အမွေဆိုင်မြေကွက်ကိုခွဲ၍ ရောင်းချခြင်း၊ လှူဒါန်းခြင်း ပြုမည်ဆိုလျှင်
“မြေကွက်တစ်ကွက်ဝယ်ဖို့ သွားစုံစမ်းတော့ ပိုင်ရှင်ကမြေကွက်ကိုခွဲပြီး ရောင်းချင်တယ်။ ကျန်မြေကွက်လပ်ကို ဓမ္မာရုံဆောက်ဖို့ လှူချင်တယ်ပြောတယ်။ ဘယ်လိုဆောင်ရွက်ရင် အဆင်ပြေမလဲလို့ သူငယ်ချင်းဆီလာဆွေးနွေးတာ”
မိတ်ဆွေတစ်ဦးက စာရေးသူထံရောက်လာပြီး ဆွေးနွေးခြင်းဖြစ်သည်။
“မြေကွက်က ပေအကျယ်အဝန်း ဘယ်လောက်ရှိသလဲ”
“ပေ၄ဝxပေ၆ဝ ရှိတယ် သူငယ်ချင်း”
“ပေ၄ဝxပေ၆ဝ ဆိုရင် အတော်ရှားသွားပြီ၊ ဘယ်မြို့နယ်မှာလဲ”
“တောင်ဥက္ကလာပမြို့နယ်မှာပါ”
“အခု ရောင်းမှာက ပေ ၂ဝx ပေ ၆ဝ ကို ခွဲပြီး ရောင်းမယ်၊ ဒီလိုလား”
“ဒီလိုပါဆရာ”ဟု မိတ်ဆွေနှင့် အတူပါလာသည့် လူရွယ်လေးတစ်ဦးက စကားစလိုက်ပါသည်။
“သူက အခုရောင်းမယ်ဆိုတဲ့ အမျိုးသမီးရဲ့ သားအကြီးဆုံး”ဟု မိတ်ဆွေဖြစ်သူက စာရေးသူအား မိတ်ဆက်ပေးပါသည်။
“ကဲ-စကားဆက်ပါဦး”ဟု ကျွန်တော်က လူရွယ်လေးအားပြောလိုက်ပါသည်။
“ယာယီ ဓမ္မာရုံက မူလကတည်းက ရှိနေတာဆရာ၊ အခုအဲဒါကို အမေက တရားဝင်ဖြစ်အောင် လှူချင်တယ်။ ကျန်တဲ့တစ်ခြမ်းကိုတော့ ရောင်းမယ်ပေါ့ ဆရာရယ်”
“ဂရန်မြေပဲလား၊ အမည်ပေါက်က ဘယ်သူလဲ၊ အခု အဲဒီမြေကွက်ထဲမှာ မောင်ရင်တို့ သားအမိ နေကြတာပဲလား”
“မြေကတော့ ဂရန်မြေဖြစ်ပါတယ်။ အမည်ပေါက်ကတော့ ကျွန်တော့်အဘွား အမည်ပေါက်ဖြစ်နေတယ်။ အမေက အမည်မပြောင်းရသေးဘူး။ အခု အဲဒီမြေကွက်ထဲမှာ ကျွန်တော်တို့ မိသားစုနေထိုင်ကြပါတယ်”
“အခု ရောင်းမယ်ဆိုတာက မောင်ရင်တို့နေတဲ့ အိမ်မြေတစ်ခြမ်း ရောင်းမှာပေါ့ ဒီလိုလား”
“ဟုတ်ပါတယ်။ ဒါပေမယ့် ဦးလေးက ကန့်ကွက်နေလို့ ဆရာ”
“ဦးလေးဆိုတာက မောင်ရင့်အမေရဲ့ မောင်ဖြစ်သူကလား၊ မောင်ရင့်အမေ့မှာ မောင်နှမဘယ်နှ ယောက်ရှိသလဲ”
“မောင်နှမ သုံးယောက်ပါ”
“ဒါဆိုရင် နောက်တစ်ယောက်က ဘာပြောသေးသလဲ”
“ဒေါ်ကြီးဖြစ်သူကတော့ ဘာမှမပြောပါဘူး။ အပျိုကြီးဖြစ်ပြီး အမေနဲ့အတူနေတယ် ဆိုတော့ ပြဿနာမရှိ ဘူးပေါ့”
“မောင်ရင့်ပြောစကားအရဆိုရင်တော့ အများအမည်ပေါက်ဖြစ်လို့ အမွေဆိုင်အိမ်ဖြစ်နေတယ်”
“ဒေါ်ကြီးနဲ့ အမေပြောတာကတော့ ဦးလေးကို နေတဲ့အိမ်နဲ့ မြေခွဲပေးထားတယ် ပြောတယ်”
