ပိုင်း၍‌ရောင်း‌သော အိမ်နှင့်မြေကို ဝယ်မည်ဆိုလျှင်

“အိမ်ဝယ်ဖို့သွားကြည့်တော့ရောင်းသူက မြေကွက်အမည်ပေါက် မဟုတ်လို့ဝယ်သင့်၊ မဝယ်သင့်လာ ဆွေးနွေးတာ သူငယ်ချင်း”

စာရေးသူထံ အထက်တန်း ကျောင်းသားဘဝက ငယ်သူငယ်ချင်း တစ်ဦးရောက်လာ၍ မေးမြန်းခြင်းဖြစ်သည်။

“သူငယ်ချင်းက နယ်ကနေ ပြောင်းလာတော့မလို့လား”

“သမီးနှစ်ယောက်လုံးက ဒီရန်ကုန်မှာ အလုပ်လုပ်နေကြတော့တို့ မိသားစုလည်း ပြောင်းလာကြရင်ကောင်းမလားလို့”

“အိမ်မြေဝယ်တယ်ဆိုတာက အမှားအယွင်းဖြစ်နိုင်တာမို့ သေချာစိစစ်ဖို့တော့လိုတယ်။ ဂရန်မူရင်းရှိသည့်တိုင် အတုဖြစ်နေတာတွေလည်း မကြာခဏ ဖြစ်နေကြတယ်။ အခုဝယ်မယ်ဆိုတဲ့ နေရာကဘယ်မှာလဲ”

“ဒဂုံမြို့သစ်အရှေ့မှာ။ မြေကွက် က ပေ ၄ဝ၊ ပေ ၆ဝ၊ အိမ်တစ်လုံး ဆောက်ထားတယ်”

“ပေ ၄ဝ x ပေ ၆ဝ ဆိုရင်တော့ မြေကွက်က အတော်ရှားသွားပြီ၊ မြေကွက်ကို ခွဲစိတ်ရောင်းထားတာတွေက များတယ်။ ဂရန်အမည်ပေါက်နဲ့ ဘယ်လိုဆက်စပ်မှုရှိသလဲ။ အခု ရောင်းမယ်ဆိုတဲ့သူက ဝယ်ထားတာလား”

“ပေ ၄ဝx ပေ ၆ဝ မြေကို ရောင်းမှာ မဟုတ်ဘူး။ ပေ ၂ဝ ကို ခွဲရောင်းမယ်ပြောတယ်။ ပြီးတော့အိမ်ကိုလည်း အလယ်ကနေ သုံး ထပ်သားနဲ့ အပြီးခွဲစိတ်ကာထားတယ်”

“ဒါဆိုရင် အိမ်က အခန်းနှစ်ခန်း ဖွဲ့ထားတဲ့ သဘောပေါ့။ ဝင်ပေါက်တွေက သီးခြားစီရှိလား”

“အိမ်ဝင်ပေါက်တွေ သီးခြားရှိသလို နောက်ဆုံးမြေကုန်အထိပိုင်း ခြားကာထားဖြစ်တယ်”

“ဒါဆိုရင် အိမ်ကသာမခွဲရသေးတာ သီးခြားပိုင်းခြားပြီးသား ဖြစ်နေ တာပေါ့”

“ဟုတ်ပါတယ်။ နောက်ဘက် မြေကျန်မှာ သွပ်ပြားတွေနဲ့ ပိုင်းခြား ကာထားပါတယ်”

“အခု ခွဲခြားနေထိုင်တဲ့ အိမ်တစ်ခြမ်း ရောင်းမှာပေါ့”

“ဟုတ်ပါတယ်။ ဂရန်အမည် ပေါက်က တစ်ယောက်ဖြစ်နေတယ်”

“အခုနေတဲ့သူတွေနဲ့ ဂရန်အ မည်ပေါက်နဲ့က ဘယ်လိုဆက်စပ်မှုရှိသလဲ။ မေးမြန်းခဲ့တာရှိသလား”

“အစကတော့ မြေတစ်ကွက်လုံး ကို အစ်မကြီးဖြစ်သူက ဝယ်ထားတာလို့ ပြောတယ်။ နောက်ပိုင်းမှာ မောင်ဖြစ်သူက တစ်ခြမ်းကို ဝယ်ပြီးနေတာ လို့ ပြောပါတယ်။ တရားဝင်တော့ ခွဲစိတ်မထားရသေးဘူး”

