အိမ်မြေအရောင်းအဝယ် ပြုလုပ်စဉ် ပူးတွဲပိုင်ရှင် ကွယ်လွန်သွားလျှင်
“ပူးတွဲပိုင်ရှင်တစ်ဦး ကွယ်လွန်သွားရင် ဘယ်လိုဆောင်ရွက်ရမလဲ ဆရာ”ဟု မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။
“အိမ်မြေဝယ်ထားတာရှိလို့ လား” ဟု စာရေးသူက မေးလိုက်ပါသည်။
“ဟုတ်ကဲ့ ဆရာ၊ မြေတစ်ကွက် ဝယ်ထားတာတာဆရာ။ အိမ်ကတော့ ပျဉ်ထောင်အိမ်သေးသေးပါ”
“စရန်ငွေပေးထားသလား”
“စရန်ငွေပေးစဉ်ကတော့ ပိုင်ရှင်နှစ်ဦးလုံးရှိတယ် ဆရာ။ အခုငွေအပြီး ချေဖို့ ကိစ္စကြတော့။ ကွယ်လွန်သူ တွေရဲ့ ဝေစုကို ဘယ်သူ့ထံပေးရမလဲဆိုတာ အခက်အခဲရှိနေတယ်”
“သတင်းစာထဲ ထည့်ကြေညာခဲ့တာရှိလား”
“သတင်းစာထဲမှာ ထည့်ကြေညာစဉ်က ပူးတွဲပိုင်ရှင်နှစ်ဦးလုံးရှိနေ တယ် ဆရာ။ ကန့်ကွက်သူမရှိခဲ့ဘူး”
“အင်းပေါ့လေ၊ ကွယ်လွန်တာက အခုမှဆိုတော့ ကန့်ကွက်သူမ ပေါ်ခဲ့ဘူးပေါ့။ အခုအချိန်မှာ ကန့်ကွက်သူပေါ် လာလို့လား”
“ကန့်ကွက်သူတော့ မပေါ်ပါဘူး ဆရာ။ ဒါပေမယ့် ကျန်ငွေကို ပူးတွဲ ပိုင်ရှင်ကိုပဲ ပေးရမလား။ ကွယ်လွန်သူရဲ့ မိဘကို ပေးရမလားဆိုတာ ဝေခွဲမရဖြစ်နေလို့”
“ပူးတွဲပိုင်ရှင် ကွယ်လွန်သွားရင်တော့ ကွယ်လွန်သူရဲ့ သားသမီး ဇနီးစတဲ့ တိုက်ရိုက်အဆက်နွယ်ရှိရင်တော့ ထိုသူတို့က ကွယ်လွန်သူရဲ့ နေရာမှာ ပူးတွဲပိုင်ရှင်အဖြစ် ဝင်ရောက်ခွင့်ရမှာဖြစ်ပါတယ်”
“ကွယ်လွန်သွားတဲ့သူက လူပျိုလို့ပြောတယ် ဆရာ”
“ဒါဆိုရင်တော့ တစ်မျိုးစဉ်းစားရမှာပေါ့။ ပူးတွဲပိုင်ရှင်အချင်းချင်းက ဆွေမျိုးတော်ကြလား”
“ဟုတ်ကဲ့ ဆရာ၊ မောင်နှမနှစ်ယောက်ပါ”
“မြေပိုင်ရှင်က မောင်နှမနှစ်ဦး ပူးတွဲပိုင်ရှင်တွေပေါ့။ မောင်နှမဆိုလို့ မောင်နှမအရင်းတွေပဲလား”
“ဟုတ်တယ် ဆရာ။ သူတို့ပြော စကားအရတော့ မောင်နှမအရင်းလို့ သိရပါတယ်။
“မောင်နှမနှစ်ယောက်ပေါင်းပြီး ဝယ်ထားတာလား”
“မဟုတ်ဘူး ဆရာ။ အမေဖြစ် သူက အပေးစာချုပ်နဲ့ ပေးကမ်းထားတာ ဆရာ”
“မေတ္တာနဲ့ ပေးကမ်းခြင်းဆိုတော့ ပေးကမ်းစာချုပ်က မှတ်ပုံတင်စာချုပ် စာတမ်းနဲ့ ပေးကမ်းထားတာလား”
