ဝယ်ယူမည့်မြေ၏ ဂရန်အမည်ပေါက်နှင့် မြေပုံရာဇဝင်မှတ်တမ်းတွင် အမည်သတ်ပုံ လွဲမှားနေလျှင်

စာရေးသူသည် ရုံးခန်းသို့ ရောက်သည့်အခါ ဦးစွာရောက်နေသည့် မိတ်ဆွေဦးသန်းဦးကို တွေ့လိုက်ရ သည်။

“ဦးသန်းဦးရောက်နေပါလား၊ အထူးကိစ္စရှိတယ်ထင်တယ်”ဟု စာရေးသူက နှုတ်ဆက်လိုက် ပါသည်။

“ပြဿနာရှိမှ ဆရာသမားဆီ ရောက်တယ်ဖြစ်နေပြီ”

ဦးသန်းဦးက စာရေးသူကို အား နာသည့် လေသံဖြင့် ပြောပါသည်။

“ဒီလိုလည်း ဘယ်ဟုတ်မလဲဗျာ။ တစ်ဦးနဲ့တစ်ဦးက ရန်ကုန်မြို့ မှာနေတယ်ဆိုပေမယ့် အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဖြစ်နေတော့ ကိစ္စရှိမှပဲ တွေ့ဖြစ်ကြတာပေါ့ဗျာ။ ဦးသန်းဦး ကိစ္စလေးပြောပါဦး”

စာရေးသူက စကားဦးသန်း၍ အဖြစ်အပျက်ကို မေးမြန်းလိုက် သည်။

“မြေကွက်တစ်ကွက်ဝယ်မယ် ဆိုပြီး သွားကြည့်တော့ ဂရန်အမည် ပေါက်နဲ့ မြေစာရင်းက မြေကွက်အ မည်ပေါက်ကွဲလွဲနေလို့ ဆရာ။ အဲဒါ ဝယ်လို့ဖြစ်ပါ့မလား”

“ဘယ်လိုများ ကွဲပြားနေလို့လဲ”

“ဂရန်စာချုပ်ပေါ်မှာက ဒေါ်ငွေရင်လို့ အမည်ပေါက်ဖော်ပြထား တယ်။ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီမြေယာဌာနကိုသွား စုံစမ်းတော့ မြေရာဇဝင်မှတ်တမ်းမှာ ဒေါ်ငွေရင် မဟုတ်ဘဲ ဒေါ်ရင်ဖြစ် နေတယ်”

ဒါဆိုရင် မြေယာဌာနက မှတ်တမ်းမှာ ဒေါ်ငွေရင်မဟုတ်ဘဲ ‘ငွေ’ စာလုံးတစ်လုံးမပါ ဒေါ်ရင်ဖြစ်နေ တာပေါ့”

“ဟုတ်ပါတယ် ဆရာ”

“အင်း-တစ်ခုခုတော့ လွဲနေပြီ ပေါ့ဗျာ။ မှတ်တမ်းတင်သူကပဲ ဒေါ်ငွေ ရင်ကို ဒေါ်ရင်လို့ မှတ်တမ်းတင်ထား မိတာလည်း ဖြစ်နိုင်တယ်”

“နာမည်ပေါက်မတူရင် အရောင်းအဝယ် မြေပုံထုတ်မပေးဘူးလို့ သက်ဆိုင်ရာဌာနက ပြောလိုက်တယ်”

“ဒါလည်း မှန်ပါတယ်။ တစ်ခါ တစ်ရံမှာ စာလုံးပေါင်းမှားရင်လည်း အမှန်က မည်သည့်စာလုံးပေါင်းပါလို့ ကာယကံရှင်က ကျမ်းကျိန်လွှာနဲ့ တင် ပြရတာတွေရှိတယ်”

“စာလုံးပေါင်းဆိုတာက ဘယ်လို မျိုးလဲ ဆရာ”

“ဥပမာ-ဒေါ်ရင်ပဲဆိုပါတော့ ဗျာ။ ဂရန်အမည်ပေါက်အဖြစ် ဂရန် စာချုပ်မှာ ဒေါ်ရင်ကို ရကောက်နဲ့ ရင်ထားမယ်။ မှတ်တမ်းမှာကျတော့ ရင်ကို ယပလက်ညလေးသတ် ယဉ်နဲ့ မှတ်သားထားတာ မျိုးဖြစ်တတ်တယ်”

