အမွေဆက်ခံခွင့် မရှိသည့် မိဘတို့မှ မွေးဖွားသော သားသမီးများနှင့် ဆက်စပ်နေသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်
စာရေးသူ ရုံးခန်းသို့ ရောက်သည့်အခါ စောစွာရောက်နေသော ဦးသက် နိုင်ကို တွေ့လိုက်ရသည်။
“ကျွန်တော် နည်းနည်းနောက်ကျသွားတယ်ဗျာ” ဟု ဦးသက်နိုင်ကို စာရေးသူက ကြိုဆိုနှုတ်ဆက်လိုက်ပါ သည်။
“တရားရုံးမှာ ရုံးချိန်းရှိလို့ ဆရာ ထွက်သွားနိုင်တယ်ဆိုပြီး စောလေးလာခဲ့တာပါ”
“ပွင့်လင်းရာသီကာလဆိုတော့ အိမ် ခြံ မြေ အကျိုးဆောင် ဦးသက်နိုင်တို့ လုပ်ငန်းအဆင်ပြေနေမှာပေါ့”
“ဒါပေမယ့် အရောင်းအဝယ်က သိပ်မဖြစ်ဘူး ဆရာ။ အိမ်မြေစျေးကွက်က တက်မလာသေးဘူး”
“ငွေကြေးလိုအပ်ကြလို့ ရောင်းတာမျိုးပဲရှိကြတယ်။ ဝယ်ရောင်းခေတ်ကလည်း မရှိသလောက်ငြိမ်သွားပြီ ဆရာ။ အိမ်ငှားတော့ရှိနေတယ်”
“အိမ်ငှားခတွေကတော့ မြင့်တက်တယ်ကြားတယ်”
“အဲဒီလို ပြောရင်တော့ ရမယ်ထင်ပါတယ်။ အိမ်လုံးချင်းငှားတာတွေက တစ်လငှားရမ်းခလေးသိန်း ကျပ်၊ ငါး သိန်းကျပ်ရှိတယ်။ ဒါက သာမန်အိမ်လုံးချင်းတွေပေါ့ ဆရာ။ မြို့ထဲ တိုက်ခန်းတွေဆိုရင်လည်း အဲဒီလောက် အိမ်လခရကြတာတွေရှိတယ်”
“အချို့လည်း မိသားစုဝင်တွေ လုပ်ငန်းခွင်နဲ့နီးတဲ့ နေရာမှာ ငှားနေကြတာတွေလည်း ရှိကြတယ်”
“ဟုတ်တယ် ဆရာ။ ဒဂုံမြို့သစ်မှာရှိတဲ့ အိမ်နဲ့ခြံကို ငှားပြီး အလုပ်ခွင်နဲ့ နီးတဲ့ ရန်ကုန်မြို့ထဲက တိုက်ခန်း မှာငှားရမ်းနေထိုင်သူတွေရှိကြတယ်”
“လမ်းခရီးသွားရတဲ့အချိန်နဲ့ ခရီးစရိတ်တို့ကို တွက်ချက်နေကြရတာပေါ့”
“မှန်ပါတယ် ဆရာ။ အချို့ကလည်း အိမ်ဝိုင်းလေးနဲ့ နေချင်လို့ မြေနဲ့ အိမ်ကိုမှ ရှာဝယ်သူတွေလည်း ရှိကြ တယ်”
“ဟုတ်ပါတယ်။ ဦးသက်နိုင်လာရောက် ဆွေးနွေးရင်တော့ အိမ်မြေ တိုက်ခန်းအရောင်းအဝယ်ကိစ္စမှာ အထူး အဆန်းလေးတွေကြားရတတ်တယ်”
“ဆရာပြောရင်လည်း ကျွန်တော်အပြောခံရမှာပဲ ဆရာ။ အခုလည်း အခက်အခဲပြဿနာလေးရှိလာလို့”
“ဒါဆိုလည်း နားထောင်ကြည့်တာပေါ့ဗျာ”
“ရောင်းဖို့အိမ်နဲ့ မြေကို ကျွန်တော့်ထံအပ်ထားတယ်။ ဝယ်လက်လည်း ရှိလာတယ်။ ဒါနဲ့ ရောင်းသူ၊ ဝယ်သူတို့ ကို တွေ့ပေးလိုက်တယ်”
“အလုပ်ဖြစ်သွားတယ်ဆိုပါတော့”
“ဟုတ်ကဲ့ ဆရာ၊ မြေကွက်ကလည်း ဂရန်မြေကွက်ဆိုတော့ ရှင်းတယ်ဆရာ”
