ကိုးကွယ်ရာ ဘာသာမတူသည့် မိဘများပိုင် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်
“ခရစ်ယာန်ဘာသာဝင် တစ်ဦးက သေတမ်းစာရေးမသွားရင် သားသမီးအားလုံးက အမွေရပိုင်ခွင့်ရှိတယ် မဟုတ်လား ဆရာ”ဟု ခင်မင် သူ မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက လာရောက်ဆွေးနွေးပါသည်။
“သေတမ်းစာရေးမသွားရင်တော့ သားသမီးအားလုံးအညီအမျှ ခွဲဝေရယူရမှာပေါ့။ အခုဘယ်လိုကိစ္စဖြစ်နေလို့ လဲ”
ကျွန်တော်က မြေနဲ့အိမ်တစ်လုံး တွေ့ထားလို့ ဝယ်ဖို့စိတ်ကူးထားတယ် ဆရာ။ မိဘတွေက ခရစ်ယာန် ဘာသာ ဝင်တွေဖြစ်တယ်။ နှစ်ဦးလုံး ကွယ်လွန်သွားကြပြီဆိုတော့ ရောင်းမယ့် သားသမီးနှစ်ယောက်က အမွေဆက်ခံ သူအဖြစ် ရောက်ရှိသွားပြီ မဟုတ်လား”
“မှန်ပါတယ်။ အခုအမွေခွဲဝေယူဖို့ အဝေမတည့်ကြလို့လား”
“ဗုဒ္ဓဘာသာဝင်တစ်ဦးက ဝင်ရောက် ကန့်ကွက်တာ ဆရာ”
“သူက ကျန်ရှိတဲ့ သားအရင်းလား။ ကွယ်လွန်သူနဲ့ ဘယ်လိုပတ်သက်သလဲ”
“မိခင်ရဲ့ ပထမအိမ်ထောင်က သားလို့ သိရတယ် ဆရာ”
“ဒါဆိုရင် မိခင်ဖြစ်သူက ပထမ အိမ်ထောင်ကျစဉ်က ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ သဘောလား”
“အဲဒါတော့ ကျွန်တော်တို့ သေချာမသိဘူး ဆရာ။ ရောင်းမယ့် မောင်နှမပြောစကားအရတော့ မိခင်ဖြစ်သူက ဖခင်နှင့်အတူ ခရစ်ယာန်ဘာသာကိုးကွယ်တာကို သူတို့ ငယ်စဉ်ကတည်းက သိတာလို့ ပြောတယ်ဆရာ။ မိဘ နှစ်ဦးလုံးက ခရစ်ယာန်ဘာသာကိုးကွယ်လို့ သူတို့လည်း ခရစ်ယာန်ဘာသာကိုးကွယ်ခဲ့တာ ယခုအထိပဲလို့ ပြော ပါတယ်”
“မိခင်ကွယ်လွန်တော့လည်း ခရစ်ယာန်ဘာသာရေးနဲ့အညီ နာရေးဆောင်ရွက်ခဲ့တာလား”
“ဟုတ်တယ် ဆရာ။ ဓာတ်ပုံတွေ ရှိတယ်”
“ဥပဒေအရကြည့်ရင်တော့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးအရောင်နှင့် မကာကြူမွှေး ၁၉၆၄ ခုနှစ် မြန်မာ နိုင်ငံတရားစီရင်ထုံး စာမျက်နှာ – ၁၁၄ အမှုမှာ ခရစ်ယာန်ဘာသာဝင်များအနေဖြင့် အမွေဆက်ခံရေးဥပဒေ (Sucession Act ) ပုဒ်မ ၅၉ အရ Will ခေါ်သော သေတမ်းစာဖြင့် မိမိပစ္စည်းကို စီမံခန့်ခွဲ ခွင့်ရှိပေသည်။ ယခုအမှုတွင် ကွယ်လွန်သူ ခရစ်ယာန်ဘာသာဝင် မိဘနှစ်ဦးသည် သေတမ်းစာရေးသွားခဲ့ကြောင်း မပေါ်ပေါက် ပေ။ ခရစ်ယာန်ဘာသာဝင်များ၏ အမွေနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာကိုးကွယ်သည့် သားသမီးတို့သည် ခရစ် ယာန်ဘာသာ ကိုးကွယ်သည့် မိဘ၏ အမွေကို ဆက်ခံခွင့်ရှိသည်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ခရစ် ယာန် ဘာသာဝင် အမွေရှင်က သေတမ်းစာရေးသွားခြင်းရှိ မရှိက အဓိက ဖြစ်တယ်”
“အခုကိစ္စက မိခင်ဖြစ်သူက သေတမ်းစာရေးမသွားခဲ့ဘူးဆိုတော့ သားဖြစ်သူ ဗုဒ္ဓဘာသာဝင် ကိုးကွယ်သူက အမွေရနိုင်တာပေါ့နော်”
