယ်ချင်းကို ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်မင်းမင်းဦးနှင့် ဦးဝင်းမြင့်ပါ (၅) ၊ ၂ဝဝ၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၉၉၊ အမှုမှာ မိဘကသားသမီးအတွက် ရည်စူးပြီး ငွေကြေးစိုက်ထုတ်ဝယ်ယူခြင်းသည် မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာနှင့် ညီညွတ်ခြင်းမရှိပေ။ ဝယ်ယူပေး သည့် မိဘကွယ်လွန်သွား သောအခါ ၎င်း၏ အမွေပစ္စည်းအ ဖြစ် ကျန်ရစ်မည်ဖြစ်သည်ဟု ဆုံးဖြတ်ထားပါ တယ်”

“ဒါဆိုရင် ဖခင်က ဝယ်ပေးထားတဲ့ အိမ်နဲ့မြေမှန်ရင် သမီးဖြစ်သူ တစ်ဦးတည်းပိုင်ဆိုင်ခွင့် မရှိဘဲ အမွေ ပစ္စည်းအဖြစ် ရောက်ရှိသွားမှာပေါ့”

“မှန်ပါတယ်။ ဒါပေမယ့် မိခင်ရင်း ဖခင်ရင်းတို့ရဲ့ လက်ထက်က ပစ္စည်းဖြစ်နေတော့ မိခင်ရင်းကွယ် လွန်ခဲ့ရင် ဖခင်ရဲ့ပါရင်း ပစ္စည်းအဖြစ် ရောက်ရှိနေမှာဖြစ်တယ်”

“ဖခင်က နောက်အိမ်ထောင်ပြုလိုက်လို့ ဖြစ်တာပေါ့နော်”

“မှန်ပါတယ်။ ဖခင်ဖြစ်သူက နောက်အိမ်ထောင်မပြုရင်တော့ ညီမနှစ်ဦး အမွေခွဲဝေယူခွင့်ရမှာဖြစ်ပါ တယ်”

“ဒါဆိုရင် နောက်ဇနီးကလည်း အမွေရခွင့်ရှိသွားတာပေါ့နော်”

“မိဘက သမီးအမည်နဲ့ ဝယ်ပေးထားတဲ့ ပစ္စည်းမှန်ရင်တော့ မိထွေးဖြစ်သူကလည်း အမွေရခွင့်ရှိလာမှာဖြစ် တယ်”

“ဘယ်လိုဖြစ်သွားနိုင်သလဲ”

“မိရင်းဖရင်းရဲ့ အထက်ပါ ပစ္စည်းအဖြစ် ဥပဒေအရ သတ်မှတ် ဆောင်ရွက်နိုင်မှာဖြစ်တယ်”

“အချို့က ပြောတော့၊ ဖခင်နောက်အိမ်ထောင်ပြုစဉ်ကတည်းက အမွေတောင်းခွင့်သားသမီးမှာရှိတယ် ပြော တယ်။ အဲဒါ ဟုတ်ပါသလား”

“ဟုတ်ပါတယ်။ မိရင်း ဖရင်း ပစ္စည်းအနေနဲ့ ကျန်ခဲ့မယ်။ ဖခင်ဖြစ်စေ၊ မိခင်ဖြစ်စေ တစ်ဦးဦးက ကွယ်လွန်ပြီး ကျန်တစ်ဦးက နောက်အိမ် ထောင်ပြုခဲ့ရင် ကျန်ရစ်သူ သားသမီးများက ကွယ်လွန်သွားတဲ့ မိဘတစ်ဦးရဲ့ ဝေစုကိုရပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ အခုကိစ္စမှာတော့ သမီးဖြစ်သူ အမည် ပေါက်ဖြစ်နေတော့ အမွေခွဲဝေရေး ကိစ္စ အငြင်းမပွားပဲနေကြတာပေါ့”

“မိထွေးလည်းရှိတယ်ဆိုတော့ ဖခင်ဖြစ်သူ ကွယ်လွန်မှ ပြဿနာရှိလာကြတာပေါ့။ ခက်တာက ကျွန်မက စရန်ငွေပေးပြီး ဝယ်ထားတော့ အခုအခြေအနေမှာ ဆက်လက်ငွေချေရမလား။ အရောင်းအဝယ်ကိုပဲ ရပ်တန့် လိုက်ရမလားဆိုတာ အခက်အခဲဖြစ်နေတာ သူငယ်ချင်း”

“အမှန်တကယ် ဖခင်ရင်းလက်ထက်က မိမိအမည်နဲ့ ဝယ်ပေးထားတာဆိုရင်တော့ နှစ်ဖက်ညှိနှိုင်းဆောင် ရွက်သင့်ပါတယ်”

“ဗဟုသုတအဖြစ် မေးရမယ်ဆိုရင် အခုလို ကိစ္စမျိုးမှာ မိထွေးနဲ့ သားသမီးဝေစုဘယ်လောက်စီရနိုင်မလဲ”

“တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်ပုနှင့် ဒေါ်အေးတင်၊ ၁၉၆၃ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၆၅၁ အမှုမှာတော့ မိရင်း ဖရင်း၏ အထက်ပါ ပစ္စည်းမှ လေးပုံသုံးပုံကို လင်ပါမယားပါ သားသမီးက ရရှိ၍ ကျန်လေးပုံတစ်ပုံကို မိထွေးပထွေးက ရခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားတာကို တွေ့ရပါတယ်”

“အခုကိစ္စမှာ မိထွေးဖြစ်သူက ရောင်းမယ့်အိမ်ပေါ်မှာရှိနေတော့ အခွင့်အရေးမရဘဲ ရောင်းခွင့်ပြုမှာ မဟုတ်ဘူး”

“ဒါကြောင့် နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်သင့်ပြီး ပြေလည်ရင်တော့ အရောင်းအဝယ်ဆက်လုပ်သင့်ပါတယ်”

“အမှုအခင်းများဖြစ်လာနိုင်ပါသလား”

“အမှုအခင်းမဖြစ်ဘူးလို့တော့ အတိအကျမပြောနိုင်ဘူး။ ပြေလည်မှုမရရင်တော့ စရန်ငွေပြန်ယူပြီး နောက်ဆုတ် လိုက်တာကောင်းပါလိမ့်မယ်”

“တကယ်လို့ ရောင်းသူမိန်းကလေး တို့ဇနီးမောင်နှံဝင်ငွေနဲ့ ဝယ်ထားတာဆိုရင်တော့ အဆင်ပြေနိုင်တာ ပေါ့ နော်”

“ဒါဆိုရင်တော့ အခြားသူက တောင်းပိုင်ခွင့်မရှိလို့ အရောင်းအဝယ် ဆက်လက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သေချာစုံစမ်း ပြီးမှ ဝယ်ပါ”လို့ အကြံပြုဆွေးနွေးလိုက်ပါသည်။