နှစ်ဦးအမည်နှင့် ဝယ်ထားသည့် အိမ်ခြံမြေ တိုက်ခန်းကို ဝယ်မည်ဆိုလျှင်

“ဖခင်နှင့် သမီးနှစ်ဦးအမည်နဲ့ ဝယ်ထားတဲ့ တိုက်ခန်းကို သမီးက ရောင်းရင်ဖြစ်ပါသလား”ဟု မိတ်ဆွေ တစ်ဦးက ဆွေးနွေးလာပါသည်။

“သာမန်အားဖြင့်တော့ ပြဿနာမဖြစ်နိုင်ဘူးလို့ တွေ့ရပေမယ့် သမီးဖြစ်သူက အိမ်ထောင်ကွဲလား၊ ဖခင်မှာ သားသမီးဘယ်နှယောက်ရှိသ လဲဆိုတာတွေက ဆက်စပ်မှုဖြစ်လာတယ်။ အခုကိစ္စက သမီးဖြစ်သူက ဖခင်မသိအောင် ရောင်းမှာလား”

“ဖခင်က ကွယ်လွန်သွားပြီ။ ဒါ ကြောင့် သမီးဖြစ်သူက ပြန်ရောင်းမှာ”

“ဒါဆိုရင်တော့ ဥပဒေအရ ကြည့်မယ်ဆိုရင် စဉ်းစားစရာဖြစ်လာပြီ”

“သမီးဖြစ်သူကလည်း အိမ်ထောင်ရှိတယ်လို့ပြောတယ်။ မောင်နှမဘယ်နှယောက်ရှိတယ်လို့တော့ မမေးလိုက်မိဘူး”

“ဖခင်က ကွယ်လွန်သွားပြီဆိုတော့ အမွေဆိုင် အိမ်သဘောမျိုးဖြစ်လာနိုင်တယ်။ မိခင်ကရှိသေးလား။ ကွယ်လွန်သွားပြီလား”

“ဖခင်က နောက်အိမ်ထောင်ပြု ထားတယ်လို့ပြောတယ်။ ပထမဇနီး ကွယ်လွန်ပြီး မကြာမီပဲ အိမ်ထောင် ထပ်ပြုတယ်လို့ ပြောပါတယ်”

“ဒါဆိုရင်တော့ နောက်ဇနီးက ကန့်ကွက်မှာပေါ့”

“ဟုတ်တယ် သူငယ်ချင်း။ အခုစရန်ငွေပေးပြီး သတင်းစာထဲ ထည့်လိုက်မှ ကန့်ကွက်သူပေါ်လာတာပဲ။ ဒါကြောင့် ဘာဆက်လုပ်ရင်ကောင်း မလဲလို့ လာဆွေးနွေးတာ”

“ဥပဒေအရ ပြောရရင် အကြောင်းအရာက နှစ်ပိုင်းဖြစ်နေတယ် သူငယ်ချင်း။ ဦးစွာပြောရရင် ပထမတစ်ပိုင်းကတော့ မိရင်း၊ ဖရင်း ကွယ်လွန်တဲ့အတွက် ကျန်တဲ့သားသမီးတွေက မိထွေးနဲ့ အမွေခွဲဝေရပိုင် ခွင့်အပိုင်းဖြစ်တယ်”

“ဒါဆို ဒီတိုက်ခန်းက အမွေဆိုင် ပစ္စည်းထဲပါသွားမှာပေါ့”

“ဖခင်အနေနဲ့ မိရင်းသေဆုံးစဉ်က ကျန်ရှိတဲ့ ပစ္စည်းတွေအပေါ် သားသမီးတွေကို အမွေခွဲမပေးခဲ့ရင် တော့ ဖခင်ကွယ်လွန်တဲ့အချိန်မှာ ဖခင်နဲ့ နောက်အိမ်ထောင်လက်ထက်ပွား ပစ္စည်းအပါအဝင် မိခင်ပိုင် ဝေစု ကို တောင်းဆိုခွင့်ရှိတယ်။ ဒါကြောင့် အဲဒီ တိုက်ခန်းတစ်ခုတည်းသာမဟုတ်ဘဲ အခြားပစ္စည်းတွေ ကျန်ရှိ နေရင် သားသမီးအားလုံးက အမွေပစ္စည်းအဖြစ် အမွေတောင်းခွင့်ရှိလာမှာဖြစ်တယ်”

“သမီးဖြစ်သူက တစ်စိတ်တစ် ပိုင်းငွေထည့်ဝင်ဝယ်ထားမယ်ဆိုရင် ဘယ်လိုဖြစ်နိုင်ပါသလဲ”

“ဒါကတော့ မိမိပိုင်ငွေ ထည့် ဝင်ထားကြောင်း အထောက်အထား ပြနိုင်ရင်ပိုပြီး အဆင်ပြေတာပေါ့”

“ဥပဒေအရ ပူးတွဲအမည်ပေါက် ဆိုရင် ပိုင်ဆိုင်မှုက ဘယ်လို ဖြစ်နိုင်ပါသလဲ”

