ဗုဒ္ဓဘာသာဝင်မဟုတ်သည့် မိသားစုစီမံမှု ကတိစာချုပ်အရ အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်
မကြာမီရက်ပိုင်းကဖြစ်သည်။ စာရေးသူထံ မိတ်ဆွေတစ်ဦးရောက်လာသည်။ အိမ်ဝင်ချင်လို့ စာရွက်စာတမ်းကို လိုက်ကြည့်ပေးပါဟု အကူအညီတောင်းလာပါသည်။ မိတ်ဆွေဖြစ်သူက ကားဖြင့်လာခေါ်၍ အ ဆင်သင့်လိုက်ပါသွားမိသည်။
“ဒီနေ့ဘယ်လိုဆောင်ရွက်ဖို့ ချိန်းဆိုထားသလဲ”
စာရေးသူက လမ်းခရီးတွင် မိတ်ဆွေအားမေးလိုက်ခြင်း ဖြစ်သည်။
“အဆင်ပြေရင်တော့ စရန်ငွေ ချခဲ့မလားလို့ စဉ်းစားထားတယ်”
“အိမ်နဲ့မြေ အခြေအနေက ဘယ်လိုရှိသလဲ။ မြေကဘယ်လို မြေ အမျိုးအစားလဲ”
“မြေကတော့ ဂရန်လျှောက်ထားတယ် ပြောတယ်”
“ဒါဆို ဥယျာဉ်ခြံမြေလား၊ ပါမစ်မြေတစ်ခုခုတော့ ဖြစ်မယ်”
“အင်းစိန်မြို့နယ်၊ အဲဒီရပ်ကွက် အပိုင်းတွေက ရွာမြေအဖြစ် သတ်မှတ်ပြီး လူနေရပ်ကွက်အဖြစ် ရှိနေ တာဖြစ်တယ်”
“မြေကွက်အမည်ပေါက်က ဘယ်သူလဲ၊ စုံစမ်းပြီးပြီလား”
“မြေစာရင်း ဦးစီးဌာနမှာတော့ ဖခင်ဖြစ်သူ အမည်ပေါက်လို့ သိရတယ်”
“အခုရောင်းမှာက ဖခင်ဖြစ်သူ ကိုယ်တိုင်က ရောင်းမှာလား”
“ဒီလိုဗျ။ မိခင်ဖြစ်သူက ကွယ်လွန်သွားပြီ။ သမီးနှစ်ဦးကျန်ခဲ့တယ်”
“ဖခင်ဖြစ်သူနဲ့အတူ မနေကြဘူးလား”
“အတူနေပါတယ်။ အခုရောင်းမယ်ဆိုတဲ့ အိမ်မှာပဲ အတူနေကြ တယ်လို့ ပြောပါတယ်”
“ဖခင်ကိုယ်တိုင် သက်ရှိထင်ရှားရှိပြီး ကိုယ်တိုင်နေတဲ့ အိမ်နဲ့မြေကို ရောင်းမယ်ဆိုတော့ ဘာပြဿနာမှ မရှိနိုင်ပါဘူး”
“ဖခင်က နောက်အိမ်ထောင်ပြုထားတယ်”
“ဒါကြောင့် ရောင်းပြီး အမွေခွဲတာလည်း ဖြစ်နိုင်တာပဲ။ အဓိက အချက်ကတော့ မိသားစုသုံးဦး သဘောတူဖို့တော့ လိုမယ်”
“အခုကိစ္စက ကျန်တဲ့ သမီးနှစ် ယောက်က ရောင်းမှာဖြစ်တယ်”
“ဖခင်ကြီး သဘောမတူဘဲနဲ့တော့ ရောင်းလို့မရဘူး သူငယ်ချင်း၊ ဘာလို့လဲဆိုတော့ လင်မယားနှစ်ယောက်ပိုင် ပစ္စည်းဖြစ်လို့ မိခင်ကွယ်လွန်သွားရင် မြန်မာ့ဓလေ့ထုံး တမ်းဥပဒေအရ မယား၏ဝေစုကို လင်ယောကျ်ားက ခံစားခွင့်ရှိမှာဖြစ်တယ်။ ဒါကြောင့် ဖခင်ကြီးတစ်ဦးတည်းပိုင် ပစ္စည်းအဖြစ် ဥပဒေအရရပ်တည်နေတယ်”
“ဒါဆို သမီးတွေအနေနဲ့ ရောင်းပိုင်ခွင့်မရှိဘူးပေါ့”