“အမွေခွဲပေးပြီးသားလို့ ပြောတာလား”
“ဟုတ်ပါတယ် ဆရာ။ အဘိုးနဲ့အဘွား မကွယ်လွန်မီကတည်းက ခွဲပေးထားတယ် လို့ ပြောပါတယ်”
“အမွေခွဲဝေတယ်ဆိုတာကလည်း မိသားစုသဘောတူပြုလုပ်ထားတဲ့ အမွေခွဲဝေ ပေးကြောင်း စာချုပ်ရှိဖို့လိုတယ်။ မိသားစုစီမံမှု အမွေခွဲစာချုပ်ရှိမရှိ သိပါသလား”
“အဲဒါတော့ ကျွန်တော် သေချာမသိဘူး”
“အဘိုး၊ အဘွား မကွယ်လွန်မီက မိမိပိုင်ပစ္စည်းများကို သားသမီး သုံးယောက်အား အမွေခွဲဝေပေးကြောင်းဖော်ပြပြီး သားသမီးသုံးဦးလုံးက သဘောတူလက်မှတ်ရေးထိုး ထားကြတဲ့ စာချုပ်စာတမ်းရှိဖို့လိုတယ်။ အဲဒီလို ဦးလေးဖြစ်သူကိုယ်တိုင် သဘောတူထားတဲ့ အမွေခွဲဝေပေးကြောင်း စာချုပ်စာတမ်းမရှိရင်တော့ ဦးလေးဖြစ်သူက ကန့်ကွက် ပိုင်ခွင့်ရှိလာမှာဖြစ်တယ်”
“ကျွန်တော် သေချာမသိဘူး ဆရာ”
“အေး-အခုကိစ္စက အဘွားအမည်ပေါက် မြေကွက်ဖြစ်နေလို့ ပထမဆုံး အမွေခွဲဝေ ပေးပြီးကြောင်း စာချုပ်စာတမ်းရှိမရှိကို အရင်ရှာဖွေကြည့်ရမယ်။ ဒုတိယအချက်က လှူဒါန်းခြင်းကိစ္စ၊ လှူဒါန်းခြင်းဆိုတာ ဥပဒေအရ ပေးကမ်းခြင်းဖြစ်တယ်။ ဒါကြောင့် လှူဒါန်းပေးကမ်းခြင်းဆိုပြီး တွဲဖက်ပြောဆိုသုံးစွဲလေ့ရှိတယ်”
“ဦးလေးက ကန့်ကွက်ထားရင် ဓမ္မာရုံကိုလည်း လှူဒါန်းလို့ မရဘူး ပေါ့”
“ဒီသဘောမျိုးဖြစ်နေတယ်လို့ ပြောရမှာပဲ။ လှူဒါန်းခြင်းဖြစ်တဲ့အတွက် မြေကွက် အကျယ်အဝန်း ဘယ်လောက်ကို ဓမ္မာရုံဆောက်ဖို့ လှူဒါန်းကြောင်း စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ်ပြုလုပ်လှူဒါန်းရမှာဖြစ်ပါတယ်။ ဒါမှ တရားဝင်လှူ ဒါန်းခြင်းဖြစ်မှာ ဖြစ်တယ်”
“အခု ဓမ္မာရုံယာယီဆောက်ထားတဲ့ ကိစ္စတော့ ဦးလေးက ဘာမှမပြောဘူး။ ကျွန်တော်တို့နေတဲ့ အိမ်နဲ့မြေအပိုင်းကို ရောင်းရင်တော့သူလည်း ဝေစုပါတယ်လို့ ကန့်ကွက်နေတယ်ဆရာ”
“ဓမ္မာရုံအပါအဝင် သာသနာရေးကိစ္စအတွက် လှူဒါန်းခြင်းပြုမယ်ဆိုရင်လည်း ပိုင်ဆိုင်ခွင့်ရှိသူ အားလုံးက သဘောတူမှတ်ပုံတင် စာချုပ်ချုပ်ဆိုဖို့လိုတယ်”
“ဓမ္မာရုံအတွက် ဘယ်သူက တာဝန်ယူ လက်ခံစာချုပ် ချုပ်ရပါမလဲ ဆရာ”
“ဓမ္မာရုံ အကျိုးဆောင်အဖွဲ့က တာဝန်ယူလက်ခံသွားရမှာဖြစ်တယ်”
“ဦးလေးက ကန့်ကွက်ရင် ဓမ္မာရုံလှူဖို့ ဘယ်လိုဆောင်ရွက်နိုင်သလဲဆရာ။ အမေက လှူထားခဲ့ချင်တာ”
