အမွေရှင်မကွယ်လွန်မီ မိသားစုစီမံပြုလုပ်ထားသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“မိသားစုစီမံမှုအဖြစ် ခွဲဝေထားတဲ့ မြေနဲ့အိမ်ကိုဝယ်ရင် တရားဝင် ပါသလားဆရာ”ဟု မိတ်ဆွေတစ်ဦး ၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးပါသည်။

“တရားဝင် ခွဲစိတ်ရယူထားပြီး ပြီဆိုရင်တော့ ကန့်ကွက်သူမရှိနိုင်တဲ့အတွက် စိတ်ချပြီး ဝယ်ယူနိုင်ပါ တယ်”

“တရားဝင်ခွဲစိတ်ထားတယ်ဆိုတော့ မိသားစုစီမံမှုစာချုပ်က တရားမဝင်လို့လား ဆရာ”

“မိသားစု စီမံမှုစာချုပ်ဆိုတာ ကတိစာချုပ်သက်သက်သာဖြစ်တယ်။ မိသားစုဝင်အားလုံး အမွေပစ္စည်းအပေါ် မည်သို့မည်ပုံရယူကြမယ်။ ခွဲဝေခံစားကြမယ်လို့ သဘောတူညီထားတဲ့ ကတိစာချုပ်တစ်ခုဖြစ်တယ်”

“မိသားစုစီမံမှု ကတိစာချုပ်ပါ အတိုင်း အမွေခွဲဝေထားဖို့ လိုတာပေါ့”

“မှန်ပါတယ်။ မြေကွက်ဆိုရင်လည်း မိမိအမည်ပေါက်အထိ ပြောင်းထားတာမျိုးကို ဆိုလိုတာဖြစ် တယ်။ မောင်ရင်ဝယ်မယ့် ပစ္စည်းက ဘယ်လိုဖြစ်နေလို့လဲ”

“မြေကွက်က ဂရန်မြေ ဆရာ။ အမည်ပေါက်ကတော့ အခုရောင်းမယ်ဆိုတဲ့ မောင်နှမနှစ်ယောက်ရဲဲ့ မိဘများအမည်ပေါက်ဖြစ်နေတယ်”

“အဆောက်အအုံရှိသလား”

“နှစ်ထပ်တိုက်ဆောက်ထားပါတယ်”

“ရောင်းမယ့်သူက မောင်နှမနှစ်ယောက်လို့ ပြောလိုက်သလား”

“ဟုတ်ပါတယ် ဆရာ၊ မိသားစု စီမံမှုအရမောင်နှမနှစ်ယောက်ကို ပေးထားတယ်ပြောပါတယ်”

“မောင်နှမက ဘယ်နှယောက်ရှိလို့လဲ၊ မိဘတွေက ကွယ်လွန်သွားကြပြီပေါ့”

“မောင်နှမကလည်း ဒီနှစ်ယောက်ပဲရှိတာ ဆရာ၊ မိခင်ကကွယ်လွန်သွားတာ တစ်နှစ်လောက် ရှိပြီပြောတယ်”

“ဒါဆိုရင် ဖခင်က သက်ရှိထင် ရှားရှိနေတယ်ပေါ့”

“ဟုတ်ပါတယ်။ ဒါပေမယ့် နောက်အိမ်ထောင်ပြုထားပါတယ်”

“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရ မိဘနှစ်ဦးအနက် တစ်ဦးကွယ်လွန်သွားပြီး ကျန်တစ်ဦးက နောက် အိမ်ထောင်ပြုခဲ့ရင် သားသမီးများအနေနဲ့ အမွေတောင်းပိုင်ခွင့်ရှိလာမှာဖြစ်တယ်”

“ဒါကြောင့် ဖခင်ဖြစ်သူက မိသားစုစီမံမှုဆိုပြီး သားသမီးနှစ်ဦးကို ပေးခဲ့တာဖြစ်မယ်ဆရာ”

“ဖခင်က နောက်အိမ်ထောင်ပြုတယ်ဆိုတော့ သားသမီးတွေနဲ့အတူနေတာတွေ့ခဲ့လား”

“အတူမနေဘူး ဆရာ၊ အိမ်ခွဲနေတယ်”

