နောက်အိမ်ထောင်ပြုထားသူပိုင်အိမ်ကို ဝယ်မည်ဆိုလျှင်
“တွေ့ပါ့မလားလို့ စိုးရိမ်နေတာ”ဟူသော အသံနှင့်အတူ ဆင်နားရွက်တံခါးကိုတွန်းဖွင့်၍ ရုံးခန်းအတွင်းသို့ ဝင်လာသော အမျိုးသမီးတစ်ဦးကို မော့ကြည့်လိုက်မိသည်။
အထက်တန်းကျောင်းသားဘဝက ငယ်သူငယ်ချင်း ဒေါ်ခင်ခင်ပြုံးကို တွေ့လိုက်ရသည်။
“မတွေ့တာကြာပြီ။ ရုံးခန်းကို အတော်ရှာလိုက်ရတယ်ထင်တယ်” စာရေးသူက မောနေသူကိုကြည့်ပြီး ပြောလိုက်ပါသည်။
“သုံးထပ်ဆိုတော့ အတော်မောသွားတယ်။ မလာမဖြစ်တော့လည်းရှာရတာပေါ့”
“ကဲ-အေးအေးဆေးဆေး အမောဖြေပြီးမှ ပြောတာပေါ့။ အရေးကြီးကိစ္စဖြစ်မယ်ထင်တယ်”
စာရေးသူက စကားစပြီး ရေအေးအေးတိုက်၍ အမောဖြေစေခဲ့ပါသည်။
“ဒီလို သူငယ်ချင်း၊ သမီးဖြစ်သူက မြေနဲ့ အိမ်ဝယ်ဖို့ စရန်ငွေပေးထားတယ်။ အဲဒါ ကန့်ကွက်သူပေါ်လာပြီး ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ သိချင်လို့။ တော်ကြာစရန်ငွေပါ ဆုံးရှုံးသွားနိုင်သလား”
“မြေနဲ့အိမ်ဆိုတော့ မြေကဂရန် မြေလား၊ ပါမစ်မြေလား၊ မြေကွက် အမည်ပေါက်က ဘယ်သူလဲသိလား”
“မြေကွက်က ပေ ၂ဝ x ပေ ၆ဝ မြေကွက်၊ နှစ်ထပ်တိုက်၊ အမည်ပေါက်က ရောင်းမယ်ဆိုတဲ့ အမျိုး သမီးအမည်ပေါက်”
“ဒါဆိုရင် ဘာအခက်အခဲရှိ နေလို့လဲ၊ သားသမီးတွေက ကန့်ကွက်နေလို့လား၊ မိဘမှ မကွယ်လွန်သေးရင် သားသမီးတွေက ကန့်ကွက်ခွင့်၊ ရပိုင်ခွင့်မရှိသေးဘူးလေ”
“သားသမီးက မဟုတ်ဘူး၊ လင်ယောကျ်ားက ကန့်ကွက်နေလို့”
“လင်မယားကွဲနေကြလို့လား”
“မဟုတ်ဘူး။ စကားပြော လောသွားတယ်။ ကန့်ကွက်တဲ့သူက နောက်အိမ်ထောင်ဖြစ်တဲ့ ဒုတိယလင်ယောကျ်ားက ကန့်ကွက်နေတာ”
“နောက်အိမ်ထောင်နဲ့ ဖြစ်ထွန်းတဲ့ ပစ္စည်းဖြစ်နေလို့လား။ ဒါမှမဟုတ် ဒုတိယလင်ယောကျ်ားက ဝယ်ပေးထားတဲ့ အဆောက်အအုံဖြစ်နေလို့ လည်းဖြစ်နိုင်တယ်”
“ရှေ့နေကြီးက ထင်ရာပြောနေပြန်ပြီ။ အခုကိစ္စကဇနီးဖြစ်သူက ပထမအိမ်ထောင်နဲ့ ဖြစ်ထွန်းခဲ့တဲ့ပစ္စည်းဖြစ်လို့ ရောင်းတာဖြစ်တယ်”
“ရောင်းမယ်ဆိုတဲ့ အိမ်မှာ ဘယ်သူနေသလဲ။ ပထမခင်ပွန်းက ကွယ်လွန်သွားတာလား”
“ပထမခင်ပွန်းက ကွယ်လွန်သွားတော့ နောက်အိမ်ထောင်ပြုတယ်။ အိမ်ထောင်မပြုမီကတော့ အခုအိမ်မှာပဲ သမီးငယ်နဲ့အတူနေတယ်။ သားအကြီးက သီးခြားတိုက်ခန်းမှာနေတယ်”
“မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုလိုက်တော့ သားသမီးတွေကို အမွေခွဲပေးချင်လို့ ဖြစ်မှာပေါ့လေ။ ဒါပေမယ့် နောက်အိမ်ထောင်မှ ခင်ပွန်းက ကန့်ကွက်တယ်ဆိုတော့ ဥပဒေအရဆိုရင် ဆန့်ကျင်နေမယ်ထင်တယ်”
“အဲဒါကြောင့် သူငယ်ချင်းဆီ ပြေးလာပြီး အကြံဉာဏ်တောင်းတာပဲ”
“ဥပဒေအရ ပြောရရင်တော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ သားသမီးတွေအနေနဲ့ မိဘတစ်ဦးဦးကွယ်လွန်ပြီး ကျန်တစ်ဦးက နောက်အိမ် ထောင်ပြုခဲ့ရင် မိဘအမွေကိုတောင် ပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတယ်”
