တူ၊ တူမများ အမွေဆက်ခံခွင့်ရှိသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

“ကွယ်လွန်သူမှာ မောင်နှမ အရင်းတွေ ကွယ်လွန်ပြီးဖြစ်ရင် တူ၊ တူမတွေက အမွေရခွင့်ရှိပါသလား ဆရာ”ဟု မိတ်ဆွေတစ်ဦးက စာရေး သူထံ လာရောက်ဆွေးနွေးပါသည်။
“အမွေရှင်မှာ မိမိထက် မောင်နှမ အရင်းတွေက ဦးစွာကွယ်လွန်ခဲ့ရင် တော့ သူတို့က မွေးတဲ့သားသမီး၊ အမွေရှင်ရဲ့ တူ၊ တူမတွေက အမွေ ဝေစု ညီမျှစွာရကြမှာဖြစ်တယ်။ အခု ကိစ္စက ဘယ်လိုဖြစ်လို့လဲ။ အမွေ ရှင်က အိမ်ထောင်မရှိ လူပျိုကြီး၊ အပျိုကြီးလား”

“လူပျိုကြီးတော့ မဟုတ်ဘူး ဆရာ။ မုဆိုးဖိုတစ်ယောက်ပါ။ မိန်းမ က ကွယ်လွန်တာ ၁ဝ နှစ် နီးပါးရှိ သွားပြီ။ သူ့အသက်ကလည်း ၈၇ နှစ် မှာ ကွယ်လွန်တာ ဆရာ”

“သားသမီးမကျန်ခဲ့ဘူးလား”

“သားသမီးလည်း မကျန်ခဲ့ဘူး။ တူမတစ်ယောက်နဲ့အတူနေတာ။ တူမဖြစ်သူက အသက် ၆ဝ ပြည့်ပြီးပြီ ဆရာ”

“ဒါဆိုရင် အမွေရှင်အဘိုးကြီး မှာ မောင်နှမဘယ်နှယောက်ရှိလဲ”

“အမွေရှင်အဘိုးကြီးမှာ မောင် နှမသုံးယောက်ရှိတယ်။ ကျန်နှစ် ယောက်က ကွယ်လွန်သွားကြပြီ ဆရာ”

“အဘိုးကြီးအမွေက ဘာကျန်ခဲ့ လို့လဲ။ အိမ်မြေကျန်ခဲ့လား။ ဘာ ပြဿနာရှိနေလို့လဲ”

“အဘိုးကြီး အမည်ပေါက်အိမ်နဲ့ မြေကျန်ခဲ့တယ် ဆရာ။ အတူနေ တူမဖြစ်သူက ရောင်းမယ်ဆိုလို့ ကျွန် တော်တို့သွားကြည့်တယ်။ စျေးလည်း သင့်တာမို့ ဝယ်မယ်စိတ်ကူးမိပါတယ်။ ဒါပေမယ့် တူမက ရောင်းမယ်ဆို တော့ အမွေဆိုင်အနေနဲ့ ဘယ်လိုဖြစ် လာနိုင်သလဲ သိချင်လို့ပါဆရာ”

“အမွေရှင်မှာ မွေးစားသားသမီး ရှိသလား”

“တူမပြောတာတော့ မွေးစား သားသမီးလည်း မရှိဘူး။ အဒေါ် ကွယ်လွန်တော့ သူတို့ မိသားစုနဲ့ အတူနေတာလို့ ပြောတာပဲ”

“တူ၊ တူမတွေက ဘယ်နှယောက် ရှိသလဲ။ အားလုံးခွဲဝေယူဖို့တော့ ပြေ လည်မှဖြစ်မှာ”

“ဟုတ်ပါတယ် ဆရာ။ ဆရာ့ကို ရှင်းအောင်ပြောရမယ်ဆိုရင် အမွေ ရှင် ဦးကျော်မြင့်မှာ ဒေါ်မြနဲ့ ဦးလှခင် ဆိုတဲ့ မောင်နှမရှိတယ်။ ဒေါ်မြက သားတစ်ဦးမွေးတယ်။ ဦးလှခင်က သမီးတစ်ယောက် သားတစ်ယောက် မွေးတယ်။ ဦးကျော်မြင့် ဇနီးကွယ်လွန် ပြီး မကြာမီမှာ ညီဖြစ်တဲ့ ဦးလှခင် ကွယ်လွန်တာကြောင့် သူ့သမီးကို ခေါ်ထားတယ်။ ဦးကျော်မြင့်နဲ့အတူ နေစဉ်မှာ အိမ်ထောင်ကျတယ်။ အခု သူ့မောင်နဲ့ အမွေခွဲဖို့ ရောင်းတဲ့ သဘောပေါ့ဆရာ”