“အမည်ပေါက်က ရှင်းတယ်ပေါ့။ အမည်ပေါက်ကိုယ်တိုင်ရောင်းမှာလား”
“အမည်ပေါက်ကတော့ ကွယ်လွန်သွားပြီဆရာ။ အတူနေညီမက ရောင်းတာဆရာ”
“မြေပိုင်ရှင်က လူပျိုကြီးဘဝနဲ့ ကွယ်လွန်သွားတာလား”
“ညီမဖြစ်သူက အစ်ကိုကြီးမှာ အိမ်ထောင်မရှိဘူးလို့ ပြောထားတော့ ကျွန်တော်လည်း ဆရာထင်သလို လူပျိုကြီးလို့ ယူဆမိတာပေါ့။ သူတို့ ပြောစကားအရ မောင်နှမနှစ်ယောက် ပဲရှိတယ်။ ညီမဖြစ်သူ အိမ်ထောင်ကျ ပြီး အစ်ကိုဖြစ်သူနဲ့ နေထိုင်တယ်လို့ပဲ သိတယ်”
“အခုမှ မိန်းမပေါ်လာလို့လား”
“ဝယ်သူကလည်း စရန်ငွေပေးပြီး သတင်းစာမှာ ကန့်ကွက်ရန် ရှိ မရှိ ကြေညာခဲ့တယ်”
“အဲဒီမှာ ကန့်ကွက်သူပေါ်ပြီး ဇာတ်လမ်းကစပြီဆိုပါတော့”
“ဟုတ်တယ် ဆရာ”
“ဘယ်အကြောင်းနဲ့ ကန့်ကွက်လာတာလဲ”
“ကွယ်လွန်သူ မြေပိုင်ရှင်ရဲ့ မြေးတော်စပ်သူက ကန့်ကွက်တာဆရာ”
“ဆွေမျိုးကနည်းနည်းတော့ ဝေးသွားတယ်။ ဒါပေမယ့် မြေးအရင်းဆိုရင်တော့ ဥပဒေအရ ကွယ်လွန်သူရဲ့ တိုက်ရိုက်အဆက်အနွယ်ဖြစ်နေတယ်”
“ဒါဆိုရင် အမွေဆက်ခံခွင့်ရှိသွားမှာလား ဆရာ”
“ကွယ်လွန်သူ အိမ်မြေပိုင်ရှင်ရဲ့ မြေးအရင်းဆိုရင်တော့ အမွေဆက်ခံခွင့်ရမယ်။ ဒါပေမယ့် ကွဲကွာနေရတဲ့ အကြောင်းအရင်းက ရှိမယ်လေ”
“ကျွန်တော်လည်း ဒီကန့်ကွက် စာကို ဖတ်လိုက်ရတော့ စိုးရိမ်စိတ် ဖြစ်လာတယ်။ ဝယ်သူကလည်း ကျွန်တော့် ကို အပြစ်ပြောတာပေါ့ ဆရာ။ ဒါကြောင့် ဘယ်လို ကူညီပေးရင်ဖြစ်နိုင်မလဲလို့ ဆရာ့ဆီဆွေးနွေးဖို့ ရောက် လာတာပဲ ဆရာ”
“ဦးသက်နိုင်က ရောင်းမယ်ဆိုတဲ့ အမျိုးသမီးကို မေးမကြည့်ဘူးလား။ သူက ဘာပြောလဲ”
“သူပြောတာတော့ အစ်ကိုကြီးက အိမ်ထောင်ကျဖူးတယ်ပြောတယ်။ နောက်ပိုင်း လင်မယားကွာ ရှင်းခဲ့ကြ တယ်။ သားတစ်ယောက် မွေးဖွားခဲ့တယ်”
“အဲဒီသားက ဘယ်ရောက်သွားလဲ၊ အမေနဲ့ လိုက်သွားသလား”
“ဟုတ်တယ်။ အမေနဲ့လိုက်သွားတယ်။ ဖခင်နဲ့ အဆက်အသွယ်လည်း မရှိနေခဲ့တယ်။ သားအမိနှစ်ယောက် လုံးနယ်ဘက်မှာနေကြတယ်။ အစ်ကိုဖြစ်သူက နောက်အိမ်ထောင်မပြုဘဲ နှမဖြစ်သူနဲ့အတူနေတယ်လို့ ပြော တယ်”
“ဘာပဲဖြစ်ဖြစ် အိမ်နဲ့ မြေကတော့ အစ်ကိုဖြစ်သူရဲ့ အမည်ပေါက် အိမ်မြေဖြစ်နေတယ် မဟုတ်လား”