“ဟုတ်တယ် ဆရာ။ စာချုပ် စာတမ်းမှတ်ပုံတင်ပြုလုပ်ချုပ်ဆိုထားတာ တွေ့ခဲ့ရပါတယ်”
“ဒါဆိုရင် မြေအမည်ပေါက်လည်း ပြောင်းပြီးပြီပေါ့”
“မြေအမည်ပေါက်တော့ မပြောင်းရသေးဘူး ဆရာ။ အမေကြီး အမည်ပေါက်ဖြစ်နေသေးတယ်”
“အခြားညီရင်းညီမတွေရှိသေးလား။ မောင်နှမနှစ်ယောက်တည်း ရှိတာလား”
“သူတို့ ပြောစကားအရတော့ ဒီမောင်နှမနှစ်ယောက်တည်းပဲရှိတာလို့ ပြောပါတယ်”
“အပေးစာချုပ်ပြုလုပ်ပေးတယ်ဆိုရင် များသောအားဖြင့်သား သမီးအားလုံးထဲက တစ်ဦးတစ်ယောက်ကို ပေးတာမျိုးရှိတတ်တော့ သေချာ စုံစမ်းဖို့တော့ လိုတယ်”
“သတင်းစာထဲ ကြေညာစဉ်ကလည်း ကန့်ကွက်သူမရှိဘူး။ ပြီးတော့ အမည်ပေါက် မိခင်ကြီးကလည်းရှိ သေးတယ်”
“မိခင်ကြီးက စိုးရိမ်ပြီး အပေးစာချုပ် ချုပ်ထားခဲ့တာထင်တယ်”
“သူတို့ ပြောပြချက်အရတော့ ဖခင်ကြီးနဲ့ မိခင်ကြီးက ကွဲနေကြတာလို့ ပြောတယ်။ ဖခင်ကြီးက နောက် အိမ်ထောင်ပြုသွားတာ ဆရာ”
“ဖခင်ကြီးက သက်ရှိထင်ရှားရှိသေးလား”
“ဖခင်ကြီးက ကွယ်လွန်သွားပြီ ပြောတယ်။ ကွာရှင်းစဉ်က အခုအိမ်နဲ့ မြေကိုမိခင်ကြီးက ပိုင်ဆိုင်ခွဲဝေ လိုက်တာလို့ ပြောပါတယ်”
“ဒါဆိုရင်တော့ ဖခင်ကြီးအပိုင်းကို စဉ်းစားဖို့ မလိုတော့ဘူးပေါ့”
“မိခင်ကြီး သက်ရှိထင်ရှားရှိနေတော့ သားရဲ့ဝေစုကို မိခင်ကြီးက ရပိုင်ခွင့်ရှိမှာပေါ့”
“ပူးတွဲပိုင်ရှင်က မောင်နှမအရင်းဖြစ်နေတော့ ပူးတွဲပိုင်ကျန်မောင်နှမကပဲ အမွေဆက်ခံခွင့်ရှိမှာဖြစ်တယ်”
“မိခင်ကြီးက သူ့ပိုင်ပစ္စည်းကို ပေးထားတာဆိုတော့ သူပဲရပိုင်ခွင့်ရှိတယ် မဟုတ်လား”
“သာမန်အားဖြင့်ကြည့်ရင်တော့ ဟုတ်သလိုပဲ။ ဒါပေမယ့် မေတ္တာနဲ့ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ်အရ သားနဲ့သမီးက ပူးတွဲပိုင်ရှင်ဖြစ်သွားတယ်။ ပြီးတော့ အဲဒီသားနဲ့သမီးက မိခင်နဲ့အတူနေကြတယ်။ တစ်နည်း အားဖြင့်ပေးကမ်းလိုက်တဲ့ အိမ်မြေကို လက်ခံသူနှစ်ဦးလုံးက လက်ရှိနေထိုင်နေတာကြောင့် လက်ရောက်ပေး အပ်တဲ့ သဘောသက်ရောက်သွားတယ်”
“ဒါဆိုရင် မိခင်ကြီးက အမည်ပေါက်နေပေမယ့် ပိုင်ဆိုင်ခွင့်မရှိတော့ဘူးပေါ့”
