လင်မယားနှစ်ဦးအနက် သေတမ်းစာရေးမသွားသော ခရစ်ယာန်ဘာသာဝင် ပိုင်ဆိုင်သည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်
ရုံးခန်းသို့ စာရေးသူရောက်သည့်အခါ မတွေ့သည်မှာကြာပြီဖြစ်သော ငယ်သူငယ်ချင်းတစ်ဦးကို တွေ့လိုက်ရသည်။
“သူငယ်ချင်းနဲ့ မတွေ့တာဆိုရင် နှစ်ပေါင်းအတော်ကြာနေပြီနော်”
“တို့တစ်တွေက အသက်ကြီးပြီး လူအိုအရွယ်ရောက်လာပြီဆိုတော့ သမားသမီးတွေနဲ့ အဆင်ပြေသလို နေကြရတယ်ပေါ့ သူငယ်ချင်းရယ်”
“ဒါဆို ရန်ကုန် ရောက်တာကြာပြီပေါ့”
“သုံးနှစ်လောက်တော့ ရှိပြီထင်တယ်။ ဒီမှာရှိတဲ့ သမီးဆီလိုက်နေကြတာ”
“အေးကွာ၊ ငယ်သူငယ်ချင်းတွေ ပြန်တွေ့ရတာဝမ်းသာတယ်”
“မင်းဆီက အကူအညီတစ်ခု တောင်းချင်လို့လာခဲ့တာ”
“ကဲ-ပြောပါဦး၊ ဘာအခက်အခဲ တွေရှိနေလို့လဲ”
“နယ်က အိမ်နဲ့မြေရောင်းရတဲ့ ငွေရယ်၊ စုဆောင်းထားတာလေးနဲ့ပေါင်းပြီး မြေကွက်လေးတစ်ကွက် ဝယ်မယ်စိတ်ကူးလို့။ ငွေနည်းနည်းပါးပါး လိုရင်လည်း သမီးကစိုက်ထုတ်ပေးမယ် ပြောတယ်”
“မြေကွက်ဆိုတော့ ဘယ်မှာလဲ။ လှည်းကူးဘက်ဆိုရင်တော့ ဝေးမယ်နော်”
“ဒဂုံမြို့သစ် အရှေ့ပိုင်းမှာပါ”
“ဒါဆိုရင်တော့ ကောင်းပါတယ်။ နေရာကောင်းတွေ၊ ရပ်ကွက်ကောင်းတာတွေ ရှိပါတယ်။ သွားလို့ ကြည့်ပြီးပြီလား”
“သွားလည်းကြည့်ပြီးပါပြီ။ အိမ်ပါတယ်ဆိုတော့ နေလို့ရတာပေါ့။ အကောင်းကြီးမဟုတ်ပေမယ့် ပျဉ်ထောင်အိမ်တစ်ထပ်ပဲ”
“ဘယ်လိုပဲဖြစ်ဖြစ် အိမ်ရှိပြီးသား ပါတယ်ဆိုတော့ အိမ်သစ်ပြန်မ ဆောက်မီနေလို့ရတာပေါ့။ ဒါနဲ့ မြေ ကွက်အကျယ်က ဘယ်လောက်လဲ။ မြေကွက်အမည်ပေါက်က ဘယ်သူလဲ”
“မြေအမျိုးအစားက ဂရန်မြေလို့ ပြောပါတယ်။ မြေအကျယ်အဝန်းကတော့ ပေ ၂ဝx ပေ ၆ဝ လို့ ပြောတယ်”
“မြေအမည်ပေါက်က အခက်အခဲဖြစ်နေလို့လား”
“အဲဒီလိုပဲ ပြောရမှာဖြစ်နေတယ်။ မြေအမည်ပေါက်က ရောင်းမယ်ဆိုတဲ့ သူရဲ့ မိခင်အမည်ပေါက်ဖြစ်တယ်။ သားသမီးက ရောင်းမယ်ဆိုတော့ ပြဿနာမရှိနိုင်ဘူးဆိုပြီး စရန်ငွေပေးထားတယ်”
“မိခင်အမည်ပေါက်ဆိုတော့ ဖခင်က သက်ရှိထင်ရှားရှိသေးလား။ သားသမီးက ဘယ်နှယောက်လဲ။မိခင်ကိုယ်တိုင် သက်ရှိထင်ရှားရှိရင်တော့ ပိုပြီးအဆင်ပြေတာပေါ့”
“မိခင်ဖြစ်သူက သေဆုံးသွားတာ သုံးနှစ်ခန့်ရှိပြီပြောတယ်။ ဖခင်က နောက်အိမ်ထောင်ပြုပြီး ဒုတိယ ဇနီးနဲ့အတူနေတယ်”
