လယ်ယာမြေကို လှူဒါန်းမည်ဆိုလျှင်

“ကိုဆက်နိုင်ရောက်နေတာပဲ” စာရေးသူက မိမိ၏ရုံးခန်းရှေ့တွင် ထိုင်စောင့်နေသော မိတ်ဆွေ၏ သားဖြစ်သူကို နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။

“ဆရာ့ဆီ မရောက်တာလည်းကြာပြီ။ ပြီးတော့ အဖေက ဆရာ့ကို မေးဖို့ပြောလိုက်တာလည်းပါတယ် ဆရာ”

“အသက်ရလာကြပြီဆိုတော့ နေထိုင်ကောင်းကြရင်ပြီးတာပဲ။ ဒီအချိန်က ကျန်းမာရေးဂရုစိုက်ဖို့လို တယ်”

“ဟုတ်ကဲ့ပါ ဆရာ”

“ဒါနဲ့ ဆွေးနွေးစရာအကြောင်းလေး ပြောပါဦး”

“ဒီလိုပါ ဆရာ။ ကျွန်တော့်ရဲ့ ကြီးကြီးခေါ်မှာပေါ့။ အဖေရဲ့ အစ်မ ဆိုတော့ကြီးဒေါ်ပေါ့နော်။ သူက ရွာ မှာ လယ်ယာမြေတွေရှိတယ်။ ဒါကို ဘုန်းကြီးကို လှူလို့ရမလားလို့ပြောပါတယ်”

“လယ်ယာမြေဆိုတော့ လက်ရှိ အဲဒီမြေမှာ ထွန်ယက်စိုက်ပျိုးနေဆဲလား”

“ငါးဧကလောက်ရှိမယ်ပြောတယ်။ နှစ်ဧကခန့်ကတော့ အမျိုးထဲက တစ်ယောက်က စိုက်ပျိုးနေဆဲလို့ သိရတယ်။ ဘာသီးနှံစိုက်ပျိုးတယ်ဆိုတာတော့ မသိဘူး”

“မြေအမည်ပေါက်က ဘယ်သူလဲသိလား”

“ကြီးကြီးအမည်ပေါက်လို့ ပြောပါတယ်။ ယခုတိုင် ကြီးကြီး အမည် နဲ့ အခွန်ဆောင်နေတယ်လို့ သိရ တယ်”

“ဥပဒေအရဆိုရင်တော့ လယ်ယာမြေလုပ်ပိုင်ခွင့်ရထားသူလို့ဆိုရမှာပေါ့”

“လယ်မြေ ငါးဧကလုံးကို လှူမှာလား ဘယ်လိုဆောင်ရွက်ချင်တာလဲ”

“အခု စိုက်ပျိုးရေးလုပ်နေတဲ့သူကိုတော့ သူလုပ်တဲ့ လယ်ဧကကို ပေးမယ်၊ ကျန်ဧကကို လှူမယ့်သဘော ပြောပါတယ်”

“တစ်ခုတော့ရှိတယ်။ လယ်ယာမြေအဖြစ် စိုက်ပျိုးနေတဲ့ ပတ်ဝန်းကျင်မှာ သာသနာရေးဆိုင်ရာ အ ဆောက်အအုံဆောက်ဖို့ဆိုတာကတော့ ခက်ခဲမယ်ထင်တယ်”

“သူမကွယ်လွန်မီမှာ လှူဒါန်းသွားချင်တယ်။ အဲဒါဘယ်လိုဆောင် ရွက်ရမလဲဆိုတာ သိချင်တာဆရာ”

“မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့ အိမ်မြေတို့ကို အပြီးအပိုင် ပေးကမ်းမယ်။ လှူဒါန်းမယ်ဆိုရင် တော့ စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေနှင့်အညီ မှတ်ပုံတင်ပြုလုပ်ချုပ်ဆို ဆောင်ရွက်ပေးရမှာဖြစ်တယ်”

“အခု ပြဋ္ဌာန်းထားတဲ့ လယ်ယာမြေဥပဒေအရ၊ မိမိပိုင် လယ်ယာမြေကို ရောင်းချလွှဲပြောင်းခွင့်ရှိတယ်လို့ သိထားတယ်ဆရာ။ ဒါကြောင့် လွှဲပြောင်းလှူဒါန်းလို့ရပါသလား”

“လယ်ယာမြေဥပဒေအရ လယ်ယာမြေဆိုသည်မှာ ဥယျာဉ်မြေ ဟင်းသီးဟင်းရွက်စိုက်ပျိုးတဲ့ ခြံမြေလည်း ပါဝင်တဲ့အတွက်ကြောင့် အခုကိစ္စမှာ ဟင်းသီးဟင်းရွက်စိုက်ပျိုးနေတဲ့ မြေ အနေအထားဆိုရင် ခြံမြေအမျိုးအစားထဲမှာ ပါဝင်သွားမှာဖြစ်တယ်။ ဒီနေရာမှာ လယ်ယာမြေကို အသုံးပြု ခွင့်ရရှိထားသူနဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်ရှိသူနဲ့ မတူသေးဘူး”

“အခု မြေခွန်ဆောင်ထားသူက မြေလုပ်ပိုင်ခွင့်ရသူမဟုတ်ဘူးလား”

“ဥပဒေအရဆိုရင် မြေလုပ်ပိုင်ခွင့် လက်မှတ်ရသူကသာရရှိထားတဲ့ လယ်ယာမြေကို လွှဲပြောင်းရောင်းချ ခွင့်ရှိမှာဖြစ်တယ်”

“ဒါဆိုရင် ပထမဆုံး လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ကို ရရှိထားဖို့ လိုတာပေါ့နော်”