“သြော်-စာလုံးပေါင်းမှားလည်း အမှန်ကို ပြန်လည်ပြင်ဆင်ဖို့ လျှောက် ရတာပေါ့”

“ဟုတ်ပါတယ်။ တချို့က မှတ်ပုံ တင်မှာ ဒေါ်ငွေရင်ဖြစ်နေပြီး အိမ် ထောင်စုစာရင်းမှာ ဒေါ်ရင်ဖြစ်နေ တာမျိုးလည်း ရှိတတ်တယ်”

“ဒါဆိုရင် ဘယ်လိုဆောင်ရွက် ရသလဲ”

“ဒေါ်ငွေရင်နဲ့ ဒေါ်ရင်မှာတစ်ဦး တည်းဖြစ်ကြောင်း ဒေါ်ငွေရင်ခေါ် ဒေါ်ရင်ဖြစ်ကြောင်း ကျမ်းကျိန်လွှာနဲ့ ကာယကံရှင်က တင်ပြလျှောက်ထား ရပါတယ်။ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ လ.ဝ.က ရုံးမှ ထောက်ခံစာတို့ကို ပူးတွဲတင်ပြရတယ်။ အဓိကအချက် ကတော့ ဒေါ်ရင်ဖြစ်စေ၊ ဒေါ်ငွေရင် ဖြစ်စေ ဂရန်စာချုပ်ပါ ဒေါ်ငွေရင်ရဲ့ မှတ်ပုံတင် အမှတ်နဲ့ မှတ်တမ်းမှာရှိ ဒေါ်ရင်ရဲ့ မှတ်ပုံတင်အမှတ် တူညီဖို့ တော့ လိုတယ်”

“ဆရာပြောမှ သတိရတယ်။ ဒေါ်ငွေရင်ရဲ့ မှတ်ပုံတင်အမှတ်နဲ့ ဒေါ်ရင်ရဲ့ မှတ်ပုံတင်အမှတ်ကတော့ တူတယ်။ ဒါပေမယ့် နိုင်ငံသား လက် မှတ် နံပါတ်မဟုတ်လို့ အဲဒါလည်း ပြင်ရမယ်လို့ ပြောတယ်”

“မှန်ပါတယ်။ ယခုအခါ နိုင်ငံ သားစိစစ်ရေးကတ်ပြားတွေ ထုတ်ပေး ထားတော့၊ နိုင်ငံသားကတ်နံပါတ်ကို ပြောင်းလဲအသုံးပြုနေကြတယ်။ ဒါ ကြောင့် ယခင်မှတ်ပုံတင်အမှတ်ကို နိုင်ငံသားကတ်နံပါတ်နဲ့ ပြောင်းလဲ တင်ပြရမှာဖြစ်တယ်”

“အဲဒါဆိုရင် သက်ဆိုင်ရာ လ.ဝ.က ရုံးမှာ ထောက်ခံချက်ရယူ ရမှာပေါ့နော်”

“ဟုတ်ပါတယ်။ အခုရောင်းမယ့် သူက မြေအမည်ပေါက် ဒေါ်ငွေရင် ကိုယ်တိုင်လား”

“မဟုတ်ဘူးဗျ။ ဒေါ်ငွေရင်က ကွယ်လွန်သွားပြီ။ သူ့ရဲ့သားသမီးတွေ က ရောင်းမှာ ဆရာ”

“ဒါဆိုရင်တော့ လုပ်ဆောင်ရမယ့် အဆင့်တွေများသွားပြီ။ သား သမီးတွေက အမွေဆက်ခံပိုင်ဆိုင် ကြောင်း ကြေညာစာချုပ်လုပ်ရဦး မယ်။ ပြီးမှ အရောင်းအဝယ် မှတ်ပုံ တင်စာချုပ် ပြုလုပ်နိုင်မှာဖြစ်တယ်”

“လောလောဆယ်ကိစ္စက အဲဒီ စာချုပ်တွေ ပြုလုပ်ဖို့ မြေပုံကူးရမှာ မဟုတ်လား”