“ဒါပေမယ့် ပထမအိမ်ထောင်နဲ့ ရတဲ့သားသမီးဖြစ်နေတော့ စဉ်းစားစရာဖြစ်လာတယ်”
“ဟုတ်ကဲ့ ဆရာ။ ပထမ အိမ်ထောင်သည် ဘဝမှာ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ မိခင်ဖြစ်သူက နေထိုင် ခဲ့ခြင်းရှိ မရှိ စဉ်းစားရမှာပေါ့”
“ဟုတ်ပါတယ်။ ကန့်ကွက်တယ် ဆိုတာက သတင်းစာထဲကနေ ကန့်ကွက်တာလား”
“ဟုတ်ကဲ့ ဆရာ”
“ကွယ်လွန်သူ မိခင်က ဘယ်ဘာသာကို ကိုးကွယ်တယ်ဆိုတာပါဝင်သလဲ”
“အဲဒါတော့ သေချာဖော်ပြမထားဘူး ဆရာ။ ပထမအိမ်ထောင်က သားဖြစ်လို့ မိခင်ရဲ့ ဝေစုကို သူလည်း ရပိုင် ခွင့်ရှိတယ်လို့ ကန့်ကွက်တာ ဆရာ”
“ဒီအတိုင်းဆိုရင်တော့ အမှုအခင်းများဖြစ်နေမလား မပြောနိုင်ဘူး။ တစ်ခုရှိတာက မိခင်ဖြစ်သူက ပထမအိမ် ထောင်မှာ ဗုဒ္ဓဘာသာကိုးကွယ်ခဲ့မယ်ဆိုရင်တော့ မြန်မာ့ဓလေ့ထုံး တမ်းဥပဒေအရ ဖခင်ကွယ်လွန်ပြီး မိခင် နောက်အိမ်ထောင်ပြုတဲ့အတွက် သားဖြစ်သူက မိခင်ထံမှ အမွေ တောင်းဆိုခွင့်ရှိတယ်”
“အဲဒီအချိန်က အမွေပေးခဲ့ပြီးဆိုရင် အခုနောက်အိမ်ထောင်နဲ့ရတဲ့ ပစ္စည်းအပေါ် တောင်းဆိုခွင့်မရှိတော့ဘူး မဟုတ်လားဆရာ”
“မှန်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း ထည့်သွင်းမေးမြန်းစုံ စမ်းဖို့လိုပါတယ်”
“ကျွန်တော် ကြားဖူးတာကတော့ မိမိကွယ်လွန်ရင် မိမိပိုင်ပစ္စည်းကို ပေးချင်တဲ့သူတစ်ဦးတည်းကိုပေးလို့ရ အောင် ရည်ရွယ်ချက်နဲ့ ခရစ်ယာန်ဘာသာကို ကူးပြောင်းပြီး သေတမ်းစာရေးပေးတာလည်းရှိတယ်လို့ သိ ထားပါတယ်”
“ဒီလိုကိစ္စရပ်မျိုးလည်း ရှိတတ်ကြပါတယ်။ အထူးသဖြင့် ကိတ္တိမမွေးစားတဲ့ ကိစ္စတွေမှာ တွေ့ရတတ်တယ်”
“ဗဟုသုတအဖြစ် ပြောပြပါဦး ဆရာ”
“မွေးစားမိဘများသည် ဗုဒ္ဓဘာသာကိုစွန့်ပြီး ခရစ်ယာန်ဘာသာ သို့မဟုတ် သားသမီးများ မွေးစားခြင်းကို အသိ အမှတ်မပြုသည့် အခြားဘာသာကို ကူးပြောင်းလျှင် ကိတ္တိမမွေးစားသားသမီးများ အမွေဆက်ခံခွင့်ဆုံးရှုံး ကြောင်းကို တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မခင်သန်းနှင့် မအမာ ရန်ကုန်စီရင်ထုံး အတွဲ ၁၂၊ စာ မျက်နှာ ၁၈၄ အမှုမှာ လေ့လာတွေ့ရှိရပါတယ်။ ဒါကြောင့် ဒီအချက်ကလည်း အရေးကြီးပါတယ်”
“အဲဒီလို ဘာသာကူးပြောင်းရာမှာ အပြုအမူကိုကြည့်ပြီး တရားရုံးက ဆုံးဖြတ်တာလား ဆရာ”
“ယခင်ကတော့ ဟုတ်တယ်။ အခြားကိုးကွယ်ရာဘာသာမှ ဗုဒ္ဓဘာသာကို ကူးပြောင်းခဲ့မယ်ဆိုရင် ဘုရား၊ ကျောင်းကန်၊ အလှူဒါနပြုလုပ်မယ်။ မိမိကိုယ်တိုင် ရဟန်းအဖြစ် ဒုလ္လဘဝတ်မယ်၊ သီလရှင်ဝတ်မယ်စတဲ့ အပြုအမူတွေရှိကြတယ်။ ဒီလိုပဲ အခြားဘာသာကို ကူးပြောင်းမယ်ဆိုရင် သက်ဝင်ယုံကြည်ပြုမူဆောင်ရွက်ချက် ပေါ် မူတည်ဆုံးဖြတ်ကြရပါတယ်။ ၂ဝ၁၅ ခုနှစ်က ပြဋ္ဌာန်းတဲ့ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေအရဆိုရင် မိမိကိုးကွယ်ရာ ဘာသာမှ အခြားကိုးကွယ်ရာဘာသာသို့ မိမိ၏ လွတ်လပ်သော သဘော ဆန္ဒဖြင့် ကူးပြောင်းခွင့်ရှိသကဲ့သို့ ကူးပြောင်းကိုးကွယ်ခွင့်ရရှိထားသည့် ကိုးကွယ်ရာဘာသာမှ မူလ မိမိကိုး ကွယ်ရာဘာသာသို့ဖြစ်စေ၊ အခြားဘာသာသို့ဖြစ်စေ ကူးပြောင်းကိုးကွယ်ခွင့်ရှိတယ်လို့ ပုဒ်မ (၄) မှာ ဖော် ပြထားတယ်။ ဘာသာကူးပြောင်းလိုသူ ကိုယ်တိုင်ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ စိစစ်မှတ်ပုံတင် ရေးအဖွဲ့ထံ လျှောက်ထားရပါတယ်”
“အဲဒီဘာသာကူးပြောင်းခြင်းဆိုင်ရာ မှတ်ပုံတင်အဖွဲ့က စိစစ်ပြီးမှ ခွင့်ပြုချက်အရ ဘာသာကူးပြောင်းရမှာပေါ့”
“မှန်ပါတယ်။ စိစစ်ရေးအဖွဲ့က ကူးပြောင်းမယ့် ကိုးကွယ်ရာဘာသာရဲ့ အခြေခံသဘောတရား ယင်းဘာသာရဲ့ ထိမ်းမြားလက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ အမွေဆက်ခံခြင်းစတဲ့ ဓလေ့ထုံးစံတွေကို လျှောက်ထားသူ အားရှင်းပြ မယ်။ တစ်စုံတစ်ဦးရဲ့ သွေးဆောင်ခြိမ်းခြောက် မလျော်သြဇာသုံးခြင်း၊ အနိုင်အထက်ပြုခြင်းကြောင့် ကိုးကွယ်ရာ ဘာသာကူးပြောင်းရန် လျှောက်ထားခြင်းဟုတ် မဟုတ်၊ အခြားဘာသာကို စော်ကားရန် အကြည်ညိုပျက်စေရန် သို့မဟုတ် တလွဲအသုံးပြုရန် အကြံဖြင့် ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဟုတ် မဟုတ်စိစစ်ပြီးမှတ်ပုံတင် စာရင်းသွင်းကာ သက်သေခံလက်မှတ်ထုတ်ပေးမှာဖြစ်ပါတယ်။ ဒါကြောင့် မမှန်မကန်ဆောင်ရွက်ခြင်းက ကာကွယ်နိုင်မှာဖြစ်တယ်”
“အချို့က ပြောတော့ ကွယ်လွန်ချိန်မှာ ကိုးကွယ်တဲ့ဘာသာက အဓိကဆိုတာ ဟုတ်ပါသလား”
“မှန်ပါတယ်။ မကွယ်လွန်မီမှာ ကိုးကွယ်တဲ့ဘာသာကူးပြောင်းသွားလို့ ကွယ်လွန်ချိန်မှာ ကိုးကွယ်ရာ ဘာသာ ဓလေ့ထုံးစံနဲ့အညီနာရေး ဆောင်ရွက်တာတွေရှိတယ်။ ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အရှာဘီဘီနှင့် မောင်ကျော်ရင်အမှု ဘီအယ်ဘီအတွဲ ၁၃ စာမျက်နှာ -၂ဝရ မှာ မူလက ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး အစ္စလာမ်ဘာသာသို့ ကူးပြောင်းသွားသူ၏ အမွေကို ၎င်း၏ ဗုဒ္ဓဘာသာဝင် သားသမီးဆွေမျိုးများက ဆက်ခံ ခွင့်မရှိလို့ ဆုံးဖြတ်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ကွယ်လွန်ချိန်မှာ ကိုးကွယ်တဲ့ ဘာသာပေါ်မူတည်ပြီး ယင်းကိုးကွယ်ရာ ဘာသာဓလေ့ထုံးစံနဲ့ ဆုံးဖြတ်ကြရပါတယ်။
“ဒါဆိုရင် ကျွန်တော်ဝယ်မယ့် မြေကွက်က မောင်နှမအရင်းမဟုတ်တဲ့အပြင် ကိုးကွယ်ရာဘာသာမတူတဲ့ အတွက် ညှိနှိုင်းလို့အဆင်မပြေရင် အမွေမှုဖြစ်နိုင်တာပေါ့”
“မှန်ပါတယ်။ ဒါကြောင့် ဝယ်စဉ်ကတည်းက ကိုးကွယ်ရာဘာသာကိုလည်း အိမ်မြေပိုင်ရှင်တို့ဆီက သိထားဖို့လို တယ်”ဟု အကြံပြုဆွေးနွေး လိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်