“ဟုတ်ပါတယ်။ အခုလက်ရှိရ ယူထားတဲ့ လက်မှတ်က ပုံစံ(၇) လို့ ခေါ်တဲ့ လယ်ယာလုပ်ပိုင်ခွင့်လက် မှတ်ဖြစ်မယ်။ အဲဒါဟုတ်မဟုတ် စိစစ်ဖို့လိုပါတယ်”

“တကယ်လို့ အခုလက်ရှိပြေစာပေါ့ ဆရာ။ ပုံစံ(၇) မဟုတ်ရင် ဘယ်လိုဆောင်ရွက်ရမလဲ”

“လယ်ယာမြေဥပဒေပုဒ်မ-၆ အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့က သက်ဆိုင်ရာ ခရိုင်လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ မြို့နယ်ဦးစီးဌာနရုံးမှာ သတ်မှတ်ထားတဲ့ မှတ်ပုံတင်ကြေးပေးဆောင်ကာ မှတ်ပုံတင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ကို ထုတ်ပေးမှာဖြစ်တယ်”

“ဒါဆိုရင် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်မရှိသေးရင်တော့၊ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ကို ပထမဦးဆုံးရယူဖို့ လိုတာပေါ့”

“မှန်ပါတယ်။ အဲဒီအဆင့်ပြီးမှ လွှဲပြောင်းရောင်းချခွင့်ရမှာ ဖြစ်ပါတယ်”

“ဆရာပြောသလို လယ်ယာမြေကို ပေးကမ်းလှူဒါန်းလိုရင် မှတ်ပုံ တင်စာချုပ်ပြုလုပ်ရတယ်ဆိုတာက ဘယ်လိုပါလဲ”

“လယ်ယာမြေ ဥပဒေပုဒ်မ ၁၂ (ဂ) မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း ပေးကမ်းခြင်းပြုလျှင် သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနက သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန် နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့့ကို ပေးဆောင်ပြီး သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးမှာ မှတ်ပုံတင်ပြုလုပ်ချုပ် ဆိုရမှာဖြစ်ပါတယ်”

“ဟုတ်ကဲ့ ဆရာ။ အဲဒီပေးကမ်း လှူဒါန်းထားတဲ့ မြေပေါ်မှာ အဆောက်အအုံဆောက်လုပ်မယ်ဆိုရင် ဘယ်လိုဆောင်ရွက်ရပါလဲ”

“သာသနာရေးဆိုင်ရာမြေ အဆောက်အအုံတို့အဖြစ် သတ်မှတ် ပေးဖို့ကတော့ သက်ဆိုင်ရာသာသနာ ရေး ဦးစီးဌာနအဆင့်ဆင့်ကို တင်ပြခွင့်ပြုချက်ရယူပြီး ဆောင်ရွက်သွားရ မှာဖြစ်တယ်”

“သာသနာရေးဆိုင်ရာ မြေအဖြစ်အသိအမှတ်ပြုပြီးမှ အဆောက် အအုံဆောက်ခွင့်ရမှာပေါ့နော်”

“ရှင်းအောင်ပြောရရင်တော့ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ပုံစံ(၇) ရရုံနဲ့ အဲဒီမြေပေါ်မှာ အ ဆောက်အအုံဆောက်လုပ်လို့ မရသေးဘူး။ အဆိုပါ မြေကွက်ပေါ်မှာ သီးနှံစိုက်ပျိုးလုပ်ကိုင်ခွင့်ပေးရုံသာဖြစ်တယ်”

“တချို့နေရာတွေမှာ အိမ်ရာဆောက်လုပ်ပြီး ရပ်ကွက်သဘောဖြစ် နေတဲ့ နေရာတွေလည်း ရှိနေတယ် ဆရာ”

“တရားဝင်ဆောင်ရွက်မယ်ဆိုရင်တော့ သီးနှံစိုက်ပျိုးနေတယ်ဆိုတဲ့ ခြံမြေကို လူနေထိုင်ခွင့်ရဖို့ လယ်ယာ မြေဥပဒေပုဒ်မ ၃(ခ)အရ သက်ဆိုင်ရာ ပြည်နယ်တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ရဲ့ ထောက်ခံတင်ပြချက်ပေါ်မူတည်ပြီး သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ခွင့်ပြုမိန့်ထုတ်ပေး နိုင်ခွင့်ရှိတာ ဖြစ်ပါတယ်”
“အဲဒီလို လူနေထိုင်ခွင့် အမိန့် ကို ပုံစံဘယ်လောက်လို့ ခေါ်တာများ ရှိပါသေးသလဲ”

“ပုံစံ – ၁၅ (ခ) လို့ လွယ်လွယ် ခေါ်ကြတယ်”

“ဒါဆိုရင် ပထမအချက်အနေနဲ့ ကြီးကြီးအမည်နဲ့ လယ်မြေလုပ်ပိုင်ခွင့် ပုံစံ (၇) လက်မှတ်ရှိမရှိ။ သက်ဆိုင် ရာဦးစီးဌာနမှာ မှတ်ပုံတင်စာချုပ်နဲ့ လွှဲပြောင်းလှူဒါန်းစာချုပ်ပြုလုပ်ရ မယ်။ တတိယအချက်က အ ဆောက်အအုံဆောက်လုပ်ခွင့်အတွက် သက်ဆိုင်ရာပြည်နယ်တိုင်းအစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်ရယူရမယ်။ ဟုတ် တယ် မဟုတ်လား ဆရာ”

“လှူဒါန်းမယ်ဆိုရင်တော့ သက်ဆိုင်ရာ သာသနာရေးဦးစီးဌာနရဲ့ အသိအမှတ်ပြုမှုရရှိဖို့လိုတယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်