“ဒါဆိုရင် ဒေါ်မြရဲ့သားက ရှိဦး မယ်လေ။ သူလည်း တူတော်တာပဲ မဟုတ်လား”

“ဟုတ်ပါတယ် ဆရာ။ သူတို့ ပြောစကားအရတော့ ဒေါ်မြနဲ့ သူ့ သားလည်း ကွယ်လွန်သွားကြပြီပြော တယ်”

“ဒါဆိုရင်တော့ ရှင်းပါတယ်။ တူ၊ တူမနှစ်ဦးပဲ ကျန်တဲ့သဘောပေါ့”

“ဟုတ်ကဲ့၊ ဒါကြောင့် ကျွန်တော် က စရန်ငွေချလိုက်တယ်ဆရာ။ ပြီး တော့ သတင်းစာထဲမှာ ထည့်ပြီးကန့် ကွက်သူ ရှိ မရှိကြေညာလိုက်တယ်”

“ကန့်ကွက်သူ ပေါ်လာလို့လား”

“ဟုတ်ကဲ့ ဆရာ”

“ဘယ်သူက ဘယ်လိုအကြောင်း နဲ့ ကန့်ကွက်တာလဲ”

“အမွေရှင်ရဲ့ အစ်မ ဒေါ်မြရဲ့ မြေးက ကန့်ကွက်တာ။ တူ တော်သူ သူ့ရဲ့ အဖေဝေစုကို ဦးကျော်မြင့်ထဲ က ရခွင့်ရှိတယ်လို့ တောင်းတာ ဆရာ”

“ဒေါ်မြက မွေးတဲ့သားက ဦးကျော်မြင့်ထက် ဦးစွာကွယ်လွန် ခြင်းရှိ မရှိ စဉ်းစားရမှာဖြစ်တယ်။ ဦးကျော်မြင့် ကွယ်လွန်စဉ်မှာ တူ တော်သူ ဒေါ်မြရဲ့ သားက သက်ရှိ ထင်ရှားရှိနေရင်တော့ ညီဖြစ်တဲ့ ဦးလှခင်ရဲ့ သားသမီးနဲ့အတူ ဒေါ်မြ ရဲ့ သားကလည်း အမွေဆက်ခံခွင့်ရှိ မှာဖြစ်တယ်”

“တကယ်လို့ ဦးကျော်မြင့်ထက် စောစွာကွယ်လွန်သွားရင် ဘယ်လို ဖြစ်နိုင်ပါသလဲ”

“ဦးကျော်မြင့်ထက် စောစွာတူ ဖြစ်သူက ကွယ်လွန်ခဲ့ရင်တော့ သူ့ ဝေစုကိုရနိုင်မှာ မဟုတ်တော့ဘူး။ ဒါ ကြောင့် သူကမွေးတဲ့ သားဖြစ်ပြီး ဦးကျော်မြင့်ရဲ့ မြေးတစ်ဝမ်းကွဲတော် သူက အမွေဆက်ခံခွင့်ရှိမှာ မဟုတ် ပါဘူး”

“ဒါဆိုရင် (ဒေါ်မြရဲ့သားဖြစ်သူ) တူတော်စပ်သူက ဦးလေးဖြစ်တဲ့ ဦးကျော်မြင့်ထက် ဦးစွာကွယ်လွန် ခြင်းရှိ မရှိက အရေးကြီးတာပေါ့နော်”