“ဒါဆိုရင် မိသားစု စီမံမှုကတိစာချုပ်မှာ ဖခင်ကဝေစုဘယ်လောက်၊ သားသမီးကတော့ လက်ရှိအိမ်နဲ့ မြေလို့ခွဲဝေဖော်ပြထားသလား။ အဲဒီ မိသားစုစီမံမှုကတိစာချုပ်ကို ဖတ်ကြည့်ဖြစ်သလား”

“ကျွန်တော်ဖတ်ကြည့်ပြီးမှတ်မိတာကတော့ ဖခင်ဖြစ်သူက ဒီမြေနဲ့အိမ်ကို မေတ္တာနဲ့လွှဲပြောင်းပေး တယ်လို့ ဖော်ပြထားပါတယ်”

“ဖခင်ကြီး နောက်အိမ်ထောင်နဲ့ သွားနေတဲ့ အိမ်က ဘယ်သူပိုင်ဆိုင်တယ်။ ဘယ်လိုခွဲဝေရရှိတယ်လို့ မိသားစုစီမံမှု ကတိစာချုပ်မှာ မပါဘူးလား”

“အဲဒီလိုတော့ မပါဘူးဆရာ၊ ပေးကမ်းလွှဲအပ်တယ်လို့ပဲ ဖော်ပြထားတာကို သတိထားဖတ်မိလိုက်ပါ တယ်”

“ဒီလိုဆိုရင်တော့ မိသားစုစီမံမှု ကတိစာချုပ်မဟုတ်ဘဲ မိမိပိုင်ပစ္စည်းကို သားသမီးထံ မေတ္တာနဲ့ ပေးကမ်းကြောင်း ချုပ်ဆိုတဲ့စာချုပ်ဖြစ်နေတယ်”

“ဒါဆိုရင် အရောင်းအဝယ်ပြု လုပ်ခွင့်မရှိဘူးလားဆရာ”

“တချို့ကလည်း အပေးစာချုပ်ဆိုရင် သက်ဆိုင်ရာ မှတ်ပုံတင်စာ ချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ချုပ်ဆို ရမှာဖြစ်တယ်။ ကျသင့်တဲ့ အခွန်တံဆိပ်ခေါင်းကပ်ရမှာဖြစ်လို့ မိသားစုစီမံမှုဆိုပြီး အပေးစာချုပ်သဘောမျိုး ချုပ်ဆိုတာလည်းရှိတယ်”

“မိသားစု စီမံမှုကတိစာချုပ်က စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် ချုပ်ဆိုဖို့ မလိုအပ်ဘူးပေါ့”

“မှန်ပါတယ်။ မိသားစုစီမံမှု ကတိစာချုပ်က ကျန်ရစ်တဲ့အမွေကို ဘယ်သို့ခွဲဝေယူကြမယ်ဆိုပြီး ချုပ်ဆို တဲ့ ကတိစာချုပ်ဖြစ်တယ်။ အမွေခွဲဝေယူကြခြင်းက အမွေရှင်ကွယ်လွန်မှသာ အကျိုးသက်ရောက်ခွဲဝေရယူ ခွင့်ရှိကြမှာ ဖြစ်ပါတယ်”

“တကယ်လို့ အမွေရှင်က မိဘများဖြစ်မယ်ဆိုရင် မိဘများကွယ်လွန်မှ ကျန်ရစ်တဲ့ သားသမီးတွေက မိသားစုစီမံမှုပါ ကတိအတိုင်း ခွဲဝေယူကြရမှာပေါ့နော်”

“ဟုတ်ပါတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မောင်ခွေးသိုး(ဒေါ်တင်ကြီး၏ တရားဝင်ကိုယ်စား လှယ်)နှင့် ဒေါ်မှတ်ကြီး၊ ၁၉၈ဝ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ -၉၂ အမှုမှာ မိသားစု စီမံမှုကတိစာချုပ်ကို စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေနှင့်အညီ မှတ်ပုံတင် ပြုလုပ်ရန်မလိုပေ။ သို့သော် မိဘကွယ်လွန်မှသာ ပိုင်ဆိုင်ခွင့်ရမည့် စာချုပ်များဖြစ်သည်လို့ ဆုံးဖြတ်ထားပါတယ်”

