သေတမ်းစာအရပိုင်ဆိုင်ခွင့်ရှိသော်လည်း အမွေခွဲဝေမပေးထားသည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်
“သေတမ်းစာ၊ အတည်ပြုပေးရမယ့်သူက အမွေခွဲဝေမပေးဘူးဆိုရင် ဘယ်လိုဆောင်ရွက်ရမလဲ”ဟု မိတ်ဆွေဦးအောင်မြင့်က ဆွေးနွေးလာခြင်းဖြစ်သည်။
“ဦးအောင်မြင့်က ထူးထူးခြားခြား မေးခွန်းတွေမေးတတ်တော့ အခုလည်း ကိစ္စတစ်ခုပေါ်လာပြန်ပြီထင်တယ်”
“ဒီလိုဆရာ၊ အခုဝယ်မယ်စိတ်ကူးထားတဲ့ မြေနဲ့အိမ်က သေတမ်းစာနဲ့ပေးထားတဲ့ အဆောက်အအုံဖြစ်တယ်”
“သေတမ်းစာ အတည်ပြုသူအဖြစ် ခန့်ထားခံရသူက ကွယ်လွန်သူနဲ့ ဘယ်လိုဆက်စပ်သလဲ၊ ဆွေ မျိုးမတော်ဘူးလား”
“ကွယ်လွန်သူအမျိုးသမီးရဲ့ လင်ယောကျ်ားပဲ ဆရာ”
“အမွေခွဲမပေးချင်လို့ တမင်လုပ်နေတဲ့သဘော ဖြစ်နေတာပေါ့”
“ဟုတ်တယ်ဆရာ။ အမွေရသူကလည်း အမွေရရင် ရောင်းဖို့ပြော ထားတာ”
“အိမ်နဲ့မြေက ဘယ်မှာရှိတာလဲ။ ဂရန်မြေကွက်လား ဘယ်သူ့ အမည်ပေါက်ဖြစ်နေလို့လဲ”
“ဘိုးဘွားပိုင်မြေ ဆရာ။ အမည် ပေါက်ကတော့ ကွယ်လွန်သွားတဲ့ အမျိုးသမီးအမည်ပေါက်ဖြစ်တယ်။ သူ့မိဘတွေ အစဉ်အဆက်နေလာ တာပေါ့ ဆရာ။ ဒါပေမယ့် သူက ခရစ်ယာန်ဘာသာဝင်ဖြစ်တယ်။ အကျယ်ကတော့ ပေ ၆ဝ ပတ်လည် လောက်ရှိမယ်။ ခက်တာက သူ့ခင်ပွန်းက အခြားဘာသာဝင်ဖြစ်နေတယ်”
“ဟုတ်ပြီ။ ဇာတ်လမ်းကစလာပြီပေါ့။ သားသမီးမထွန်းကားဘူးလား”
“သားသမီးမရှိဘူး။ အမျိုးသမီးကြီးက ပြုစုဖို့ဆိုပြီးနယ်က ညီမဝမ်းကွဲတစ်ဦးရဲ့သမီးကို ခေါ်ထားတယ်။ တူမဖြစ်သူ အိမ်ထောင်ကျတဲ့အထိ အတူနေတယ်”
“နောက်ပိုင်းအိမ်နဲ့မြေကို တူမဖြစ်သူအား သေတမ်းစာနဲ့ ပေးခဲ့တယ်ပေါ့”
“တစ်ခြံလုံး မဟုတ်ဘူး ဆရာ”
“မြေတစ်ဝက်အပေါ်တူမဖြစ်သူကို အိမ်ဆောက်နေထိုင်ခွင့်ပြုခဲ့တယ်”
“မြေကွက်က တရားဝင်ခွဲစိတ်ပြီးပြီလား”
“အတိအကျတော့ မခွဲရသေးဘူး။ ဒါပေမယ့် ခြံတော့ သီးခြားခတ်ထားတယ်”
“ထားပါတော့။ အဲဒီမြေကွက်ကို အဒေါ်ဖြစ်သူက သေတမ်းစာရေးပေး ခဲ့တယ်ပေါ့။ သေတမ်းစာ အတည်ပြုသူအဖြစ် ခင်ပွန်းသည်ကို ခန့်ထားခဲ့တယ်။ ဒီလိုမဟုတ်လား”