“ဥပဒေအရဆိုရင်တော့ နှစ်ဦး ပိုင် ပစ္စည်းကို တစ်ဦးတည်း သဘောဖြင့် မရောင်းနိုင်လို့ ပြဋ္ဌာန်းထား တယ်”

“ဒါဆိုရင် အခုကိစ္စမှာ သမီးဖြစ် သူက ရောင်းပိုင်ခွင့်မရှိဘူးပေါ့”

“မှန်ပါတယ်။ တစ်ဦးတည်း ရောင်းပြီး ရောင်းဖိုးငွေအားလုံးရပိုင် ခွင့် မရှိဘူးလို့ ဆိုရမယ်”

“သမီးဖြစ်သူက ငွေစိုက်ထုတ် ထားသည့်တိုင် ဖခင်ရဲ့ ဝေစုအပိုင်း ကို ရပိုင်ခွင့်မရှိဘူးပေါ့”

“အခုကိစ္စက ဇနီးသည်ရှိနေ သေးတယ်ဆိုတော့ ဖခင်ရဲ့ဝေစုဟာ နောက်အိမ်ထောင် ဇနီးဆီရောက် သွားမှာဖြစ်တယ် သူငယ်ချင်း။ တရား ရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးစိုးညွှန့် နှင့် ဒေါ်ကြည်ကြည် ၂ဝ၁၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက် နှာ – ၂၁၄ မှာ အရောင်းအဝယ်စာ ချုပ်တွင် ဝယ်သူနှစ်ဦး အမည်ပေါက် ၍ မည်မျှအကျိုးသက်ဆိုင်သည်။ အချိုးကျငွေမည်မျှစိုက်သည်ဟု မဖော်ပြလျှင် ၄င်းတို့ဝယ်ယူသည့် ပစ္စည်း အပေါ် ညီတူညီမျှ အကျိုးခံစား ပိုင်ဆိုင်သည်လို့ ဆုံးဖြတ်ထားပါတယ်”

“ဒီတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက် အရဆိုရင်တော့ တိုက်ခန်းတန်ဖိုးကို သမီးကတစ်ဝက်၊ ဖခင်ကတစ်ဝက် ပိုင်ဆိုင်တဲ့ သဘောပေါ့နော်။ ဒါဆို ဖခင်ရဲ့ ဝေစုကို ဇနီးက ရပိုင်ခွင့်ရှိမှာပေါ့”

“ဥပဒေအရ တိတိကျကျပြောရရင်တော့ လက်ရှိဇနီးသည်ကလည်း ရပိုင်ခွင့်ရှိမှာမို့ ကန့်ကွက်ချက်တွေ ဖြစ်လာတာပဲဖြစ်တယ်။ နှစ်ဖက်ညှိနှိုင်းလို့ အဆင်ပြေသွားရင်တော့ အရောင်းအဝယ်ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်”

“အချို့ကပြောတော့ ကွယ်လွန်သူပိုင်ပစ္စည်းကို မိမိပစ္စည်းအဖြစ် အလွဲသုံးစားပြုရောင်းစားခဲ့ရင် ရာဇဝတ်မှုနဲ့ တရားစွဲနိုင်တယ်လို့လည်းပြောကြတယ်။ အဲဒါက ဘယ်လိုကိစ္စမျိုးလဲ အခုကိစ္စက အကျုံးဝင်သလား”

“ရာဇသတ်ကြီး ဥပဒေပုဒ်မ – ၄ဝ၄ မှာတော့ သေသူရဲ့ ကျန်ရစ်ခဲ့တဲ့ပစ္စည်းကို သေသူပိုင်ပစ္စည်းမှန်း သိလျက်နဲ့ ဥပဒေနဲ့အညီ လက်ရှိရ ပိုင်ခွင့်ရှိသူလက်သို့ မရောက်မီ မိမိ ပစ္စည်းအဖြစ် အလွဲသုံးစားပြုလုပ်ရင် သုံးနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်”

“ဝယ်တဲ့သူကမသိဘဲ ဝယ် လိုက်ရင် ဘယ်လိုဖြစ်နိုင်သလဲ”

“ငွေအကြေချေလိုက်ပြီဆိုရင်တော့ အခြေအနေပြောင်းလဲသွားနိုင်တာပေါ့။ အခုကိစ္စက စရန်ပဲ သူငယ် ချင်းပေးရသေးတယ်ဆိုတော့ ညှိနှိုင်းလို့ အဆင်ပြေနိုင်ပါတယ်။ တရားစွဲဆိုရင်လည်း ဝယ်သူအနေနဲ့ သက် ဆိုင်မှုမရှိနိုင်ပါဘူး။ သူငယ်ချင်းကသာ စရန်ပေးစာချုပ်အရ ဆက်လက်ဆောင်ရွက်ဖို့ပဲလိုပါတယ်”ဟု ရှင်းပြ ဆွေးနွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)

Credit to: ‌ဈေးကွက်ဂျာနယ်