“သူငယ်ချင်းရဲ့ ပြောစကားအရဆိုရင်တော့ ဖခင်ဖြစ်သူ နောက်အိမ်ထောင်ပြုလိုက်တဲ့အတွက် ကွယ်လွန်သူ မိခင်ရဲ့ဝေစုကို သမီးများက ခံစားခွင့်ရှိတယ်။ ဒါကြောင့် ပူးတွဲပိုင်ရှင် သားအဖသုံးဦးလုံးက သဘောတူမှ အရောင်းအဝယ်လုပ်လို့ရမှာဖြစ်တယ်”
“ဖခင်က သမီးနှစ်ဦးလုံးကို ပေးကမ်းထားတဲ့ စာချုပ်ရှိတယ်လို့ ပြောပါတယ်။ ဖခင်ဖြစ်သူကလည်း နောက် ဇနီးနဲ့အတူသွားပြီးနေတဲ့အတွက် သမီးတွေကရောင်းမှာဖြစ်တယ်”
“အပေးစာချုပ်ရှိတယ်ဆိုတော့ သေချာလေ့လာဖို့ လိုလိမ့်မယ်။ စာချုပ် စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံ တင်ချုပ်ဆိုထားခြင်းရှိ မရှိ စိစစ်ဖို့ လိုလိမ့်မယ်”
“ဒါကြောင့် ဆရာသမားဆီ အကူအညီတောင်းတာပေါ့။ စာရွက်စာတမ်း ပိုင်ဆိုင်မှုအနေအထားကို စိစစ်ပေးဖို့ ပြောတာပါ”
ကားသည် အင်းစိန်-ဘိုကုန်း ဘက်ချိုးကွေ့လိုက်သဖြင့်-
“ဒီရပ်ကွက်တွေကတော့ သူငယ်ချင်းပြောသလို ဂရန်အမည်ပေါက်မြေကွက်တွေ မဟုတ်ကြဘူး။ ရွာမြေအဖြစ်သာရှိနေကြတယ်။ ပြီးတော့ ခရစ်ယာန်ဘာသာဝင်တွေ နေထိုင်ကြတာလည်းများတယ်နော်”
“ဆရာသမားပြောမှပဲ သတိရ တော့တယ်။ ကွယ်လွန်သွားတဲ့မိခင်က ခရစ်ယာန်ဘာသာဝင်လို့ပြောတယ်”
“သေတမ်းစာရေးမသွားဘူးလား”
“သေတမ်းစာရေးသွားတယ်လို့တော့ မပြောဘူး။ ဖခင်ဖြစ်သူက သမီးတွေကိုပေးသွားတဲ့ စာချုပ်အရ သမီးနှစ်ဦးပိုင်တယ်လို့ ပြောတာပဲ”
မကြာမီအချိန်မှာပဲ စာရေးသူတို့သည် ရောင်းမယ်ဆိုသည့် တစ်ထပ်တိုက်အိမ်သို့ ရောက်ရှိသွားပါသည်။ အိမ်အကျိုးဆောင်အမျိုးသမီးနှစ်ဦးကို တွေ့ပါသည်။ ထို့နောက် အိမ်ပိုင်ရှင်ဟုဆိုသော ညီမနှစ်ဦးကိုလည်း တွေ့ရပါသည်။ စာရေးသူက မိမိကိုယ်ကို ရှေ့နေဖြစ်ကြောင်း၊ မိတ်ဆွေဖြစ်သူက ဝယ်လိုသည်ဆိုကာ စာရွက်စာတမ်းကြည့်ရှုပေးပါရန် အကူအညီတောင်းသဖြင့် လိုက်ပါခဲ့ကြောင်း စသဖြင့် မိတ်ဆက်စကား ပြောမိပါသည်။
“သမီးတို့ရဲ့ မိခင်က ခရစ်ယာန် ဘာသာဝင်လို့သိရတယ်။ ဖခင်ကလည်း ခရစ်ယာန်ဘာသာဝင်ပဲလား”
“အဖေက ဗမာဗုဒ္ဓဘာသာဖြစ်ပါတယ်။ ကျွန်မတို့က ဗမာကရင်လူမျိုး ခရစ်ယာန်ဘာသာဝင်တွေပါ”
“သမီးတို့ ညီအစ်မနှစ်ဦးကလည်း ခရစ်ယာန်ဘာသာဝင်တွေပဲပေါ့။ မိခင်ဖြစ်သူက သေတမ်းစာရေးခဲ့သေးလား”
“သမီးတို့ ညီမနှစ်ဦးကလည်း ခရစ်ယာန်ဘာသာဝင်တွေဖြစ်ပါတယ်။ အမေကတော့ သေတမ်းစာရေးမသွားခဲ့ပါဘူး”