“သေတမ်းစာရသူက သေတမ်းစာကို အတည်ပြုဖို့ တရားရုံးမှာ လျှောက်ပေးပါလို့ မတောင်းဆိုဘူး လား”
“တောင်းဆိုတာပေါ့ ဆရာရယ်။ ဒါပေမယ့် လျှောက်မပေးတာ ဆရာ”
“အခု ဘယ်လောက်ကြာပြီလဲ။ တစ်နှစ်ခန့်ရှိတော့မယ်။ အဲဒါသူတို့ကလည်း ရောင်းပြီးတခြားနေရာ ပြောင်းနေချင်နေပြီ။ ဒီလူကြီးနဲ့ နီးနီးကပ်ကပ်မနေချင်ဘူးပေါ့။ ခက်တာက နောက်မိန်းမယူလိုက်တော့ ပိုပြီး အဆင်မပြေဖြစ်သွားတာတယ်”
“နောက်အိမ်ထောင်ပြုလိုက်ပြီဆိုတော့ အခွင့်အရေးက ပိုဝေးသွားနိုင်တာပေါ့။ ဒါနဲ့ သေတမ်းစာမူရင်းက အဲဒီယောကျ်ားဆီမှာပဲရှိသလား။ ဘဏ်မှာဖြစ်ဖြစ်၊ စာချုပ်စာတမ်းရုံးမှာဖြစ်ဖြစ် သိမ်းဆည်းတာမရှိဘူးလား”
“သေတမ်းစာမူရင်းက သေတမ်းစာအတည်ပြုသူအဖြစ် ခန့်ထားတာဖြစ်လို့သူပဲ ယူထားမယ်ဆိုပြီး သူဆီမှာပဲရှိတယ်ပြောတယ်”
အင်းပေါ့လေ။ အဒေါ်ဖြစ်သူကလည်း မကွယ်လွန်မီကဆိုတော့ သူတို့ပဲ သိမ်းထားကြမှာပေါ့”
“ကံကောင်းတာက မိတ္တူတော့ တူမဆီမှာရှိတယ်ပြောတယ်”
“စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ထားခဲ့တယ်ဆိုတော့ တာဝန်ခံ မိတ္တူကူးလို့ ရချင်လည်းရမှာပါ”
“အခုဘာဆက်လုပ်ရမလဲဆို တာ သူငယ်ချင်းဆီအကြံဉာဏ်လာတောင်းတာ”
“သေတမ်းစာအရပေးထားတဲ့ မြေကွက်နဲ့အိမ်ကို သူငယ်ချင်းက ဝယ်ဖို့ စိတ်ကူးထားတာလား”
“ကိုယ်တိုင်တော့ မဟုတ်ဘူး။ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့ ကိုယ့်ရဲ့တူတော်သူဆရာဝန်က ဝယ် မှာ၊ ကိုယ်တိုင်က အိမ် ခြံ မြေ အရောင်းအဝယ်လုပ်နေတော့ ကိုယ့်မှာတာဝန်ဖြစ်နေတာ”
“ဦးအောင်မြင်က ရှာပေးတာလား။ ဆရာဝန် မိသားစုက ကြည်ရှု ပြီး ဝယ်မယ်လို့ ဆုံးဖြတ်တာလား”
“ရောင်းမယ့်သူက သူတို့နဲ့ မိတ်ဆွေတွေလို့ပြောတယ်။ သူတို့က သဘောကျလို့ ဦးလေးကူညီပါဦးဆို ပြီး တောင်းဆိုတာပါ”
“ဒါနဲ့ပဲ ဦးအောင်မြင့်က ကျွန်တော့်ကို အပူလာကပ်တယ်ပေါ့”
“အမှုအခင်းဖြစ်ဖို့လာခဲ့ရင်လည်း ဆရာ့ကိုပဲ အမှုအပ်ဆောင် ရွက်ရမှာ”
“ဒါဆိုလည်း ဖြစ်နိုင်တဲ့ နည်းလမ်းတော့ အကြံပြုရမှာပေါ့ဗျာ”
“နည်းလမ်းရှိရင်ပြောပါဦး။ ဒါမှ တူဖြစ်သူကို ရှင်းပြလို့ရမှာ”
