အငှားချထားသည့် အစိုးရတိုက်ခန်းကို မဝယ်မိစေဖို့

“အစိုးရပိုင် တိုက်ခန်းမှာ ငှား ရမ်းနေထိုင်ရင် အဆင်ပြေပါ့မလား ဆရာ”ဟု လူလတ်ပိုင်းလူငယ်လေးတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။

“မောင်ရင်က ရန်ကုန်ကို ရောက်တာကြာပြီလား”

“မကြာသေးပါဘူး ဆရာ။ ဇာတိက မုံရွာကပါ။ လုပ်ငန်းအရ ရန်ကုန်ကို ပြောင်းလာရတာပါ။ ဆရာ့ရဲ့ စာဖတ် ပရိသတ်တစ်ဦးဖြစ်တဲ့အတွက် အခုလိုလာရောက်ဆွေးနွေးတာပါ”

“ဝမ်းသာပါတယ်။ နယ်ကရောက်လာသူတိုင်းဟာ ရန်ကုန်မှာတော့ နေရေးကစပြီး အခက်အခဲရှိတာပဲ။ မောင်ရင်က အိမ်ထောင်ရှင်လား။ မိသားစုရှိပါသလား”

“ဟုတ်ကဲ့။ သားတစ်ယောက်ရှိ ပါတယ်။ လေးနှစ်သားပဲရှိပါသေး တယ်။ လောလောဆယ်တော့ ဇနီးနဲ့ သားကို မခေါ်ဖြစ်သေးဘူး။ ဒါ ကြောင့် အိမ်ငှားနေထိုင်ရင် ဘယ်လို အခြေအနေလဲ သိချင်လို့ပါ”

“အခု ဘယ်မှာနေလဲ”

“အဖေ့ရဲ့ အသိတစ်ဦးက သူ့မှာ အစိုးရတိုက်ခန်းတစ်ခန်းရထားတာ ရှိတယ်။ လောလောဆယ်တော့ သူ တို့ မနေကြဘူး။ အိမ်ခန်းငှားထား တယ် ပြောပါတယ်။ အဲဒီအိမ်ငှားက ဒီလကုန်မှာဆင်းမှာမို့ ကျွန်တော့်တို့ မိသားစုပြောင်းနေရင် ရတယ်ပြောလို့ ပါ”

“ပိုင်ရှင်တွေကတော့ အဲဒီမှာ မနေ ဘူးပေါ့။ ဘယ်နားမှာလို့ ပြောသလဲ”

“စမ်းချောင်းမြို့နယ်ထဲမှာလို့ ပြောပါတယ်။ ကျွန်တော်တို့ ငှားနေပြီး မှ အစိုးရက နှင်ချရင် ဘယ်လိုဖြစ်နိုင် ပါသလဲ။ ငှားခွင့်ကောရှိပါသလားဆို တာ သိချင်လို့ပါ”

“ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး အစိုးရလက်ထက်က မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ပိုင် တိုက်ခန်းတွေကို ပြည်သူပိုင် တိုက်ခန်းများအဖြစ် ၁၉၆၅ ခုနှစ်က စပြီး အိမ်ငှားအဖြစ်ချထားပေးခဲ့တာ တွေရှိတယ်။ ယခုတိုင်ရှိနေဆဲ တိုက်ခန်းတွေရှိသကဲ့သို့ အချို့တိုက်ခန်းတွေကို ဖျက်ပြီး စီမံကိန်းတိုက်ခန်း သစ်တွေနဲ့ အစားထိုးတည်ဆောက်နေတဲ့ နေရာတွေလည်းရှိတယ်။ အဲဒီစီမံကိန်း တိုက်ခန်းတွေကိုတော့ ပြန် လည်ရောင်းချတဲ့စနစ်နဲ့ ဆောင်ရွက်နေကြတယ်”

“အချို့က ပြောတော့လည်း အစိုးရပိုင်တိုက်ခန်းတွေမှာ တစ်ဆင့် ငှားရမ်းခြင်းမပြုရလို့လည်း ပြောကြတယ်”

“မှန်ပါတယ်။ အစိုးရပိုင် တစ်နည်းအားဖြင့် အစိုးရဌာနပိုင် တိုက်ခန်းမှာ တရားဝင် အိမ်ငှားအဖြစ် နေပိုင်ခွင့်ရသူ များနဲ့ အငှားချထားတဲ့ အဖွဲ့အစည်း ဥပမာမြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန (အိုးအိမ်ဦးစီးဌာန) တို့ ချုပ်ဆိုတဲ့ စာချုပ်ရှိတယ်။ အဲဒီ အိမ်ရှင်အိမ်ငှားစာချုပ်မှာ မောင်ရင်ပြောတဲ့ စည်းကမ်းချက်တွေလည်းပါ ရှိလာတယ်”

