ဇနီးကကန့်ကွက်ထားသည့် ခင်ပွန်းသည်အရွယ်မရောက်မီက ဝယ်ထားသော အိမ် မြေ တိုက်ခန်းကို ဝယ်မည်ဆိုလျှင်
အမျိုးသားတစ်ဦးက စာရေးသူထံ ဖုန်းဖြင့်ဆက်သွယ်လာပါသည်။ စာဖတ်ပရိသတ်တစ်ဦးဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသော ကိစ္စတစ်ခုရှိပါသဖြင့် တွေ့ဆုံ နိုင်မည့်အချိန်ကို မေးပါသည်။ စာရေးသူက တွေ့ဆုံနိုင်မည့် အချိန်ကို ပြောပြ၍ စာရေးသူ၏ ရုံးခန်း၌ပင် နှစ်ဦးတွေ့ဆုံခဲ့ပါသည်။ ထိုသူနှင့် ဆွေးနွေးချက်များကို ဗဟုသုတအဖြစ် ရေးသားလိုက်ပါသည်။
“တိုက်ခန်းတစ်ခန်းဝယ်ဖို့ သွားကြည့်ခဲ့ပါတယ်။ တိုက်ခန်းပိုင်ရှင်နဲ့တွေ့ခဲ့ပြီး ရောင်းစျေးလည်း အဆင်ပြေသွားပါတယ်”
“မြေပိုင်ရှင်နဲ့ အဆင်မပြေတာ များရှိလို့လား”
“မြေပိုင်ရှင်ကတော့ အဲဒီတိုက်မှာ မနေဘူး။ ဒါပေမယ့် အမည်ပြောင်းခကိစ္စလည်း အဆင်ပြေတယ်လို့ တိုက် ခန်းရောင်းသူက ပြောပါတယ်”
“မြေပိုင်ရှင်နဲ့တော့ မတွေရသေးဘူးပေါ့”
“ဟုတ်ပါတယ်။ ဒါပေမယ့် မြေ ရှင်နဲ့ တွေ့ပေးမယ်ပြောပါတယ်”
“ဒါနဲ့ပဲ စရန်ငွေချခဲ့တယ်ဆိုပါတော့”
“ဟုတ်ကဲ့၊ စရန်ငွေချပြီး သတင်း စာထဲကို ထည့်ကြော်ငြာလိုက်တယ်”
“ဘာကိုကြော်ငြာတာလဲ၊ ကန့် ကွက်ရန်ရှိ မရှိ ကြော်ငြာတာလား”
“ဟုတ်ပါတယ်။ မထင်မှတ်ဘဲ ကန့်ကွက်သူပေါ်လာတယ် ဆရာ”
“ဒါဆိုရင် အမွေဆိုင်တိုက်ခန်း ဖြစ်နေလို့လား”
“တိုက်ခန်းရောင်းသူရဲ့ ဇနီးဖြစ်ပါ တယ်ဆိုပြီး ကန့်ကွက်လာတာပါ ဆရာ”
“ဇနီးဖြစ်သူနဲ့က ကွဲကွာနေလို့ လား၊ ဘယ်လိုအခြေအနေကြောင့်လဲ”
“တိုက်ခန်းရောင်းသူကိုယ်တိုင် ဝယ်ထားတဲ့ စာချုပ်ကိုလည်းပြတယ်။ မြေရှင်ထံပေးရတဲ့ အိမ်လခပြေစာ လည်းပြတယ်။ ဒီတော့ ဘာပြဿနာမှ မရှိဘူးပေါ့ဆရာ။ ပြီးတော့ ရောင်းမယ့် သူရဲ့ အစ်မတော်စပ်သူတစ်ဦးကို တွေ့ခဲ့တယ်။ မိခင်ဖခင်တွေလည်း သက်ရှိထင်ရှားရှိတယ်ပြောတယ်။ အတူတော့မနေကြဘူး။ ဇနီးရှိတယ် ဆိုတာတော့ မပြောလို့ မသိခဲ့ရဘူး”
“ကန့်ကွက်လာတော့မှ သိရတယ်ဆိုပါတော့။ ဒီတော့ တိုက်ခန်း ရောင်းတဲ့သူနဲ့ တွေ့ဆုံမမေးဘူးလား”
“မေးပါတယ် ဆရာ၊ သူပြောတာတော့ သူ့ဇနီးနဲ့ ကွဲကွာနေတာ လေးနှစ်ခန့်ရှိပြီပြောပါတယ်။ အဆက်အသွယ်လည်း မရှိဘူးလို့ ရှင်းပြတယ်”
“တရားဝင် ကွာရှင်းထားတာတော့မရှိဘူး ထင်တယ်”
“ကွာရှင်းစာချုပ်တော့ မရှိဘူး။ သူနဲ့ အိမ်ထောင်ကျပြီး အခုတိုက်ခန်းမှာနေတယ်။ သမီးလေးမွေးလို့ ခြောက်လလောက်မှာပဲ ဇနီးသည်ရဲ့ မိဘတွေလာနေလို့ အဆင်မပြေဖြစ်ပြီး အိမ်ကဆင်းသွားတယ် ပြောပါတယ်”
