စရန်ငွေပေးပြီး တိုက်ခန်းတွင် ဝင်ရောက်နေထိုင်‌‌ခွင့်ပြုတော့မည်ဆိုလျှင်

စာရေးသူရုံးခန်းသို့ ရောက်သည့်အခါ ကြိုတင်ဖုန်းဆက်ထားသော အမျိုးသမီးနှင့်အဖော်ဖြစ်သူ အခြား အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကဖြစ်သည်။ စာရေးသူ၏ စျေးကွက်ဂျာနယ်ပါ အိမ်ခြံမြေဆောင်းပါးများကို ဖတ်ဖြစ်ကြောင်း၊ စာဖတ်ပရိသတ်တစ်ဦးဖြစ် ကြောင်း မိတ်ဆက်ကာ အမျိုးသမီးတစ်ဦး ဖုန်းဖြင့် ဆက်သွယ်လာပါသည်။

စာရေးသူက ဆွေးနွေးလိုလျှင် မိမိ၏ရုံးခန်းသို့ လာရောက်နိုင်ကြောင်း ရုံးခန်းလိပ်စာကို ပေးလိုက်သဖြင့် ကြိုတင်အကြောင်းကြား ရောက်လာကြခြင်းဖြစ်ပေသည်။

“တစ်နေ့က ဖုန်းနဲ့ ဆွေးနွေးရ တော့ မရှင်းလင်းဘူူးဖြစ်နေတယ်။ ဒီက ညီမအနေနဲ့ တိုက်ခန်းရောင်းမှာလား၊ ဝယ်မှာလား”

“ရောင်းမှာပါဆရာ”

“အင်း၊ အမွေဆိုင်အိမ်ဖြစ်နေလို့လား”

“အဲဒီလိုမဟုတ်ဘူးဆရာ။ ကျွန်မတို့ ညီအစ်မက မြေရှင်တွေပါ”ဟုပါလာသည့် အဖော်အမျိုးသမီးဘက်လှည့်၍ မိတ်ဆက်သည့်သဘော ပြောပါသည်။

“တိုက်ခန်းက လက်ရှိမိမိတို့ ကိုယ်တိုင်နေထိုင်ကြသလား”

“တိုက်သစ်ပါဆရာ။ ကန်ထ ရိုက်တိုက်ဆောက်လိုက်တာ ကျွန်မတို့ က လေးခန်းနဲ့ အလိုက် ငွေရပါတယ်။ ဘယ်သူမှ မနေရသေးပါဘူး။ အခု ကျွန်မတို့ရတဲ့ တိုက်ခန်းတစ်ခန်းကို ရောင်းဖို့ပါ ဆရာ”

“ကဲ-ပြောပါဦး ဝယ်သူက ဘာ အခက်အခဲပေါ်နေလို့လဲ”

“ဝယ်သူက သုံးရစ်ခွဲပေးမယ်။ သုံးလပိုင်း၊ ငါးလပိုင်းခြားပြီး ငွေသွင်းသွားမယ်ပေါ့”

“ဒီတော့ သဘောတူလိုက်သလား၊ စာချုပ်ချုပ်ပြီးပြီလား”

“စာချုပ်လည်း မချုပ်ရသေးဘူး။ ငွေလည်း လက်ခံမရသေးပါဘူး။ ဘယ်လို အခြေအနေဆိုရင် ကောင်းမလဲဆိုတာ အကြံတောင်း တာပါ ဆရာ”

“ပထမအရစ်က ဘယ်လောက်ပေးမယ်ပြောသလဲ။ ငွေကြေဖို့က ရှစ်လတောင်ကြာမယ်ဆိုတော့ စဉ်းစား စရာဖြစ်နေတယ်”

“သူတို့ အခုနေတဲ့ အိမ်က ငှားနေတာဆိုတော့ စပေါ်ငွေက နောက် နှစ်မှရမှာပြောတယ်။ ဒါကြောင့် ပထမအရစ်အနေနဲ့ ကျပ်သိန်း ၁ဝဝ ပေးထားမယ်။ စပေါ်ငွေရရင် ကျပ်သိန်း ၂ဝဝ ထပ်ပေးမယ်။ ကျန်ငွေကျပ်သိန်း ၂ဝဝ ကိုတော့ နောက်သုံးလ ဒါမှမဟုတ် ငါးလဆိုင်း ပေး မယ်ပြောပါတယ်”

“တစ်ခုတော့ရှိတယ်။ ကာလရှည် ငွေချေတဲ့ကိစ္စဆိုတော့ ဝယ်သူက ဒီကာလအတွင်း အကျိုးအမြတ်ရရင် အခြားသူတစ်ဦးကို လက်လွှဲရောင်းချတာမျိုးတော့ ရှိတတ်တယ်။ ဒါကြောင့် တချို့ကလည်း စရန်ငွေအဖြစ် တိုက်ခန်းတန်ဖိုး၏ ထက်ဝက် ငွေကြေးကို ရယူထားကြတယ်”

“ခက်တာက ဆရာ၊ သူစပေါ်ငွေရပြီး ဒုတိယအရစ်ငွေချေတဲ့အခါ ကျန်နောက်ဆုံးရစ်ကာလ သုံးလကျန် တယ်ဆိုပါတော့ ဆရာရယ်။ အဲဒီသုံးလကာလအတွက် အပြင်မှာ ငှားနေရမှာချင်းအတူတူ အခုစရန်ငွေပေးတဲ့ တိုက်ခန်းမှာပဲ လခနဲ့ နေပါရစေလို့ ပြောတယ် ဆရာ။ အဲဒါထုံးစံ ရှိပါသလား”