“ဟုတ်ကဲ့ ဗဟုသုတအဖြစ် ပြောပြပါဦး ဆရာ”

“အဲဒီအိမ်ငှားစာချုပ်မှာ အိမ်ငှားဆိုသည်မှာ ပြည်သူ့အိုးအိမ်အဖွဲ့မှ အိမ်၊ အိမ်ခန်းငှားရမ်းနေထိုင်သူကို ဆိုလို သည်လို့ ဖော်ပြထားတယ်။ အိမ်ထောင်စုဝင်ဆိုသည်မှာ အိမ် အိမ်ခန်းရရှိသူ ဦးစီးအပေါ်တွင် မှီခို၍ တစ်အိမ် ထောင်တည်းစုဝေးနေ ထိုင်သူအားလုံးကို ဆိုလိုသည်။ ‘မိသားစုဝင်’ ဆိုသည်မှာ အိမ် အိမ်ခန်းရရှိ ချထားခံရသူ ဦးစီး၏ တရားဝင် ဇနီး၊ ခင်ပွန်းနှင့် သားသမီးများ (တရားဝင်မွေးစားခြင်း အပါအဝင်) ကိုဆိုလိုသည်လို့ အဓိပ္ပာယ်သတ်မှတ်ဖော်ပြထားပါတယ်။ ဒါကြောင့် ဖော်ပြပါ မိသားစုဝင်တွေကလွဲလို့ မိသားစုဝင် မဟုတ်တဲ့သူ ကို နေထိုင်ခွင့်ပေးထား ခြင်းမရှိကြောင်း ဥပဒေကြောင်းအရ တွေ့ရှိနိုင်ပါတယ်”

“ဒါဆိုရင် ထပ်ဆင့်ငှားရမ်းခွင့် မရှိဘူးပေါ့နော်”

“ဒါနဲ့ ပတ်သက်လို့လည်း အိမ်ငှားစည်းကမ်းအဖြစ် အိမ်ငှားသည် (က) ပြည်သူ့ အိုးအိမ်အဖွဲ့၏ ခွင့်ပြုချက်မရဘဲ အိမ် အိမ်ခန်းတစ်ခုလုံးကိုသော်လည်းကောင်း တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း တစ်ဆင့် ငှားရမ်းခြင်းမ ပြုလုပ်ရ”

(ခ) တစ်ဆင့်ငှားရမ်းသည်ဆိုရာ၌ မိမိ၏ အိမ်ထောင်စုစာရင်းတွင် ပါဝင်ခြင်းမရှိသူများကို အိမ် အိမ်ခန်းတွင် အတူနေထိုင်ခွင့်ပြု၍ အိမ်လခယူခြင်း၊ ထမင်းလခကိုယူ၍ အိမ်ခန်းတွင် နေထိုင်ခွင့်ပြုခြင်းများကို ဆိုလိုသည်။

(ဂ) အဖိုးစားနားဖြင့်ဖြစ်စေ အဘိုး စားနားမပါဘဲဖြစ်စေ၊ လွှဲပြောင်းခြင်း မပြုရလို့ တားမြစ်ထားချက်တွေပါရှိ တယ်”

“ဆရာပြောတဲ့ အိမ်ထောင်စု စာရင်းတွင်ပါဝင်ခြင်းမရှိသူဆိုတာက ဘာကိုပြောတာလဲ ဆရာ”

“အိမ်ထောင်ဦးစီးရဲ့ မိသားစုဝင်တွေထဲက သားသမီးအိမ်ထောင်ကျသွားမယ်ဆိုရင် သူ့ရဲ့ ခင်ပွန်း၊ ဇနီးအနေနဲ့ မိသားစုဝင်အဖြစ် အိမ်ထောင်စုစာရင်းမှာ ထည့်သွင်းခွင့်ရမှာဖြစ်ပါတယ်။ သူတို့လို ဆွေမျိုးအရင်း တော်စပ်သွား ရင် မိသားစုဝင်အဖြစ် တရားဝင်နေခွင့်ရတာကိုဆိုလိုပါတယ်”

“အချို့လည်းအခန်းကန့်ပြီး ငှားထားတာတွေရှိတယ်ပြောကြတယ်”