“သူငယ်ချင်းဝယ်မယ့်အပိုင်း က ဘယ်အပိုင်းလဲ”

“မောင်ဖြစ်သူနေတဲ့ အပိုင်းပါ”

“အစ်မဖြစ်သူက မြေတစ်ကွက်လုံးကို ဝယ်ထားတယ်ဆိုတော့ စာချုပ်စာတမ်း မှတ်ပုံတင်စာချုပ်နဲ့ ဝယ်ထားတာလား”

“အရပ်စာချုပ်နဲ့ ဝယ်ခဲ့တာလို့ ပြောတယ်။ ဒါကြောင့် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာသိချင်လို့”

“တစ်ခုရှိတာက အစ်မဖြစ်တဲ့ သူကဘာပြောသေးလဲ။ မောင်ဖြစ်သူနဲ့ အိမ်မြေတစ်ခြမ်းအရောင်းအဝယ် စာချုပ်ရှိသလား။ ဒါကတော့ အရေးကြီးလာတယ်”

“အခုအဲဒီမှာ အခက်အခဲဖြစ်နေတာပဲ။ အစကတော့ ပြဿနာမရှိဘူး။ နှစ်ဦးသဘောတူခွဲစိတ်နေတာ ခုနစ်နှစ်ခန့်ရှိပြီပြောတယ်”

“ကန့်ကွက်တဲ့သူ ပေါ်လာလို့ လား”

“အစ်မဖြစ်သူက မောင်ဖြစ်သူကို ရောင်းထားတာမဟုတ်ဘူး။ ခွင့်ပြု ချက်နဲ့ ခေါ်ထားတာလို့ ပြောတယ်”

“ကိုယ့်ဘက်က ဝယ်ထားပါတယ်ဆိုတဲ့ အထောက်အထားမရှိတော့ အခက်အခဲရှိသွားတာပေါ့”

“အမှန်တကယ်ရောင်းထားတယ်ဆိုရင် ဝယ်လို့ဖြစ်တယ် မဟုတ်လား”

“တစ်ယောက်တစ်ခြမ်းစီ ဝယ်ထားတယ်ဆိုရင်တော့ ပြဿနာမရှိနိုင်ဘူး။ ဒါပေမယ့် အမည်ပေါက် တရားဝင်ခွဲစိတ်ဖို့ကတော့ အဆင့်ဆင့်တွေ့ရတယ်”

“တကယ်လို့ ဝယ်ဖြစ်ရင် အိမ်ကအခန်းသဘောမျိုးကန့်ထားတော့ အလယ်ကခြမ်းပြီး ခေါင်မိုးအထိ ဖျက်ဆောက်ရမယ့်သဘော ရှိနေတယ်။ အဲဒါဖြစ်နိုင်ပါ့မလား”

“အစ်မဖြစ်သူက သဘောတူရင်တော့ ဖြစ်ပါတယ်။ သူငယ်ချင်းကို ရှင်းအောင်ပြောရမယ်ဆိုရင် တရား ရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးအောင် ဝင်းပါ (၃) နှင့် ဦးကျော်ညွှန့် ၂ဝဝ၅ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၁၃ အမှုမှာ ပူးတွဲပိုင်ရှင်နှစ်ဦးက အဆောက်အအုံကို တောင်ဘက်ခြမ်း၊ မြောက်ဘက်ခြမ်း သီးခြားပိုင်းခြား၍ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ ပစ္စည်းခွဲဝေခြင်းကိုစာဖြင့် ရေးသားရန်လိုအပ်ကြောင်း ပြဋ္ဌာန်းချက်မရှိ၍ နှုတ်ဖြင့် သဘောတူ ဆောင်ရွက်နိုင်သည်။ အချင်းဖြစ်နေအိမ်တွင် နှစ်ဦးသဘောတူ သီးသီးခြားခြားနေထိုင် ပြုမူပုံကို ထောက်ရှုပါက ၄င်းတို့ ပိုင်ဆိုင်သည့် နေအိမ်တွင် ၄င်းတို့၏ အကျိုးခံစားခွင့်ကို အပြီးအပြတ်ခွဲဝေပြီးဖြစ်သည်ဟု ကောက်ယူရမည်။ ထို့ကြောင့် မိမိနေ ထိုင်ရာအပိုင်းကို လွှဲပြောင်းရောင်းချ ခွင့်ရှိသည်ဟု ဆုံးဖြတ်ထားတာတွေ့ရ ပါတယ်”