“မိဘအိမ်ပြန်လိုက်သွားတဲ့ သဘောပေါ့”
“ဟုတ်ပါတယ်။ ကလေးကိုသွားတွေ့တော့လည်း အတွေ့မခံဘူးပြောတယ်။ ကလေးစရိတ်လည်း ထောက်ပံ့တာ မယူဘူးပြောပါတယ်။ ဒါနဲ့ပဲ အဆက်အသွယ်မရှိနေလာခဲ့ကြတာ အခုမှ ကန့်ကွက်ချက်ဖြစ်လာတယ်လို့ ပြောပါတယ်”
“အိမ်ထောင်ရေးကိစ္စဆိုတာ ထင်မြင်ပေးဖို့ခက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တရားဝင်ကွာရှင်းခြင်း မပြု ရသေးတဲ့အတွက် အခွင့်အရေးရယူ တာလည်း ဖြစ်နိုင်တယ်”
“ဒါဆိုရင် အရောင်းအဝယ်ပျက် သွားသလားဆရာ”
“အရောင်းအဝယ်တော့ ပျက်တဲ့အထိ မဖြစ်ပါဘူး။ အဓိကအချက်ကတော့ ရောင်းတဲ့ပစ္စည်းဟာ နှစ်ဦးပိုင် ပစ္စည်းဟုတ် မဟုတ် စဉ်းစားရမှာဖြစ်တယ်”
“ရောင်းသူရဲ့ ပြောစကားအရတော့ သူအရွယ်မရောက်မီကတည်းက သူ့အမည်နဲ့ ဝယ်ပေးထားတဲ့ တိုက်ခန်းလို့ ပြောတယ်”
“အရွယ်မရောက်သေးတဲ့ အချိန်ကဆိုတော့ အသက်ဘယ်လောက်ရှိစဉ်မှာ ဒီတိုက်ခန်းကို ဝယ်ခဲ့တယ်ဆိုတာ မေးခဲ့သေးလား”
“အသက် ၁၅ နှစ်၊ ၁၆ နှစ်ခန့်က ဖြစ်မယ်လို့ပြောတယ်။ တိုက်ခန်းဝယ်တဲ့နှစ်နဲ့ဆိုရင်တော့ ၁၆ နှစ်အရွယ်လို့ ပြောပါတယ်”
“တိုက်ခန်းအရောင်းအဝယ် စာချုပ်မှာ ဝယ်သူအနေနဲ့ သူ့အမည် တိုက်ရိုက်ချုပ်ဆိုထားတာတွေခဲ့လား၊ အုပ်ထိန်းသူ အမည်နဲ့ ချုပ်ခဲ့သလားဆိုတာ သတိထားပြီး ဖတ်လိုက်မိသလား”
“ဟုတ်ကဲ့ ဖတ်ဖြစ်ပါတယ်။ သူကိုယ်တိုင်ကလည်း ပြောပါတယ်။ မိဘတွေက တရုတ်လူမျိုး၊ ဗုဒ္ဓဘာသာဝင်၊ စီးပွားရေးသမားတွေဆိုတော့ တိုက်ခန်းတွေ၊ အိမ်၊ မြေ ဝယ်ထား တာတွေများနေတော့ သားသမီး အမည်ထားပြီး ဝယ်တာတွေရှိတယ်လို့ ပြောပါတယ်။ ဒါကြောင့် အသက်မပြည့်တာကို သတိမထားမိဘဲ သူ့အမည်နဲ့ တိုက်ရိုက်စာချုပ် ချုပ်ခဲ့တယ်လို့ ပြောတယ်”
“ဥပဒေအရ ပြောရရင်တော့ အသက် ၁၈ နှစ်ပြည့်ပြီးမှ အရွယ်ရောက်သူလို့ သတ်မှတ်ပါတယ်။ အရွယ်မရောက်သေးသူက အရောင်းအဝယ်စာချုပ်စာတမ်းချုပ်ဆိုခွင့် မရှိပါဘူး။ တကယ်လို့ ချုပ်ဆိုထားရင်လည်း ဥပဒေအရ ပျက်ပြယ်တဲ့ စာချုပ်ပဲ ဖြစ်လာမှာဖြစ်တယ်”
“ဒါဆိုရင် မူလကတည်းက သူ့ မှာ ပိုင်ဆိုင်ခွင့်မရှိဘူးပေါ့”
“ဥပဒေအရပြောရရင်တော့ မိဘတွေက ငွေစိုက်ထုတ်ပြီး အရွယ် မရောက်သေးတဲ့ သားအမည်နဲ့ ဝယ်ထားသည့် သဘောမို့ မိဘတွေ ဝယ်တယ်လို့ပဲ သတ်မှတ်ရမှာဖြစ်တယ်”