“အင်းပေါ့လေ၊ နေရေးထိုင်ရေးက ခက်ခဲလာတယ်။ မိမိလုပ်ကိုင်နေတဲ့ ရုံး၊ ကုမ္ပဏီနဲ့ ဝေးတဲ့နေရာမှာနေ ရင်လည်း သွားရေးခက်ခဲတာနဲ့ လမ်းမှာကားပိတ်နေတာနဲ့ အဆင်မပြေကြဘူး။ ရပ်ဆွေရပ်မျိုးဆိုပြီး ခေါ် ထားကြတာလည်းရှိပါတယ်။ တိုင်တန်းတဲ့ ကိစ္စရပ်မျိုးမရှိရင်တော့ ပြဿနာမဖြစ်ဘူးပေါ့ကွယ်။ အဆင် ပြေကြတယ်”

“အစိုးရတိုက်ခန်းကို ဝယ်နေတယ်ဆိုတာက ဘယ်လိုကိစ္စမျိုးလဲ ဆရာ”

“တိုက်ခန်းကို ဝယ်နေတယ်ဆိုတာက အပျောက်စနစ်သဘော ဝယ်တာဖြစ်တယ်။ အစိုးရက ငှားရမ်းထားတဲ့ တိုက်ခန်းတွေကိုတော့ လွှဲပြောင်း ရောင်းချခွင့်မရှိဘူး။ ဒါပေမယ့် အိုးအိမ်ဦးစီးဌာနကပဲဖြစ်ဖြစ် မြို့တော် စည်ပင်သာယာရေးအဖွဲ့ကပဲဖြစ်ဖြစ် ပိုင်ဆိုင်တဲ့ မြေပေါ်မှာ တည်ဆောက်ထားတဲ့ တိုက်ခန်း (အထူးသဖြင့် အိမ် ရာတိုက်ခန်း) တွေဖြစ်တယ်။ ဥပမာ ပြောရရင် လှိုင်မြို့နယ်အတွင်းမှာရှိတဲ့ လှိုင်မြင်းမိုရ်အိမ်ရာ၊ ကမာရွတ်မြို့ နယ်အတွင်းမှာရှိတဲ့ မြကန်သာအိမ်ရာရှိ တိုက်ခန်းမျိုးတွေဖြစ်တယ်”

“အဲဒီလိုဝယ်တဲ့ တိုက်ခန်းတွေက အိမ်လခမပေးရဘူးပေါ့”

“အိမ်လခသဘောမျိုးတော့ မပေးရဘူး။ ဒါပေမယ့် သက်ဆိုင်ရာ အခွန်အခ ဥပမာ၊ မြေခွန်၊ စည်ပင်ခွန်စတဲ့ အခွန်အခတွေတော့ ဆောင်ကြရတယ်”

“အဲဒီတိုက်ခန်းတွေကိုတော့ လွှဲပြောင်းရောင်းချခွင့်ရှိတယ်ပေါ့”

“ဟုတ်ပါတယ်။ နှစ်သက်ရာ တန်ဖိုးသတ်မှတ်ပြီး ရောင်းချခွင့်ရှိပါ တယ်။ တိုက်ခန်းပိုင်ရှင်အမည်ပေါက် လည်း ပြောင်းလဲသတ်မှတ်ပေးတယ်”

“တိုက်ခန်းပိုင်ရှင်အမည်ပေါက် ဆိုတာက ဘယ်လိုကိစ္စကိုပြောတာလဲ”

“တိုက်ခန်းဝယ်သူအမည်ကို သက်ဆိုင်ရာ အိုးအိမ်ဦးစီးဌာန မြို့တော်စည်ပင်သာယာရေးကော်မတီထံ အမည် ပေါက်ပြောင်းလျှောက်ထားပြီး မှတ်တမ်းစာအုပ်မှာ တိုက်ခန်းပိုင်ရှင် အမည်ပြောင်းပေးသွားမှာဖြစ်ပါတယ်”

“ဒါဆိုရင် ငွေကြေးတတ်နိုင်ရင်တော့ တိုက်ခန်းကို ဝယ်နေတာ အဆင်ပြေတာပေါ့ ဆရာ”

မှန်ပါတယ်။ ဒါပေမယ့် အစိုးရက ငှားရမ်းထားတဲ့ တိုက်ခန်းကိုဝယ် ပြီးနေရင်တော့ ပိုင်ဆိုင်ခွင့်ရမှာ မဟုတ်ဘဲ ဥပဒေနဲ့အညီ တရားစွဲ ဖယ်ရှားခံရတာမျိုးဖြစ်နိုင်တဲ့အတွက် သေချာစုံစမ်းပြီးမှ ဝယ်ပါလို့ အကြံပြု ဆွေးနွေး လိုက်ပါသည်။

Credit to: ‌‌ဈေးကွက်ဂျာနယ်