“မှန်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ အမွေ ဆက်ခံမှုနဲ့ ပတ်သက်လို့ မျိုးရိုးစဉ် ဆက် သတ်မှတ်ထားချက်ရှိကြောင်း တရားရုံးချုပ်က ဆုံးဖြတ်တဲ့ ဦးမြင့်စိုး နှင့် ဦးသန်းစိုးပါ လေးဦး၊ ၂ဝဝ၈ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ -၈၄ မှာ မြန်မာ့ဓလေ့ထုံး တမ်း ဥပဒေအမွေခန်း ဥပဒေအရ ကွယ်လွန်သူတွင် ဇနီး၊ ခင်ပွန်း၊ သား သမီး၊ မြေး၊ မြစ်၊ အစရှိသော တိုက် ရိုက်အဆက်အနွယ်များ၊ ကိတ္တိမ သားသမီး၊ လင်ပါမယားပါ သားသမီး နှင့် ကိဠိတ သားသမီးအစရှိသူများ မရှိလျှင် ထိုသူ၏ အမွေပစ္စည်းများကို ဆက်ခံခွင့်ရှိသည့် ဆွေမျိုးသားချင်း၏ အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ် သည်။
၁။ ညီအစ်ကိုမောင်နှမများ
၂။ မိဘများ
၃။ ဘိုးဘွားများ
၄။ တူ၊ တူမများ
၅။ ဘကြီး၊ ဘထွေး၊ ဦးရီး (ဦးကြီး)၊ ဦးလေး၊ အရီး၊ အဒေါ်များ။
၆။ တူ တူမများ၏ သားသမီးများ စသည်တို့ဖြစ်သည်လို့ ဖော်ပြထားပါ တယ်။ ဒါကြောင့် အခုကိစ္စမှာ ကန့် ကွက်သူဟာ အမွေရှင်ဦးကျော်မြင့်နဲ့ တူတော်စပ်သူ၏ သားဖြစ်နေတယ်။ ကန့်ကွက်သူရဲ့ ဖခင်ဟာ ဦးကျော်မြင့် ထက် စောစွာကွယ်လွန်ခဲ့ရင်တော့ ကန့်ကွက်သူအနေနဲ့ အမွေဆက်ခံခွင့် မရှိပါဘူး”

“ဟုတ်ကဲ့ပါ ဆရာ။ ကျွန်တော် နားလည်သွားပါပြီ”

“တစ်ခုတော့ရှိတယ်။ အခု ရောင်းမယ်ဆိုတဲ့ တူ၊ တူမတွေဟာ ဦးကျော်မြင့်ရဲ့ တိုက်ရိုက်အဆက်အ နွယ်သားသမီးမဟုတ်တဲ့အတွက် အမွေထိန်းစာလျှောက်ထားပြီးမှ အ ရောင်းအဝယ်မှတ်ပုံတင်စာချုပ်ပြုလုပ် ချုပ်ဆိုနိုင်မှာဖြစ်တယ်”

“ဦးကျော်မြင့်ရဲ့ မိန်းမဘက်က ကန့်ကွက်နိုင်ပါသေးသလား”

“ဦးကျော်မြင့်က မုဆိုးဖိုဆိုတော့ မိန်းမက ဦးစွာသေဆုံးသွားတဲ့အ တွက် လင်မယားနှစ်ဦးပိုင်ပစ္စည်းဟာ ဦးကျော်မြင့်တစ်ဦးတည်းပိုင်ဖြစ်သွား တာမို့ ဥပဒေအရ ဦးကျော်မြင့်ရဲ့ ဇနီး ဘက်က ဆွေမျိုးများနဲ့ မသက်ဆိုင် တော့ပါဘူး”

“အမွေထိန်းစာကို တရားရုံးမှာ လျှောက်ထားရမှာဆိုတော့ ကန့်ကွက် သူရှိလာရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ”

“ကန့်ကွက်သူရှိလာရင်တော့ ရုံး တော်ကနှစ်ဖက်လုံးက တင်ပြတဲ့ စာ ရွက်စာတမ်း၊ သက်သေအထောက်အ ထားတွေကို စုံစမ်းစစ်ဆေးပြီး ဥပဒေ နဲ့အညီ ရသင့်သူကို ကွယ်လွန်သူရဲ့ ပစ္စည်းအပေါ် အမွေထိန်းစာထုတ် ပေးမှာဖြစ်တယ်”

“အမှုအခင်းဖြစ်နိုင်တယ်ဆို ရင်တော့ စဉ်းစားရမှာပေါ့နော်”

“မှန်ပါတယ်။ အချိန်အနည်း ငယ်ကြာစောင့်ရမှာမို့ စဉ်းစားဆောင် ရွက်ပါလို့ပဲ” အကြံပေးလိုက်ပါ သည်။

Credit to: ‌ဈေးကွက်ဂျာနယ်