စွန့်လွှတ်ကြောင်း ကြေညာခံထားရသည့် ဇနီး၊ ခင်ပွန်းတို့နှင့် ဆက်စပ်နေသော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“သားသမီးအဖြစ်မှ အမွေပြတ် စွန့်လွှတ်ခြင်း၊ ဇနီးအဖြစ်မှ စွန့်လွှတ်ခြင်းစတဲ့ ကြေညာချက်တွေကို သတင်းစာထဲမှာ နေ့တိုင်းဖတ်ရှုနေရတယ်။ အဲဒီကြေညာချက်တွေက အမှန်တကယ် တရားဝင်ဖြစ်ပါ သလား”

ငယ်သူငယ်ချင်းတစ်ဦးနှင့် မတွေ့သည်မှာကြာပြီဖြစ်၍ စားသောက်ဆိုင်တစ်ဆိုင်တွင် တွေ့ဆုံ စားသောက်နေစဉ် သူငယ်ချင်းဖြစ်သူက စာရေးသူအား အဆိုပါမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။

“အမှန်တကယ်တရားဝင်သလားဆိုတာက ဥပဒေနဲ့ညီ၊ မညီကို ပြောချင်တာလား”

“သူငယ်ချင်းတို့ ဥပဒေသမားတွေပြောတဲ့ စကားမျိုးပြောရရင်တော့ ဒီလိုကြေညာလိုက်တာနဲ့ ဥပဒေအရ အတည်ဖြစ်သွားသလား”

“တစ်ဖက်သတ်ကြေညာရုံနဲ့တော့ ဥပဒေအရ အလိုအလျှောက် လင်မယားပြတ်စဲသွားခြင်း မရှိပါဘူး။ သားသမီးကိစ္စလည်းသည်လိုပဲ၊ တရားရုံးက အတည်ပြုဆုံးဖြတ်ဖို့တော့လိုတယ်”

“အချို့ကပြောတော့ လင်ယောကျ်ားက ဇနီးသည်ကို သုံးနှစ်တိတိမထောက်ပံ့ဘူး။ မဆက်သွယ် ဘူးဆိုရင် လင်မယားအဖြစ် အလိုအလျှောက်ပြတ်စဲတယ်။ ဇနီးဖြစ်သူက လင်ယောကျ်ားကို တစ်နှစ်တိတိ အဆက်အသွယ်မလုပ်စွန့်ပစ်ရင် လင်မယားအဖြစ် အလိုအလျှောက် ပြတ်စဲတယ်ဆိုပြီး သိရလို့ပါ”

“စွန့်ပစ်ရုံနဲ့ လင်မယားအလိုအလျှောက် ပြတ်စဲခြင်းမရှိပါဘူး။ စွန့်ပစ်ခဲ့တယ်ဆိုတဲ့ အထောက်အထား ပေါ်လွင်ရင် တရားရုံးမှာ လင်မယားကွာရှင်းမှု လျှောက်ထားတောင်းဆိုခွင့် ရှိမှာဖြစ်တယ်။ ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မခင်မြနှင့် ကုလား(ခ)မောင်လှရွှေ ၁၉၅၆ ခုနှစ် တရားစီရင်ထုံး စာမျက်နှာ ၂၆၄ အမှုမှာ စွန့်ပစ်ခြင်းအတွက် သတ်မှတ်သည့်ကာလကုန်လွန်သွား သော်လည်း ထိမ်းမြားမှုသည် အလိုအလျောက် ပျက်ပြယ်မသွားပေလို့ ဆုံးဖြတ်ထားပါတယ်။ ဒါနဲ့ သူငယ်ချင်း ပြောချင်တဲ့ကိစ္စက ဒီအမှုမျိုးနဲ့ ဘယ်လိုပတ်သက်နေသလဲ”

စကားပြောလျှင် သွယ်ဝိုက်ပြီး မေးမြန်းတတ်သည့် သူငယ်ချင်း၏ အကျင့်စရိုက်ကို သိရှိသဖြင့် စာရေး သူက မေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်။

“သားဖြစ်တဲ့သူက အိမ်ဝယ်ဖို့ သွားစုံစမ်းတယ်။ ရောင်းမယ့်သူက ဇနီးနဲ့ကွဲနေကြတယ်လို့ နောက်ပိုင်း မှာ သိရတယ်”

“အိမ်ဝယ်မယ်ဆိုတော့ မြေနဲ့အိမ်ကို ဝယ်မယ်လို့ဆိုလိုတာ မဟုတ်လား။ မြေကွက်ဆိုရင်တော့ အမည် ပေါက်က ရောင်းမယ့်သူ့ရဲ့ အမည် ပေါက်လား၊ အဆင့်ဆင့်ဝယ်ထားတာလား”

“ဂရန်အမည်ပေါက်ကတော့ လင်ယောကျ်ား အမည်ပေါက်ဖြစ်တယ်”

“လင်ယောကျ်ားဆိုတာက အခုရောင်းမယ့်သူပေါ့”