“သူငယ်ချင်းရဲ့ ပြောစကားအရဆိုရင် မောင်ဖြစ်သူက အမှန်တကယ်ဝယ်ယူထားရင်တော့ သီးခြားခွဲခြမ်း နေထိုင်တာမို့ ရောင်းပိုင်ခွင့်ရှိတယ်ပေါ့”

“မှန်ပါတယ်။ ဒါပေမယ့် အခုကိစ္စမှာ အစ်မဖြစ်သူက ရောင်းထားတာ မဟုတ်ဘူး။ ခွင့်ပြုချက်နဲ့ထား တာပါဆိုတော့ အငြင်းပွားစရာဖြစ်လာပြီ”

“အစ်မဖြစ်သူက မောင်ဖြစ်သူကို တရားစွဲပြီး နှင်ချနိုင်တယ်ပေါ့”

“အမှုအခင်းဖြစ်လာနိုင်တယ်လို့ ပြောရမှာပဲ။ ဖြစ်နိုင်ရင်တော့ မဝယ်တာကောင်းမယ်ထင်တယ်”

“ညှိနှိုင်းပေးတဲ့သူပြောစကား အရတော့ အစ်မဖြစ်သူကို ရောင်းဖိုး ငွေတစ်စိတ်တစ်ပိုင်း ခွဲဝေပေးရင် ဖြစ်နိုင်တယ်လို့ ပြောတယ်။ အဲဒါ ကော ဖြစ်နိုင်ပါသလား”

“ဒါကတော့ နှစ်ဦးသဘောတူ ရင် ဖြစ်နိုင်ပါတယ်။ အိမ်နဲ့ မြေက အစ်မဖြစ်သူနဲ့ တစ်ဆက်တည်းဖြစ် နေတော့ အစ်မဖြစ်သူရဲ့ သဘောတူ ညီမှုတော့ လိုတာပေါ့။ ဝယ်တဲ့သူက အိမ်ကို တစ်ပိုင်းဖြတ်ဆောက်ရင်၊ အကာအရံကအစ ပြန်လည် လုပ် ပေးရမယ့်သဘော ရှိတယ်”

“ဝယ်ဖြစ်ရင်လည်း မြေအမည် ပေါက်ရဖို့က ဘယ်လို ဆောင်ရွက်ရမလဲ”

“နှစ်ဦးလုံးက အရပ်စာချုပ်နဲ့ ဆိုတော့ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုပေးဖို့ မြေဂရန်အမည် ပေါက်သူနဲ့ ရောင်းသူအပေါ် တရားစွဲဆိုရပါမယ်။ ရုံးတော်ကခွင့်ပြုရင်ရောင်းသူနဲ့ ဝယ်သူမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်မှတ်ပုံတင် စာချုပ်ချုပ်ရမယ်။ ပြီးရင်မြေကွက်ကို ပေ ၂ဝ x ပေ ၆ဝ တရားဝင်ခွဲစိတ်ရမယ်။ မြေကွက်ခွဲစိတ်ပြီးမှ ဝယ်သူရဲ့အမည်ကို ပြောင်းပေးဖို့ လျှောက်ထားရမယ်။ အဲဒါမှ ပေ ၂ဝ x ပေ ၆ဝ ဂရန်အသစ်ကို ဝယ်သူရဲ့ အမည်နဲ့ ထုတ်ပေးမှာဖြစ်တယ်”

“ဒီလို အဆင့်ဆင့်လုပ်ရမှာကို သူငယ်ချင်းရှင်းပြလို့ သိရတဲ့အတွက် အထူးကျေးဇူးတင်တယ် သူငယ်ချင်း” ဟု ပြောကာ ဆွေးနွေးခကို အတင်းပေး၍ ထွက်သွားပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်