“အခု အိမ်ရောင်းမယ်ဆိုတော့ ဖခင်က ဘာပြောလဲ”
“ဖခင်က သူ့ဇနီးအပါအဝင် လေးပုံခွဲဖို့ပြောတယ်။ သမီးတို့ကလည်း အဖေကိုယ်တိုင် မိသားစုစီမံမှုအဖြစ် ခွဲဝေပေးတဲ့စာချုပ်အရ သမီးတို့ညီမနှစ်ဦးပဲ ပိုင်တယ်လို့ပြောတော့ ဘာမှမပြောတော့ဘဲ ရောင်းချင်ရောင်းလို့ ပြောပါတယ်”
ထို့နောက် သူတို့ပြသသော မိသားစုစီမံမှုစာချုပ်ကို ဖတ်ကြည့်မိပါသည်။
“ဒီစာချုပ်မှာတော့ ကိုးကွယ်ရာ ဘာသာဖော်ပြမထားဘူးနော်”
“ဟုတ်ပါတယ်။ အဖေက ဗုဒ္ဓဘာသာဝင်ဖြစ်လို့ မိသားစု စီမံမှု စာချုပ်ပြုလုပ်တာပါ”
စာရေးသူလည်း မိတ်ဆွေကို တီးတိုးပြောဆိုပြီး နောက်မှစရန်ရက်ရွေး ပါမည်ဟု ပြောခိုင်းလျက်ပြန်လာခဲ့ပါသည်။
“ဘယ်လိုဖြစ်လို့လဲ ဆရာ၊ ဘယ်မှာ ပြဿနာရှိလို့လဲ”မိတ်ဆွေက အပြန်လမ်းမှာမေးပါသည်။
“စာချုပ်က အပေးစာချုပ်မဟုတ်ဘူး။ မိသားစုစီမံမှု ကတိစာချုပ်ဖြစ်တယ်။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာ ဗုဒ္ဓဘာသာဝင်များအနေနဲ့ သေတမ်းစာရေးခွင့်မရှိဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင် မိသားစုများသည် မိသားစုစီမံမှု ကတိစာချုပ်ကို မိသားစုဝင်အားလုံး သဘောတူလက်မှတ်ရေးထိုးပြီး အမွေခွဲဝေ စီမံဆောင်ရွက်နိုင်ခွင့်ရှိတယ်။ ဒီနေရာမှာ မိသားစုဝင်အားလုံးက ဗုဒ္ဓဘာသာဝင်ကိုးကွယ်သူများဖြစ်ရပါမယ်”
“ဒီကိစ္စမှာ သမီးတွေက ခရစ်ယာန်ဖြစ်နေတော့”
“ဒါကြောင့် အခက်အခဲရှိနိုင်တယ်။ ဒါ့အပြင် တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ မောင်ခွေးသိုးနှင့် ဒေါ်မှတ်ကြီး၊ ၁၉၈ဝ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၉၂ မှာ မိသားစုမီမံမှုဖြင့် အမွေပုံပစ္စည်းများ ခွဲဝေထားလျှင် အမွေရှင်သေဆုံး သည့်အခါ မိသားစုစီမံမှုပြုစဉ်က ပဋိညာဉ်အတိုင်းခွဲဝေရမည်လို့ ဆုံးဖြတ်ထားတယ်။ ဒီကိစ္စမှာ ဖခင်က မကွယ်လွန်သေးတဲ့အတွက် ပိုင်ဆိုင် ခွင့်မရသေးဘူး”
“ဒါဆိုရင် ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုထားတယ်ဆိုတော့ ကန့်ကွက်တာတွေဖြစ်နိုင်သေးတယ်ပေါ့”
“မှန်ပါတယ်။ ဒါကြောင့် အမှုအခင်းဖြစ်နိုင်တဲ့အတွက် မဝယ်လျှင်ကောင်းမည်”ဟု အကြံပြုဆွေးနွေး လိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်