“နောက်ပိုင်းသူတို့ကြားသိတာတော့ မိခင်ကွယ်လွန်သွားပြီးသားဖြစ်သူက သန်လျင်ရေနံရုံးမှာ အလုပ်လုပ်တယ် လို့ သိရတယ်။ အိမ်ထောင်ကျပြီး သမီးတစ်ယောက်ရှိတယ်လို့ သိရကြောင်း ပြောပြပါတယ်”
“အခု မြေးတော်စပ်တဲ့ သမီးက အမွေတောင်းခံ ကန့်ကွက်တာ မဟုတ်လား”
“ဟုတ်တယ် ဆရာ။ အချို့ကပြောတော့ မိဘတွေ ကွာရှင်းရင် မိခင်ဘက်ပါသွားသူက ဖခင်အမွေကို မရဘူး ဆိုတာ ဟုတ်ပါသလား”
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်မယားကွာရှင်းပြီးနောက် အမိနှင့်လိုက်ပါနေသည့် သားသမီးသည် အဖထံ မှ အမွေဆက်ခံခွင့်မရှိသကဲ့သို့ ဖခင်နှင့်အတူ လိုက်နေသည့် သားသမီးသည့် အမိထံမှ အမွေဆက်ခံခွင့် ဆုံးရှုံး သည်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဖိုးချိုနှင့် မငြိမ်းမြတ်၊ အောက်မြန်မာနိုင်ငံ စီရင်ထုံးအတွဲ ၅ စာမျက်နှာ – ၁၃၃ အမှုမှာ ဖော်ပြထားပါတယ်”
“ဒါဆိုရင် အမိနဲ့လိုက်ပါသွားတဲ့ သားသမီးက မွေးသည့်သားသမီးအနေနဲ့ အဘိုးဖြစ်သူထံက အမွေမရနိုင် တော့ဘူးပေါ့”
“သာမန်အားဖြင့်တော့ အမွေဆက်ခံခွင့်မရှိတဲ့ သားသမီးက မွေးသည့် သားသမီးလည်း အမွေဆက်ခံခြင်း မရနိုင်လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးလတ်ကလေးနှင့် ကိုအောင်ကြည် (ခ) ကြည်အောင်သွင် ၁၉၉၂ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၁၃၁ အမှုမှာ လင်မယား ကွာရှင်းစဉ် မိခင်ဘက်လိုက်ပါသွားပြီး ဖခင်နှင့် အဆက်အသွယ်မရှိ၊ သားသမီးတို့၏ ပြုဖွယ်ဝတ္တရားကို ဖခင်အားပြုလုပ်ပေးခြင်း မရှိသော သားသမီးသည် ဖခင်ထံမှ အမွေဆက်ခံခွင့် ဆုံးရှုံးသော်လည်း ထိုသား သမီးမှ မွေးဖွားသည့် မြေးအနေဖြင့် အဘိုး၏ အမွေကို ဆက်ခံခွင့် မဆုံးရှုံးပေဟုဆုံးဖြတ်ထားပါတယ်”
“ဒါဆိုရင် အခုကိစ္စမှာ မြေးက အမွေရနိုင်တာပေါ့”
“မှန်ပါတယ်။ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေမှာ ကွယ်လွန်သူတွင် ခင်ပွန်း၊ သားသမီး၊ မြေး၊ မြစ်စတဲ့ တိုက်ရိုက်အဆက်အနွယ်မရှိမှ မောင်နှမဆွေမျိုးများက အမွေရခွင့်ရှိတဲ့အတွက် ဒီကိစ္စမှာ အမှုအခင်းဖြစ် လာနိုင်တယ်။ ဝယ်သူကို ညှိနှိုင်းပြီး စရန်ငွေပြန်လည်ရယူခြင်းက ကောင်းမယ်ထင်တယ်”ဟု အကြံပေးဆွေး နွေးလိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်