“ဒါဆိုရင် ဇနီးသည်အနေနဲ့ ပိုင်ဆိုင်ခွင့်မရနိုင်ဘူးပေါ့နော်”
“မိတ်ဆွေပြောစကားအရဆိုရင်တော့ လက်ထက်ပွားပစ္စည်းမဟုတ်လို့ လင်မယားနှစ်ဦးပိုင် ပစ္စည်းမဟုတ်တာတော့ သေချာတယ်”
“အမွေရပစ္စည်းလို့ပြောရင် ဖြစ် နိုင်သလား”
“မိတ်ဆွေပြောစကားအရဆိုရင် ရောင်းမယ်ဆိုတဲ့ သူရဲ့မိဘတွေ သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတော့ အမွေရပစ္စည်းအဖြစ်လည်း သတ်မှတ်လို့မရဘူး။ မောင်နှမ ညီအစ်ကိုတွေရှိသေးလား”
“မောင်နှမ လေးယောက်ရှိတယ် ပြောပါတယ်”
“ဒါဆိုရင်တော့ ရှင်းပါတယ်”
“ဘယ်လိုရှင်းတာလဲ ဆရာ၊ ပြောပြပါဦး”
“မိတ်ဆွေနားလည်အောင်ရှင်း ပြရရင် မိဘများက သားသမီးများအတွက် ရည်စူးပြီး အဆောက်အအုံ၊ မြေ၊ အိမ်တို့ကို ဝယ်သည့် အလေ့အထသည် မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာနဲ့ မကိုက်ညီဘူးလို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အမှုတွေရှိတယ်။ အခုကိစ္စနဲ့သက်ဆိုင်တဲ့ အမှုတစ်ခုရှိတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတာဖြစ်တယ်။ ဒေါ်မင်းမင်းဦးနှင့် ဦးဝင်းမြင့်ပါ ငါးဦး ၂ဝဝ၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက် နှာ – ၉၉ မှာ အရွယ်မရောက်သေးသူ ဦးဝင်းမြင့်အမည်ဖြင့် အချင်းဖြစ် ပစ္စည်းကိုဝယ်ရာတွင် ဖခင်ဦးခင် မောင်က ငွေချေပြီး အမည်ငှားဖြင့် သာ ဝယ်ခြင်းဖြစ်၍ အမွေဆိုင်အိမ် ဖြစ်သည်လို့ ဆုံးဖြတ်ထားပါတယ်”
“ဒါဆိုရင် အခုကျွန်တော်ဝယ်မယ့် အိမ်ကလည်း အမွေဆိုင်အိမ် ဖြစ်တာပေါ့”
“မိဘတွေ ကွယ်လွန်သွားရင်တော့ အမွေဆိုင်အိမ်ဖြစ်မှာပေါ့။ ယခုကိစ္စမှာ မိဘများရှိနေသေးတယ်ဆို တော့ ပိုင်ရှင်အစစ်အမှန်မှာ မိဘတွေပဲ ဖြစ်တယ်”
“ပိုင်ရှင်အစစ်အမှန်ဖြစ်တဲ့ ရောင်းမယ့်သူရဲ့ မိဘအမည်နဲ့ စာ ချုပ် ချုပ်ဆိုရင်ဖြစ်ပါသလား”
“စာချုပ်မှာ အမည်ငှားအဖြစ် ဝယ်ကြောင်း ဥပဒေနှင့်အညီ ဖော်ပြ ချုပ်ဆိုဖို့တော့လိုမှာဖြစ်တယ်”
“ဘယ်လိုပဲဖြစ်ဖြစ် ဇနီးသည်ကတော့ တားပိုင်ခွင့်၊ ရပိုင်ခွင့်မရှိဘူးပေါ့ နော်”
“အမွေသဘောတောင်းရင်တော့ လင်မယားကွာရှင်းခြင်းမရှိ သေးတဲ့အတွက် တောင်းပိုင်ခွင့်မရှိပါဘူး။ ယောက္ခမတွေကလည်း သက်ရှိထင်ရှားရှိနေတဲ့အတွက် ဥပဒေအရ အခွင့်အရေးမရှိသေးတာကြောင့် မိတ် ဆွေအနေနဲ့ စဉ်းစားဆုံးဖြတ်ဝယ်ပါ” ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်