“ဟုတ်ပါတယ်။ အခု မှားယွင်းနေတဲ့ အချက်တွေကို အရင်ဦးစွာ ဆောင်ရွက်ရမှာဖြစ်တယ်။ ဒေါ်ငွေရင် (ခ) ဒေါ်ရင်ဖြစ်ကြောင်း မြို့ တော်စည်ပင်သာယာရေးကော်မတီရဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ အ တည်ပြုချက်ရမှသာ ဂရန်စာချုပ်နဲ့ မှတ်တမ်းမြေရာဇဝင်တို့မှာ ဒေါ်ငွေ ရင် (ခ) ဒေါ်ရင်လို့ ပြောင်းလဲရေး သား ပြုစုပေးမှာဖြစ်ပါတယ်”

“မြေအမည်ပေါက်က ကွယ်လွန် သွားပြီဆိုတော့ သေစာရင်းလိုမှာပေါ့”

“လိုတာပေါ့။ သေစာရင်းမှာက ဘယ်အမည်လဲဆိုတာရှိဦးမယ်”

“ဒါဆိုရင် မြေယာဌာနက စာ ထုတ်ပေးတာရှိသလား”

“ရှိပါတယ်။ မြေယာဌာနက သက်ဆိုင်ရာမြို့နယ် လ.ဝ.က ရုံး ဌာနသို့သွားရန် စာထုတ်ပေးလေ့ရှိပါ တယ်။ လ.ဝ.ကရုံးက ကွယ်လွန်သူ ရဲ့ သေစာရင်းအမည်နဲ့ ရုံးလက်ခံ စာ ရွက်မှတ်တမ်းကို တိုက်ဆိုင်စစ်ဆေး မယ်။ မှတ်ပုံတင်အမှတ် ဒါမှမဟုတ် နိုင်ငံသားအမှတ်တို့ကို စိစစ်မယ်။ နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ် ပေးပြီးဆိုလျှင် အမျိုးသား မှတ်ပုံတင် အမှတ်ကိုင်ဆောင်သူကို မည်သည့် နေ့ရက်မှာ နိုင်ငံသား စိစစ်ရေးကတ် ပြားထုတ်ပေးပြီးနံပါတ် ဖော်ပြကာ ထောက်ခံချက်ရေးသားပြန်ကြားပေး မှာ ဖြစ်တယ်”

“အမည်ကွဲလွဲချက်ကိုလည်း တစ်ခါတည်း ရေးသားပေးပါသလား”

“အမည်ကွဲလွဲချက်ရှိရင်လည်း ဥပမာ-ဒေါ်ငွေရင်နှင့် ဒေါ်ရင်မှာ တစ်ဦးတည်းဖြစ်ကြောင်း နိုင်ငံသား မှတ်ပုံတင်အမှတ် မည်မျှဖြစ်ကြောင်း ရေးသားပြန်ကြားပေးမှာဖြစ်တယ်”

“လ.ဝ.က ရုံးက ပြန်စာနဲ့ စာ ရွက်စာတမ်းအပြည့်အစုံသေစာရင်း အပါအဝင် တင်ပြနိုင်ရင် မြေယာ ဌာနက မြေပုံထုတ်ပေးနိုင်ပြီပေါ့”

“ချက်ချင်းတော့ ထုတ်မပေးနိုင် သေးဘူး။ ထိုထောက်ခံစာအရ မြေ ကွက်ကို ကွင်းဆင်းစစ်ရေးဖို့လိုရင် ကွင်းဆင်းစစ်ဆေးမယ်။ ကန့်ကွက်သူ ရှိ မရှိကို သတင်းစာထဲ ကြေညာ မယ်။ ၇ ရက်ပြည့်ပြီး နောက်ပိုင်း ကန့်ကွက်သူမရှိမှ မြေယာဌာနအနေ နဲ့ အမည်မှန်နဲ့အတူ မြေပုံမြေရာဇဝင် ထုတ်ပေးမှာဖြစ်တယ်”

“ဒီလို အထောက်အထားမှန် ကန်ရင်တော့ အဲဒီမြေကွက်ကို ဝယ် သင့်တာပေါ့နော်”

“ဟုတ်ပါတယ် ဦးသန်းဦး”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်