“ဖခင်နဲ့ အမွေမခွဲရသေးရင်တော့ ဖခင်လည်းပိုင်ဆိုင်ခွင့်ရှိနေမှာဖြစ်တယ်။ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာ ဗုဒ္ဓဘာသာဝင်လင်မယား နှစ်ဦးတွင်တစ်ဦးကွယ်လွန်က ထိုသူ၏ဝေစုကို ကျန်ရှိသည့်လင် သို့မဟုတ် မယားက ရရှိခံစားခွင့်ရှိတယ်လို့ဆိုပါတယ်။ ဒါကြောင့် မိခင်အမည်နဲ့ဆိုပေမယ့် မိခင်ကွယ်လွန်သွားရင် ဖခင်က အမွေဆက်ခံခွင့်ရှိပြီး တစ်ဦးတည်းပိုင်ဆိုင်ခွင့်ရှိလာမှာဖြစ်တယ်။ ဒါပေမယ့် ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်ပြီဖြစ်လို့ ကျန်ရှိတဲ့ သားသမီးတွေက ကွယ်လွန်သူ မိခင်ရဲ့ဝေစုကို ဖခင်ထံမှ ရပိုင် ခွင့်ရှိတယ်”
“အခုသားသမီးနှစ်ယောက်က ခရစ်ယာန်ဘာသာဝင်တွေဖြစ်တယ်”
“ဒါဆိုရင်မိခင်ဖြစ်သူက ခရစ်ယာန် ဘာသာဝင်တစ်ဦးအနေနဲ့ ကွယ်လွန်သွားတာလား”
“မိခင်ကလည်း ခရစ်ယာန်၊ ဒါပေမယ့် ဖခင်ဖြစ်သူက ဗုဒ္ဓဘာသာ ကိုးကွယ်သူဖြစ်နေတယ်”
“မိခင်ဖြစ်သူက သေတမ်းစာ ရေးမသွားဘူးလား”
“အစကတော့ မိခင်ဖြစ်သူက သေတမ်းစာရေးသွားသလိုပြောတယ်။ ဒါပေမယ့် မရေးဖြစ်ခဲ့ဘူးလို့ သိရတယ်”
“အခုကိစ္စမှာ ဖခင်ဖြစ်သူက ကန့်ကွက်နေလို့လား”
“မူလကတော့ မိခင်အမည် ပေါက်ဖြစ်ပြီး ဖခင်ကလည်းနောက် အိမ်ထောင်နဲ့ သီးခြားနေတယ်ဆိုတော့ ပိုင်ဆိုင်မှုရှင်းတယ်ဆိုပြီး စရန် ငွေပေးလိုက်တာ”
“မိခင်ဖြစ်သူက ခရစ်ယာန် ဘာသာဝင်ကိုးကွယ်တာ အစောကတည်းက မသိဘူးပေါ့။ ဟုတ်လား”
“ခရစ်ယာန်ဘာသာဝင်ဆိုတာ မသိဘူး။ အားလုံးထုံးစံအတိုင်း ဗုဒ္ဓဘာာဝင်တွေပဲလို့ စိတ်ထဲမှာထင်တာနဲ့ ဆောင်ရွက်ခဲ့တာပဲ။ ဘယ်ဘာသာကို ကိုးကွယ်တယ်ဆိုတာ မမေးမိခဲ့ဘူး”
“ဒါလည်းဖြစ်တတ်ပါတယ်။ အခုသတင်းစာထဲထည့်လိုက်လို့ ကန့် ကွက်သူပေါ်လာတာပေါ့။ ဒီလိုလား”
“ဟုတ်ပါတယ်။ ဖခင်ဖြစ်သူကသူလည်း ပိုင်ဆိုင်တယ်ဆိုပြီး ကန့်ကွက်တာဖြစ်တယ်။ ဒီနေရာမှာ ဖခင်ဖြစ်သူက ဗုဒ္ဓဘာသာဝင်ဖြစ်လို့ ခရစ်ယာန်ဘာသာဝင် မိန်းမအမွေကို ရခွင့်မရှိဘူးဆိုတာဟုတ်သလား”
“ဒီလိုတော့ မဟုတ်ဘူးဗျ။ လင်မယားနှစ်ဦးပိုင် ပစ္စည်းဆိုရင်တော့ တစ်ဦးကွယ်လွန်ရင် ကျန်တစ်ဦးက ခံစားခွင့်ရှိမှာဖြစ်တယ်။ အခုကိစ္စက ခရစ်ယာန်ဘာသာဝင် ဇနီးသည်ရဲ့အမည်နဲ့ ဝယ်ထားပေမယ့် အိမ်ထောင်ကျပြီး လက်ထက်ပွားပစ္စည်း ဆိုရင်တော့ ပူးတွဲပိုင်ရှင်အဖြစ် ရှိနေမှာ ဖြစ်တယ်”