“မြေအိမ်အမည်ပေါက်က အမည်ပြောင်းမလျှောက်ထားခဲ့လို့ မိခင်အမည်နဲ့ ရှိနေတာ။ ဥပဒေအရတော့ ပေးကမ်းခြင်းမှတ်ပုံတင်စာချုပ်အရ ကွယ်လွန်သူသားနဲ့ ကျန်ရစ်တဲ့ သမီးတို့ကသာ ပူးတွဲပိုင်ရှင်ဖြစ်ပါတယ်”
“ဆရာပြောသလိုဆိုရင် ကွယ်လွန်သူအစ်ကိုရဲ့ ဝေစုကို ပူးတွဲပိုင်ရှင် ညီမကပဲရမယ်လို့ ဆိုလိုတာပေါ့”
“မှန်ပါတယ်။ မြန်မာဓလေ့ထုံး တမ်းဥပဒေမှာ ကွယ်လွန်သူရဲ့ ခင်ပွန်း၊ ဇနီး၊ သားသမီး၊ မြေး၊ မြစ် အစရှိသော တိုက်ရိုက်အဆက်အနွယ်များ၊ ကိတ္တိမသားသမီး၊ လင်ပါမယားပါ သားသမီးနှင့် ကိဠိတသားသမီးအစရှိ သူများမရှိလျှင် (၁) ညီအစ်ကို မောင်နှမ၊ (၂) မိဘ (၃) ဘိုးဘွား (၄) တူ တူမများ (၅) ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေး (၆) တူ တူမများ၏ သား သမီးများစသဖြင့် အဆင့်ဆင့်အမွေ ဆက်ခံခွင့်ကို သတ်မှတ်ထားပါတယ်”
“ဥပဒေအရဆိုရင် ကွယ်လွန် သူရဲ့ အမွေကို ညီအစ်ကိုမောင်နှမက မိဘထက်ဦးစွာရနိုင်တဲ့ သဘောပေါ့”
“ဟုတ်ပါတယ်။ မနှင်းဘွင့်နှင့် ဦးရွှေဂုဏ် အောက်မြန်မာစီရင်ထုံး၊ အတွဲ (၁) စာမျက်နှာ (၁) အမှုမှာ ကွယ်လွန်သူနှင့်အတူနေထိုင်သူ အစ်မက တစ်ဖက်၊ ဖခင်ကတစ်ဖက် အမွေလုရာ အစ်မဖြစ်သူူက ရရှိသည်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့ ကိစ္စမှာ ညီမဖြစ်သူက ကွယ်လွန်သူအစ်ကို လူပျိုရဲ့ အမွေကို ဆက်ခံခွင့်ရှိမှာဖြစ်ပါတယ်”
“ဒါဆိုရင် ညီမနဲ့ဘဲ အရောင်းအဝယ်စာချုပ် ချုပ်ရမှာပေါ့”
“ညီမဖြစ်သူက အမွေဆက်ခံပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုပြီး မိတ်ဆွေတို့နဲ့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုရမှာဖြစ်ပါတယ်။ တစ်ခုထူးခြားနေတာက အမည်ပေါက်က သက်ရှိထင်ရှားရှိတဲ့ မိခင်အမည်ပေါက်နေတော့ မိခင်နဲ့ တိုက်ရိုက်အရောင်းအဝယ်မှတ်ပုံတင် စာချုပ် ချုပ်ဆိုနိုင်တဲ့ အခွင့်အရေးရှိ တာမို့ နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ဖို့ လိုပါတယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်