“တူမဖြစ်သူထံမှာ သေတမ်းစာ မိတ္တူရှိတာဖြစ်လို့ တရားရုံးမှာ သေတမ်းစာပူးတွဲပါရှိသည့် အမွေထိန်း စာလျှောက်ထားရပါမယ်။ အဲဒီ အမွေထိန်းစာရမှ ရောင်းချခွင့်ကို တရားရုံးမှာ ဆက်လက်လျှောက်ထားရယူပြီး တရားရုံးရဲ့ အမိန့်နဲ့ အရောင်းအဝယ်မှတ်ပုံတင်စာချုပ်-ချုပ်ဆို ရောင်းချရမှာဖြစ်ပါတယ်”
“ဆရာပြောသလိုဆိုရင်တော့ အဆင်ပြေနိုင်တယ်ပေါ့။ ဒါပေမယ့် သေတမ်းစာမူရင်းက တစ်ဖက်လူဆီ မှာရှိနေတော့ တရားရင်ဆိုင်ရင် အဆင်ပြေပါ့မလား”
“ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တရားရုံးမှာ လျှောက်ထားကြရတာပဲလေ။ သေတမ်းစာအတည်ပြုလက်မှတ်ရယူ ရင်လည်း အဒေါ်ဖြစ်သူရဲ့ ခင်ပွန်းက လျှောက်ထားရမယ်လေ။ အဲဒါကို တရားရုံးထံလျှောက်ထားမပေးလို့ သေတမ်းစာရသူက သေတမ်းစာ ပူးတွဲပါရှိတဲ့ အမွေထိန်းစာထုတ်ပေးရန် တရားရုံးမှာ လျှောက်ထားတာပဲဖြစ် တယ်”
“သေတမ်းစာ မိတ္တူနဲ့ လျှောက်ထားနိုင်တယ်ပေါ့”
“သူငယ်ချင်းကို ရှင်းအောင်ပြောရရင်၊ ပြည်ထောင်စုဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် (ပြည်သူ့ ဥပဒေအကျိုးဆောင်အဖွဲ့)နှင့် ဦးကျော် (ကွယ်လွန်)၏ သားသမီးများ ဒေါ်မြဦးပါ (၃)၊ တရားမ စောဒကအမှု၊ ၁၉၈၆ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၁၈ အမှုမှာ သေတမ်းစာအတည်ပြုသူဦးကျော်က သေတမ်းစာ အတည်ပြု လက်မှတ်လျှောက်ထားမပေး၍ မအေးအေးမြင့်မှ သေတမ်းစာပူးတွဲပါရှိသည့် အမွေထိန်းစာကို သေတမ်းစာမိတ္တူဖြင့် လျှောက်ထားရာ ဦးကျော်က ကန့်ကွက်သည်။ မိတ္တူသည် သက်သေခံဥပဒေပုဒ်မ (၆၆) ခြွင်းချက်အရ ဦးကျော်ထံမူရင်းတင် ပြရန်အကြောင်းကြားစာပေးရန်မလိုဘဲ လက်ရှိဖြစ်သူက တင်ပြရ မည်ဖြစ်သည်။ ဦးကျော်မှပျက်ကွက်၍ မိတ္တူကို ဥပဒေနှင့်အညီ လက်ခံ၍ သေတမ်းစာပူးတွဲပါရှိသော အမွေထိန်းစာကို ထုတ်ပေးကြောင်း အမိန့်ချခဲ့တယ်”ဒါကြောင့် ယခုကိစ္စမှာ လည်းဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ကြောင်း အကြံပြုဆွေးနွေးလိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်