“ဟုတ်ပါတယ်။ အစကတော့ အိမ်ထောင်မရှိဘူးလို့ထင်တာ၊ နောက်မှ သားငယ်တစ်ဦးရှိတယ်ဆို တာ တွေ့ခဲ့တာနဲ့ စကားစပ်ပြီး ဇနီး သည်အကြောင်း မေးဖြစ်သွားတာ သူငယ်ချင်း”

“ဇနီးနဲ့ ကွဲကွာနေတယ်ဆိုတာ က တရားဝင်တရားရုံးမှာ ကွာရှင်းပြီးပြီလား”

“ဇနီးဖြစ်သူက ဒီမှာမရှိတော့ တရားရုံးမှာ ကွာရှင်းလို့ မရသေးဘူး ဖြစ်နေတယ်”

“ဒါဆို ဇနီးက ဘယ်ထွက်သွားလို့လဲ၊ မြန်မာပြည်မှာ မရှိဘူးလား”

“ဟုတ်တယ် ဆရာ၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတာလို့ ပြောတယ်”

“လင်ယောကျ်ားက ဘာအလုပ်လုပ်သလဲ”

“နိုင်ငံခြားသင်္ဘောသားလို့ ပြောတာပဲ၊ သေချာတော့ မသိဘူး”

“လင်မယားနှစ်ဦးလုံး နိုင်ငံခြား မှာ အလုပ်လုပ်ကြတာပေါ့”

“လင်ယောကျ်ားပြောစကား အရတော့ သူနိုင်ငံခြားသင်္ဘောပေါ် ရောက်နေစဉ်မှာ ဇနီးသည်နဲ့ ဖုန်း အဆက်အသွယ်ပြတ်သွားတယ်။ မြန်မာပြည်ပြန်ရောက်လာတော့မှ ဇနီးဖြစ်သူက နိုင်ငံခြားသွား အလုပ် လုပ်နေတယ်လို့ သိရကြောင်း ပြော ပါတယ်”

“အင်းပေါ့လေ၊ စီးပွားရေး လောဘကြောင့် ဒီလိုအခြေအနေမျိုးလည်း ရှိတတ်ပါတယ်။ အခုတော့ ဇနီးက မြန်မာပြည်ကို ပြန်ရောက်နေ ပြီပေါ့”

“မရောက်သေးဘူးဆရာ၊ အဆက်အသွယ်လည်းမရှိဘူးပြောတယ်”

“ဘယ်လောက်ကြာသွားပြီလဲ”

“နှစ်နှစ်နီးပါးရှိသွားပြီပြောတာပဲ။ ပြီးတော့ ဇနီးအဖြစ်မှ စွန့်လွှတ်ကြောင်းလည်း ကြေညာထားတယ် ပြောတယ်။ အခုထိ အဆက်အသွယ် မရှိတော့ နှောင့်ယှက်မှာမဟုတ်ဘူးလို့ ပြောတာပဲ”

“နှစ်ဦးသဘောတူကွာရှင်းဖို့က လည်း အဆင်မပြေသေးတော့ စဉ်းစားစရာပဲ”

“လင်ယောကျ်ားရဲ့ ပြောစကားအရတော့ မိန်းမဖြစ်သူက သားနဲ့ လင်ယောကျ်ားကို စွန့်ပစ်သွားတာမို့ တစ်နှစ်ကျော်ပြီလည်းဖြစ်တယ်။ အဆက်အသွယ်လည်း မရှိဘူးလို့ ပြော ပါတယ်”

“မြေနဲ့အိမ်က လင်ယောကျ်ား တစ်ဦးတည်းရဲ့ အမည်ဆိုတော့ လက်မထပ်မီက ဝယ်ထားတဲ့ အိမ် ဖြစ်မယ် ထင်တယ်”

“ဒီကိစ္စကိုလည်း ပြောပြတယ်”

“ကဲ-ရှင်းပါဦး သူငယ်ချင်း”

“သူလူပျိုဘဝကတည်းက တိုက်ခန်းတစ်ခန်းဝယ်ထားတယ်။ အဲဒီတိုက်ခန်းကို ရောင်းပြီး ဒီမြေနဲ့အိမ်ကို ဝယ်တာလို့ ပြောတယ်”

“ဒါဆိုရင်တော့ ဒီမြေနဲ့အိမ်က လက်ထပ်ပွားပစ္စည်းမဟုတ်ဘူးပေါ့ဗျာ။ လင်မယားအိမ်ထောင်ကျရင် နေဖို့ဝယ်ပြီး အတူနေကြတာဖြစ်မယ်။ ဒါကြောင့် ဇနီးအမည်မပါပဲ သူတစ် ဦးတည်းအမည်နဲ့ ဝယ်လိုက်တာဖြစ်မယ်”

“ဇနီးနဲ့ အိမ်ထောင်မကျမီက ဝယ်ထားတယ်ဆိုရင် ဒီမြေနဲ့အိမ်ကို ဇနီးသည်က သက်ဆိုင်ပါဦးမလား”