“ဒီကိစ္စမှာဆိုရင် ဖခင်ရဲ့ အမွေ ဝေစုကို ကျန်တဲ့သားသမီးတွေက ရ ပိုင်ခွင့်ရှိတာပေါ့။ မဟုတ်ဘူးလား”
“ဟုတ်ပါတယ်။ ဒါကြောင့်မို့ မိခင်ဖြစ်သူက သားသမီးတွေကို အမွေခွဲပေးချင်လို့ ရောင်းတာဖြစ်မှာပေါ့”
“မိခင်ဖြစ်သူက သူ့ဝေစုကိုတော့ ရမှာပေါ့နော်”
“ဒါကတော့ မိခင်ဖြစ်သူက သူရမယ့်ဝေစုထဲက အားလုံးကိုပဲဖြစ်ဖြစ်၊ တစ်စိတ်တစ်ပိုင်းပဲဖြစ်ဖြစ်၊ ရောင်းရငွေကို သားသမီးတွေထံပေးကမ်းနိုင် ခွင့်တော့ရှိပါတယ်။ ဥပဒေအရ တရားဝင်တယ်လေ”
“ဒါကြောင့် နောက်ခင်ပွန်းက ကန့်ကွက်နေတာဖြစ်မယ်”
“အခုကိစ္စမှာ နောက်ခင်ပွန်းက ဘယ်လိုကန့်ကွက်လို့လဲ။ သတင်းစာ ထဲမှာ ထည့်တာလား”
“သူ့ရဲ့ ကန့်ကွက်ချက်မှာတော့ ဇနီးဖြစ်သူရဲ့ အမည်ပေါက် မြေနဲ့အိမ်ဖြစ်လို့ သူလည်း ခင်ပွန်းတစ်ယောက်အနေနဲ့ ပူးတွဲပိုင်တယ်။ သူ့ ရဲ့ သဘောတူညီမှု မရှိဘဲ ရောင်းခွင့် မရှိဘူးလို့ ကန့်ကွက်တာ”
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အရတော့ ဇနီးသည်နဲ့ အိမ်ထောင်မကျမီက ဇနီးသည်ပါလာတဲ့ ပစ္စည်းဟာ အထက်ပါ ပစ္စည်းလို့ခေါ်တယ်။ အဲဒီပစ္စည်းအပေါ်မှာ ဇနီးသည် အသက်ထင်ရှားရှိနေစဉ်မှာတော့ ခင်ပွန်းသည်အနေနဲ့ တောင်းဆိုခွင့်ရပိုင်ခွင့်မရှိဘူး”
“ဒါဆို ဇနီးသည် ပထမအိမ်ထောင်နဲ့ရှိခဲ့တဲ့ ပစ္စည်းအပေါ် ကန့်ကွက်ခွင့် မရှိဘူးပေါ့”
“မှန်ပါတယ်။ ဥပဒေအရ အမွေဆက်ခံရပိုင်ခွင့်မရှိတဲ့အတွက် ကန့်ကွက်ခွင့်ကို မရှိပါဘူး။ သူငယ်ချင်းကို ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မသောင်း ကြည်နှင့် မဖွားစိန်ပါ နှစ်ဦး၊ ၁၉၈၆ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၆၂ အမှုမှာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အိမ် ထောင်ကြီးတစ်ဦး၏ အထက်ပါ ပစ္စည်းတွင် ကျန်တစ်ဦးက အကျိုးသက်ဆိုင်ခွင့်မရှိဆိုသည်မှာ အိမ်ထောင်ကြီးလင်မယားအသက်ထင်ရှား ရှိစဉ်ကာလသာသက်ဆိုင်ပြီး ထိုသူကွယ်လွန်သွားသောအခါ ကျန်တစ်ဦးက ကွယ်လွန်သူ၏အမွေကို ဆက်ခံခွင့်ရှိသည်။ ပုံစံအားဖြင့် အိမ်ထောင်ကြီးမယား သို့မဟုတ် လင်ကွယ်လွန်သွားသောအခါ ကွယ်လွန်သူ၏ အထက်ပါပစ္စည်းကို ကျန်ရစ်သူ လင်သို့မဟုတ် မယားက လေးပုံတစ်ပုံ အမွေဆက်ခံ၍ ကွယ်လွန်သူ၏ သားရင်းသမီးရင်းများက လေးပုံသုံးပုံဆက်ခံသည်ဟု ဆုံးဖြတ်ထားတယ်။ ဒါကြောင့် အခုကိစ္စမှာ ဇနီးဖြစ်သူက အထက်ပါပစ္စည်းအဖြစ်ပင် ဝေစုမရသေးတာကိုကြိုတင် ကန့်ကွက်ခွင့်မရှိပါဘူး”
“သူငယ်ချင်းပြောတဲ့ဆုံးဖြတ် ချက်အရဆိုရင် မိခင်ဖြစ်သူက အိမ်ရောင်းရလို့ သူ့ဝေစုယူသွားရင်လည်း အကယ်၍ မိခင်ကွယ်လွန်ခဲ့ရင် အဲဒီ ဝေစုထဲက လေးပုံသုံးပုံကိုသားသမီး အရင်းတွေက ရပိုင်ခွင့်ရှိနိုင်သေး တယ်ပေါ့”
“မှန်ပါတယ်။ ဒါကြောင့် အခုအချိန်မှာတော့ မိခင်လည်း အသက်ထင်ရှားရှိနေတဲ့အတွက် ပထွေးဖြစ်သူရဲ့ ကန့်ကွက်ချက်ဟာ အကျုံးမဝင်ဘူးလို့ သိထားပြီး ညှိနှိုင်းဝယ်ပါ” လို့ အကြံပြုဆွေးနွေးလိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်