“ဇနီးဖြစ်သူက သေတမ်းစာရေး မသွားရင် ဘယ်လိုဖြစ်နိုင်သလဲ”
“ဒါကတော့ ကွယ်လွန်သူရဲ့ ဝေစုဖြစ်တဲ့အတွက် ကွယ်လွန်သူကိုးကွယ်ရာ ခရစ်ယာန်ဥပဒေနဲ့ ဆုံးဖြတ် ရမှာဖြစ်တယ်”
“ဖခင်ဖြစ်သူက နောက်ဇနီး အပါအဝင် သူတို့သားသမီးနှစ်ယောက် ပေါင်းအားလုံးလေးပုံခွဲမယ်လို့ ပြောတယ်။ အဲဒါဖြစ်နိုင်ပါ့မလား။ သားသမီးနှစ်ယောက်ကတော့ လက်မခံဘဲ အရောင်းအဝယ် တန့်သွားတာပေါ့ဗျာ။ ပြီးတော့ ဒီမြေကွက်က မိခင် အနေနဲ့ သူ့မိဘတွေဆီက အမွေရတဲ့ မြေကွက်ဖြစ်လို့ ဖခင်နဲ့မဆိုင်ဘူးဆို ပြီး သားသမီးတွေက ပြောတယ်။ ဘယ်လိုဖြစ်နိုင်ပြီး ဘာဆက်လုပ်ရင်ကောင်းမလဲ သူငယ်ချင်း အကြံပေးပါဦး”
“အခုကိစ္စက နောက်ဇနီးအနေနဲ့ ရပိုင်ခွင့်မရှိသေးဘူး။ ဖခင်နဲ့ သားသမီးတွေရဲ့ ရပိုင်ခွင့်အပေါ် ပြောဆိုရမှာဖြစ်တယ်။ ကွယ်လွန်သူက ခရစ်ယာန်ဘာသာဝင်ဖြစ်လို့ ဗုဒ္ဓဘာသာဝင်များက အမွေဆက်ခံခွင့်ရှိမရှိနဲ့ ပတ်သက်လို့တော့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ အမှုတစ်ခုတော့ရှိတယ်”
“ဗဟုသုတအဖြစ် ပြောပြပါဦး”
တရားရုံးချုပ်က ဆုံးဖြတ်တဲ့ ဒေါ်ထန်ဇာရီပါ (၂) နှင့် ဒေါ်နော် ရူဖောပါ (၇) ၂ဝဝ၉ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၄ဝ အမှုမှာ သေတမ်းစာမရေးဘဲ ကွယ်လွန်သွားသည့် ခရစ်ယာန်ဘာ သာဝင်များ၏အမွေကို မြန်မာဗုဒ္ဓ ဘာသာဝင်များက အမွေဆက်ခံခွင့်ရှိသည်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ခင်ပွန်းသည်အနေနဲ့ ဇနီးသည်ရဲ့ ကျန်ရစ်တဲ့ ဝေစုကို ရပိုင်ခွင့်ရှိမှာဖြစ် ပါတယ်”
“ဒါဆိုရင် သားသမီးတွေနဲ့ အမွေခွဲယူရမယ့် သဘောပေါ့”
“မှန်ပါတယ်။ ခရစ်ယာန်ဘာသာဝင်များဆိုင်ရာ အမွေဆက်ခံခြင်း ဥပဒေပါပြဋ္ဌာန်းချက်များနဲ့အညီ အမွေခွဲဝေရယူရမှာဖြစ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းရဲ့ ကိစ္စမှာ ဖခင်နဲ့သားသမီးများက ညှိနှိုင်းခွဲဝေလိုက်ရင်တော့ အဆင်ပြေသွား မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် တရားရင်ဆိုင်ရမယ့် အခြေအနေရှိ နေတဲ့အတွက် စရန်ငွေပြန်ယူသင့် မယူသင့်ကိုတော့ သူငယ်ချင်းကိုယ် တိုင်စဉ်းစားဆုံးဖြတ်ပါ”ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်