“ဥပဒေအရတော့ သက်ဆိုင်မှုရှိတယ်လို့ ပြောရမှာပဲ”

“ဒါဆိုရင် ဇနီးသည်က အမွေရပိုင်ခွင့်ရှိတယ်လို့ ဆိုလိုတာလား”

“အိမ်ထောင်မကျမီက ဝယ်ထားတယ်ဆိုပေမယ့် အိမ်ထောင်ပြုရင် အတူနေမယ်လို့ ဝယ်ထားတဲ့ အိမ်နဲ့ မြေဖြစ်တယ်။ ပြီးတော့ အတူလည်းနေခဲ့တယ်။ ဒါကြောင့် လင်ယောကျ်ားရဲ့ ပါရင်းပစ္စည်းလို့တော့ သတ်မှတ် နိုင်ပါတယ်”

“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ မှာ လင်မယားကွာရှင်းကြရင် လင်ယောကျ်ားရဲ့ ပါရင်းပစ္စည်းကို မယား ဖြစ်သူက သုံးပုံတစ်ပုံရခွင့်ရှိမှာဖြစ် တယ်”

“အခုကိစ္စမှာ သူငယ်ချင်းပြောသလို ဇနီးအဖြစ် စွန့်လွှတ်ကြောင်းကြေညာရုံနဲ့ တရားဝင်ကွာရှင်းခြင်း မဟုတ်ဘူးဆိုရင် ဇနီးဘက်က သုံးပုံတစ်ပုံတောင်းနိုင်တယ်လို့ ဆိုလိုတာလား”

“ဒါပေမယ့် စွန့်စားပြီးဝယ်ကြတဲ့ သူတွေလည်း ရှိပါတယ်”

“ရှင်းပြပါဦး သူငယ်ချင်း။ ပြီးတော့ လင်ယောကျ်ားပြောတာက နိုင်ငံခြားမှာ အိမ်ထောင်ကျနေပြီလို့ ကြားတဲ့အကြောင်း ပြောတယ်။ ဒါကြောင့် သူရပိုင်ခွင့်လုံးဝမရှိဘူးလို့လည်း ပြောပြန်တယ်။ အဲဒါက ဘာကိုဆိုလိုတာလဲ”

“ဇနီးဖြစ်သူက နိုင်ငံခြားမှာ နောက်အိမ်ထောင်ပြုတယ်ဆိုတာကတော့ အိမ်မြေအရောင်းအဝယ်ဖြစ် အောင် ဝယ်သူယုံကြည်အောင် ပြောတာလည်းဖြစ်နိုင်တယ်။ အမှန်တကယ် အိမ်ထောင်ကျနေကြောင်း အထောက်အထားခိုင်လုံရင်တော့ ဥပဒေအရ အမွေရခွင့်မရှိဘူး။ မြန် မာ့ဓလေ့ထုံးတမ်းဥပဒေမှာ မယားဖြစ်သူက ပထမလင်ယောကျ်ားနဲ့ တရားဝင်ကွာရှင်းခြင်းမရှိသေးဘဲ နောက်အိမ်ထောင်ပြုမယ်။ တစ်နည်းပြောရရင် ဖောက်ပြန်မယ်ဆိုရင် မိမိရရှိမယ့် လင်မယားနှစ်ဦးပိုင်ပစ္စည်း များအပေါ် ဆုံးရှုံးခံရမယ်လို့ ပြဋ္ဌာန်း ထားပါတယ်”

“ဒါကြောင့် လင်ယောကျ်ားက ဇနီးနောက်အိမ်ထောင်ပြုသွားလို့ မဆိုင်ဘူးဆိုပြီး ပြောတာဖြစ်မယ်”

“ဟုတ်ပါတယ်။ စွန့်စားဝယ် တယ်ဆိုတာကတော့ ဇနီးဖြစ်သူရဲ့ ဆွေမျိုးသားချင်းတွေရှိတယ် မဟုတ် လား။ ဒီတော့ အိမ်မြေရောင်းဖိုးငွေထဲက စရန်ငွေချပြီး သတင်းစာထဲမှာ ကန့်ကွက်သူရှိ မရှိ ကြော်ငြာ၊ ကန့်ကွက်သူ မရှိရင် ငွေချေကာ အိမ်ပေါ်တက်ရောက်နေထိုင်တာလည်းရှိတယ်။ အရောင်းအဝယ်စာချုပ်မှာ အရှုပ်အရှင်း တစ်စုံတစ်ရာပေါ် ပေါက်ပါကရောင်းသူက မည်သို့တာ ဝန်ယူ မည်ဟု ဖော်ပြပြီး အရောင်းအ ဝယ်လုပ်ကြတာရှိတယ်။ ဒါကြောင့် သူငယ်ချင်းဆုံးဖြတ်ဝယ်ပါ”ဟု အကြံ ပေးဆွေးနွေးလိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်