“အခု ကျွန်တော်ဝယ်မယ့်အိမ်နဲ့မြေက သားသမီးနှစ်ဦးကို လွှဲပြောင်းပေးတယ်ဆိုတော့ တရားဝင်စာချုပ် ချုပ်ဆိုရပြီပေါ့နော်”

“အရောင်းအဝယ် ကတိစာချုပ်တော့ ချုပ်ဆိုလို့ရပါတယ်။ ဒါပေမယ့် ဥပဒေနဲ့အညီချုပ်ဆိုတဲ့ အရောင်း အဝယ် စာချုပ်တော့မဟုတ်ဘူး”

“အချို့ကိစ္စရပ်တွေမှာ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန် မလိုဘူးလို့ ပြောတယ်ဆရာ ဟုတ်ပါသလား”

“ပါမစ်မြေဆိုရင်တော့ အရောင်း အဝယ်ကတိစာချုပ်နဲ့ပဲ ချုပ်ဆိုကြပါတယ်။ ပြီးမှ နောက်ဆုံးဝယ်ယူနေထိုင်တဲ့သူက သက်ဆိုင်ရာဌာနမှာ ဂရန်လျှောက်ထားရယူကြတာဖြစ်ပါတယ်”

“ဂရန်မြေဆိုရင်ဘယ်ဖြစ်လာနိုင်ပါသလဲ”

“ဂရန်မြေဆိုရင်တော့ မိသားစု စီမံမှုကတိစာချုပ်နဲ့ တိုက်ရိုက်မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုလို့ မရပါဘူး။ မောင်ရင်ဝယ်မယ်ဆိုတဲ့ မြေကွက်ကို သက်ရှိထင်ရှားရှိတဲ့ ဖခင်က မှတ်ပုံတင်အပေးစာချုပ် ပြုလုပ်ပြီး သားသမီးနှစ်ဦးကို ပေးကမ်းကြောင်း ဖော်ပြချုပ်ဆိုရမှာဖြစ် တယ်”

“အချို့ကပြောတော့ တရားရုံးမှာ မောင်နှမနှစ်ဦး ပိုင်ဆိုင်ကြောင်း တရားစွဲဆိုပြီးမှ အရောင်းအဝယ် စာချုပ်ပြုလုပ်နိုင်တယ်လို့ ပြောတယ်ဆရာ။ ဘယ်လိုကွာခြားနေလို့လဲ”

“မိဘများ ကွယ်လွန်ပြီးအမွေခွဲ ဝေရမယ့်ပစ္စည်းမှာ သုံးလေးမျိုးရှိမယ်။ သားသမီးကလည်း သုံးလေး ယောက်ရှိမယ်ဆိုရင် အမှတ်စဉ်(၁)ဖြစ်တဲ့ သမီးအကြီးဆုံးကို ဘယ်မြေကွက်၊ အမှတ်စဉ်(၂) သားကို ဘယ်ပစ္စည်းစသဖြင့် ခွဲဝေပေးထားမယ်။ အဲဒီလိုခွဲဝေထားတဲ့ ပစ္စည်းတွေထဲက အိမ်နဲ့မြေကို အမွေရသူက ပြန်ရောင်း ချင်တယ်ဆိုပါတော့။ အဲဒီလို အခြေအနေမျိုးမှာ မိမိရရှိတဲ့ အမွေပစ္စည်း အိမ်မြေကို တစ်ဦးတည်း ပိုင်ဆိုင်ကြောင်း ကြေညာပေးပါရန် တရားရုံးမှာ လျှောက်ထားရပါမယ်။ တရားရုံးက ခွင့်ပြု၊ အတည်ပြုခဲ့ရင်တော့ အဲဒီတရားရုံးရဲ့ အမိန့်ဒီဂရီအရ အဆိုပါမြေနဲ့ အိမ်ကို မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ပြုလုပ်ချုပ်ဆို ခွင့်ရှိမှာဖြစ်တယ်”

“ဟုတ်ကဲ့၊ ရှင်းသွားပါပြီ ဆရာ၊ အခုကိစ္စမှာ ဖခင်က သားသမီးနှစ်ဦးကို မေတ္တာနဲ့ ပေးကမ်းခြင်းမှတ်ပုံတင် စာချုပ်ဦးစွာလုပ်ပြီးမှ အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုပါမယ် ဆရာ”ဟု မှတ်သားပြောဆိုသွားပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်