“အချို့လည်း စရန်ငွေရထားပြီး အဆောက်အအုံပေါ်တက်နေခွင့်ပြု တာတွေလည်းရှိပါတယ်။ တစ်ခုရှိတာက အဆောက်အအုံဝယ်သူမှာ ငွေမကျေမီ အဆောက်အအုံကို လက်ဝယ်ရထားတော့ သတ်မှတ်ရက်အတွင်း ရောင်းဖိုးငွေကို အကျေမပေးသွင်းဘဲ ရက်ရွှေ့ဆိုင်းသွားတာမျိုး မကြာခဏတွေ့နေရတယ်”

“ငွေအကျေမပေးရင် ဘယ်လို လုပ်မလဲဆရာ”

“ကတိအတိုင်း ဆောင်ရွက်ပေးစေလိုမှုဆိုပြီး သတ်မှတ်ရက်ကျော်လွန်သည့်တိုင် မပေးသေးတဲ့ ရောင်း ဖိုးငွေရလိုမှုအဖြစ် တရားရုံးမှာ တရားစွဲဆိုတောင်းခံရမှာဖြစ်တယ်”

“တရားစွဲဆိုရမယ်ဆိုရင် တရား မမှုပေါ့နော် ဆရာ”

“ဟုတ်ပါတယ်”

“တရားမမှုဆိုရင်တော့ တစ်နှစ်၊ နှစ်နှစ်ကျော်ကြာတယ်ပြောတယ် ဆရာ။ မိမိပစ္စည်းနဲ့မိမိ ဒုက္ခရောက်တာမျိုး ဖြစ်နေပါမယ်”

“ဟုတ်ပါတယ်။ ဒါကြောင့် ငွေ အကျေရမှ အဆောက်အအုံကို လက်ဝယ်အပ်ကြတာဖြစ်ပါတယ်”

“အခုလို ငွေမကျေသေးတဲ့ ကာလမှာ အိမ်လခပေးပြီးနေမယ်ဆို ရင် ဘယ်လိုဖြစ်နိုင်သလဲ”

“တိုက်ခန်းကတော့ အရေးကြီး တယ်။ မြေဆိုရင်တော့ စာချုပ်စာ တမ်းရုံးမှာ မှတ်ပုံတင်အရောင်းအဝယ် စာချုပ် ချုပ်ဆိုပြီးမြောက်မှသာ အရောင်းအဝယ်ဟာ တရားဝင်ဖြစ်တယ်။ အဲဒီအချိန်မှဝယ်သူဟာ ဥပဒေအရ အဆောက်အအုံရဲ့ ပိုင်ရှင်ဖြစ်လာမှာဖြစ်တယ်။ တိုက်ခန်းတွေမှာက အရပ်ကတိစာချုပ်ဆိုတော့ သတိပြုဖို့လိုပါတယ်”

“နှစ်ချုပ်နဲ့ငှားရင် ဘယ်လို အခက်အခဲရှိနိုင်သလဲ ဆရာ”

“အိမ်လခယူထားတယ်ဆို တော့ သတ်မှတ်ရက်အတွင်း ရောင်းဖိုးကျန်ငွေ မပေးသွင်းနိုင်ရင် အိမ်ငှားအဖြစ် ဆက်လက်နေထိုင်ခွင့်ပြုပါဆိုပြီး တိုက်ခန်းမှာဆက်နေတာမျိုးလည်းရှိနိုင်တယ်။ တိုက်ခန်းပိုင်ရှင်ကလည်း အိမ်ငှားရမ်းခရနေတာပဲ ဆိုပြီး လောဘစိတ်နဲ့ ဆက်ထားတာလည်းရှိတယ်”

“အချို့ကပြောတော့ အိမ်လခနဲ့ ခုနှိမ်လိုက်ရတာလည်းရှိတယ်လို့ ပြောတယ်”

“ဒါလည်း ဖြစ်နိုင်တာပဲ။ ဝယ်သူက တိုက်ခန်းလက်ဝယ်ရရှိနေပြီဆို တော့ ရောင်းသူက ရောင်းဖိုးကျန်ငွေ ကို တရားစွဲမတောင်းချင်လို့ ပြဿနာမရှိအောင် ညှိနှိုင်းလိုက်တာလည်း ဖြစ်နိုင်ပါတယ်”

“ငွေအကျေချေမှ တိုက်ခန်း လက်ရောက်အပ်တာ အကောင်းဆုံးပေါ့နော်”

“မှန်ပါတယ်။ အတွေ့အကြုံ တစ်ခုကို ပြောရမယ်ဆိုရင် တိုက်ခန်းဝယ်ထားသူတစ်ဦးက ငွေအကျေပေး ပြီးပြီဆိုကာ တိုက်ခန်းရဲ့ သော့ကို ဖျက်ဝင်နေလို့ ရောင်းသူက ငွေမကျေသေးဘူးဆိုပြီး တရားစွဲဆိုထားတဲ့ အမှုအခင်းတွေလည်းရှိတယ်။ ဒါကြောင့်မို့ တိုက်ခန်းကို အိမ်ငှားထားမယ်၊ ရောင်းမယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စာချုပ်ချုပ်ဆိုတာ အကောင်းဆုံးဖြစ်တယ်။ ပြဿနာမှုခင်း တစ်စုံတစ်ရာ ဖြစ်ခဲ့ရင်လည်း အာဏာပိုင်အဖွဲ့ အစည်းရှေ့မှာ ချုပ်ဆိုတဲ့ ကတိစာချုပ် ဖြစ်တာကြောင့် ဥပဒေအရ အမှန်လို့ သတ်မှတ်ထားတဲ့ စာချုပ်တွေဖြစ်တယ်”ဟု အကြံပြုဆွေးေနွေးလိုက်ပါသည်။

Credit to: ‌ဈေးကွက်ဂျာနယ်