ကိတ္တိမသားသမီးသည် မွေးစားမိဘထံမှ သြရသ သားသမီးအဖြစ် မရနိုင်
“စာရေးသူ ရုံးခန်းသို့ ရောက်သည့်အခါ မိတ်ဆွေတစ်ဦးက လမ်းညွှန်လိုက်သည် ဟုဆိုပြီး ဧည့်သည် တစ်ဦးရောက်နှင့်နေပါသည်။
“ထိုင်ပါခင်ဗျား-ဘာများ အခက်အခဲတွေ့နေလို့ပါလဲ”
“ဒီလိုပါဆရာ၊ ကျွန်တော်က ဆရာ့ရဲ့ စာဖတ်ပရိသတ်တစ်ဦးလည်း ဖြစ်ပါတယ်။ အခုမြေကွက် တစ်ကွက်ဝယ်ဖို့ စုံစမ်းလိုက်တော့ ကန့်ကွက်တဲ့သူရှိနေလို့ ဆရာ”
“ဘယ်လို ကန့်ကွက်တာပါလဲ၊ မြေကွက်အမည်ပေါက်နဲ့ ဘယ်လိုဆက်စပ်မှုရှိသလဲ၊ ရောင်းမယ့်သူနဲ့က ဘယ်လို ပတ်သက်နေပါသလဲ”
“ကန့်ကွက်တယ်ဆိုပေမယ့် တရားဝင်အတိအကျတော့ ကန့်ကွက်တာ မဟုတ်သေးဘူးဆရာ။ ရောင်းသူကလည်း ဒီကိစ္စကို ဘာမှမပြောဘူး။ အကျိုးဆောင် လုပ်ပေးတဲ့ မိန်းကလေးက ပြန်ပြောပြတာပါ”
“ကျွန်တော် နည်းနည်းမေးမယ်နော်”
“ဟုတ်ကဲ့ မေးပါဆရာ”
“အခု မြေကွက်က ပါမစ်မြေကွက်လား၊ ဂရန်မြေကွက်လား၊ ဘယ်မြို့နယ်မှာလဲ”
“ဒဂုံမြို့သစ် အရှေ့ကပါ ဆရာ၊ ဂရန်အမည်ပေါက်မြေကွက်ပါပဲ”
“အခုရောင်းမယ်ဆိုတဲ့ သူက ဂရန်အမည်ပေါက်သူလား”
“ဟုတ်တယ်ဆရာ၊ မိဘတွေ အမည်ပေါက်”
“မိဘတွေ အမည်ပေါက်ဆိုတော့ အခုရောင်းမယ့်သူက သား သမီးတွေလား”
“အစကတော့ အဘွားကြီးမှာ သားတစ်ယောက်ရှိတယ်။ အဘိုးကြီး ကွယ်လွန်သွားတော့ သားအမိနှစ် ယောက်ထဲမို့ မြေကွက်နဲ့အိမ်ကိုရောင်းပြီး သင့်တင့်တဲ့ မြေနဲ့အိမ်ကို ဝယ်နေမယ်၊ ကျန်ငွေကို စီးပွားရေးလုပ်မယ်လို့ စဉ်းစားခဲ့တယ် ပြောပါတယ်”
“ဂရန်မှာတော့ အဘိုးကြီး၊ အဘွားကြီး လင်မယားနှစ်ယောက် အမည်ပေါက်ဖြစ်မှာပေ့ါ၊ ဟုတ်တယ် မဟုတ်လား”
“ဟုတ်ပါတယ် ဆရာ၊ သားကလည်း ဒီတစ်ယောက်တည်းရှိတယ်။ အတူလည်း နေတယ်။ အိမ်ထောင်လည်း မပြုထားတော့ ပိုင်ဆိုင်မှုရှင်းတယ်ဆိုပြီး ဝယ်ဖို့ဆုံးဖြတ်ခဲ့တယ်ဆရာ”
“ဒါနဲ့ စရန်ပေးမယ့် ရက်သတ်မှတ်ပြီး စရန်ပေးလိုက်ပြီပေါ့”
“ဆရာပြောသလို စရန်ပေးရက်သတ်မှတ်ပြီး အဲဒီရက်မှာ ကျွန်တော်ရယ်၊ အိမ်ပွဲစား အမျိုးသမီးရယ်၊ ကျွန်တော့်ဇနီးရယ် သွားခဲ့ပါတယ်။ အဘွားကြီးက တစ်ပတ်လောက် စောင့်ပါဦး၊ ရောင်းသင့်မရောင်းသင့် စဉ်းစားစရာကိစ္စလေးပေါ်လာလို့ပါဆိုပြီး ရက်နောက်ဆုတ်လိုက်ရတယ်”
“ဒီရက်အတွင်း မစုံစမ်းဖြစ်ဘူးလား”
“စုံစမ်းပါတယ်ဆရာ၊ ပွဲစားလုပ်ပေးတဲ့ အမျိုးသမီးဆီက သိရတာကတော့ အဘိုးကြီးနဲ့ အဘွားကြီးမှာ မွေးစားသားတစ်ဦးရှိသေးတယ်လို့ ပြောပါတယ်”
“အစောကပြောတဲ့ ကန့်ကွက်သူဖြစ်နိုင်တာပေါ့”
“ဟုတ်ကဲ့ ဆရာ”
“အင်း၊ မွေးစားတယ်ဆိုတာက ဘယ်လိုမွေးစားတာလဲ၊ ကိတ္တိမမွေးစား စာချုပ်နဲ့ မွေးစားတာလား၊ ကောက်ယူမွေးစားတာလား၊ ဘာသိသေးသလဲ”
“အဘိုးကြီး၊ အဘွားကြီးက သားသမီးမရတာ ငါးနှစ်နီးပါးရှိတာနဲ့ သားတစ်ယောက်ကို မွေးစားစာချုပ်နဲ့ မွေးစားခဲ့တယ်လို့သိရပါတယ်”
“ဘယ်သူက ပြောတာလဲ”
“အစကတော့ ပွဲစားအမျိုးသမီးက အဘွားကြီးနဲ့ ဆွေမျိုးတော်စပ်သူထံ သွားရောက်စုံစမ်းတယ်ပြောတယ်။ နောက်တော့ အဘွားကြီးကိုယ်တိုင်က သူ့ကိုဖွင့်ပြောပြီး အဲဒီမွေးစားသားက အိမ်ရောင်းရငွေရဲ့ လေးပုံတစ်ပုံ ပေးရမယ်လို့တောင်းတယ်။ ဒါကြောင့် အရောင်းအဝယ်ရပ်ဆိုင်း ထားရကြောင်း ပြောပြတယ်လို့ ဆိုပါ တယ်”
“လက်ရှိအတူနေ သားတစ်ယောက်ရှိတယ်ဆို၊ သူကလည်း မွေးစားသားပဲလား”
“မဟုတ်ဘူးဆရာ၊ သူက သားအရင်းလို့ပြောတယ်”
“ကဲ-ပြောပါဦး၊ ဇာတ်လမ်းလေးကို”
“ဒီလို ဆရာ၊ ပထမသားကို အမွေစားအမွေခံသားသမီးအဖြစ် မွေးစားပြီးနောက်မှ အဘွားကြီးမှာ ကိုယ်ဝန်ရှိလာပြီး အခုလက်ရှိအတူနေသားကို မွေးဖွားခဲ့တာလို့ သိရပါ တယ်”
“ဖြစ်တတ်ပါတယ်လေ၊ မွေးစားပြီး နောက်ပိုင်းမှ ကလေးနှစ်ယောက် သုံးယောက် မွေးဖွားတဲ့ အဖြစ် အပျက်တွေလည်းရှိပါတယ်။ ဟုတ်ပြီ မွေးစားသားက သြရသသားပါ ဆိုပြီး အမွေတောင်းတာဖြစ်မယ်”
“ဟုတ်တယ် ဆရာ၊ ကျွန်တော် သေချာမပြောတတ်လို့၊ သူက သားအကြီးဆုံးဖြစ်လို့ ဖခင်ကွယ်လွန်ရင် အမွေတောင်းခွင့်ရှိတယ်ဆိုပြီး ပြောတာသိရပါတယ်။ ဒါကြောင့် ဥပဒေ အရ ဘယ်လိုဖြစ်နိုင်သလဲ၊ ဝယ်ရင် အဆင်ပြေပါ့မလား သိချင်လို့ပါ ဆရာ”
“ဥပဒေအရတော့ ကိတ္တိမမွေးစားသားသမီးတွေဟာ သားရင်း၊ သမီးရင်းတို့နဲ့ တန်းတူ အခွင့်အရေး ရတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ တစ်နည်းအားဖြင့် ပြောရရင် သားရင်း၊ သမီးရင်းတို့နဲ့အတူ အမွေစားအမွေခံဖြစ်တဲ့အတွက် မွေးစားမိဘများ ကွယ်လွန်ရင် ကိတ္တိမသားသမီးတွေဟာ သားရင်းသမီးရင်းတို့နဲ့အတူ အမွေဆက်ခံခွင့်ရှိမှာဖြစ်တယ်”
“ဆရာ ပြောတဲ့ သြရသဆိုတာက”
“မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သြရသသားသမီးဆိုတာ တရားဝင်သားသမီးဖြစ်ပြီး သားရင်း၊ သမီး ရင်းဖြစ်ရပါမယ်။ အဦးဆုံးမွေးတဲ့ သားသမီးဖြစ်ကာ သားဖြစ်လျှင် အဖ မကွယ်လွန်မီ၊ သမီးဖြစ်လျှင် အမိမကွယ်လွန်မီ အသက် ၁၈ နှစ် ပြည့်ရမယ်လို့ အဓိကအချက်တွေရှိတယ်”
“ဒါဆိုရင် အခုကိစ္စမှာ မွေးစားသားက အကြီးဆုံးသားဖြစ်လို့ သြရသသားအဖြစ် အမွေတောင်း တာပေါ့နော်”
“မှန်ပါတယ်။ သြရသသားဖြစ် ကြာင်း ဥပဒေအရ ဘောင်ဝင်ရင်တော့ အဖေသေရင် သြရသသား ည် အမွေ၏ လးပုံတစ်ပုံရခွင့်ရှိ တဲ့အတွက် တောင်းဆိုကြည့်တာဖြစ်မယ်။ အမှန်တော့ “ကိတ္တိမမွေးစား သားသမီးများသည် မည်သည့်အကြောင်းနှင့်မျှ သြရသအဖြစ် မရနိုင်ဟု ဥပဒေအရ ပိတ်ပင်ထားတယ်။ တရားရုံးချုပ်က ဆုံးဖြတ်တဲ့ ဒေါ်နှင်းရှိန်နှင့် ဒေါ်ကန် ၁၉၇၈၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၆၂ မှာ ဆုံးဖြတ်ထားတာလည်းရှိတယ်။ ဒါကြောင့် မိခင်အသက် ထင်ရှားရှိစဉ်မှာ မွေးစားမိခင်က ရောင်းပိုင်ခွင့်ရှိမှာဖြစ်တယ်”လို့ ရှင်း ပြဆွေးနွေးလိုက်ပါသည်။
Credit to: ဈေးကွက်ဂျာနယ်