“ဒါနဲ့ ပတ်သက်လို့ ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးဟန်ထွန်းပါ လေးဦးနှင့် ဦးစံမြပါ ၁၁ ဦး၊ ၁၉၉၈ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၂၈၆ အမှုမှာ မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းကို ဗုဒ္ဓဘာသာ ဓလေ့ထုံးစံ အရ ရဟန်း၊ သာမဏေ၊ ဂိုဏ်း၊ ကျောင်းတိုက်၊ သာသနာရေးဆိုင်ရာ အသင်းအဖွဲ့များအား လှူဒါန်းရာ၌ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်းချုပ်ဆို၍ မှတ် ပုံတင်ခြင်း၊ ဦးပိုင်အမည်ပြောင်းခြင်းတို့ကို ဆောင်ရွက်ရမည်။ မိမိတစ်ဦးတည်း ပိုင်ဆိုင်ခြင်းမရှိသည့် အမွေဆိုင်ပစ္စည်းကို လှူဒါန်းခြင်းသည် ဥပဒေနှင့်အညီ လှူဒါန်းခြင်း မဟုတ် ၍ ပျက်ပြယ်သည်ဟု ဆုံးဖြတ်ထားပါတယ်”
“ဒါဆိုရင် အိမ်မြေလှူဒါန်းမယ်ဆိုရင် စာချုပ်စာတမ်းမှတ်ပုံတင် ချုပ်ဆိုမှ တရားဝင်လှူဒါန်းမှုမြောက်မယ်ပေါ့”
“သူငယ်ချင်းပြောတာမှန်ပါတယ်။ ပြီးတော့ အခုဝယ်မယ်ဆိုတဲ့မြေကို လှူဒါန်းရင်လည်း အမွေဆိုင်ပစ္စည်းဖြစ်လို့ အမွေဆိုင်အားလုံး သဘောတူမှ မြေကွက်ခွဲလှူဒါန်းနိုင်မှာဖြစ်တယ်”
“ဒီလိုဆိုရင်အခု မြေကွက်ကို သုံးပိုင်းခွဲရမလိုဖြစ်နေပြီ” ပိုင်ရှင်၏သားဖြစ်သူ လူရွယ်လေးက ပြောလိုက်ခြင်းဖြစ်သည်။
“တစ်ခုတော့ရှိတယ်၊ မောင်ရင်ပြောသလို မြေကိုသုံးပိုင်းခွဲလိုက်ရင် ပေ၄ဝxပေ၆ဝ ဆိုတော့ တစ်ဦးကို ၁၃ပေxပေ၆ဝ မြေကွက်တစ်ကွက်စီတော့ ခွဲစိတ်ရသွားမယ်။ မောင်ရင့် မိခင်ပိုင်ဆိုင်မယ့် ၁၃ပေx၆ဝပေ အကျယ်မြေကွက်ကို ဓမ္မာရုံဆောက်ဖို့ ခွဲစိတ်လှူဒါန်းရင်တော့ဖြစ်တယ်”
“အခုလည်း ဓမ္မာရုံယာယီဆောက်ထားတာက ၁၂ပေx၃ဝပေ လောက်ပဲရှိမယ် ထင်ပါတယ်။ ဓမ္မာရုံကို လှူဒါန်းတဲ့ကိစ္စကိုတော့ ဦးလေးက ဘာမှမပြောဘူး။ အဓိကအနေနဲ့ ကန့်ကွက်တာက အခုနေတဲ့ အိမ်နဲ့မြေအခြမ်းကိုရောင်းရင် သူလည်း ဆိုင်တယ်လို့ ပြောနေတာဆရာ”
“မြေကွက်ဝယ်မယ့် သူငယ်ချင်းဘက်က စဉ်းစားမယ်ဆိုရင်တော့ ပြောပြချက်အရ ရောင်းမယ်ဆိုတဲ့ မြေကွက်ဟာ အမွေဆိုင်ဖြစ်ဖို့များနေတယ်။ သားသမီးသုံးဦးပိုင်ဖြစ်နိုင် တဲ့အတွက် သားသမီးသုံးဦးလုံး သဘောတူရောင်းချမှတ်ပုံတင် စာချုပ်-ချုပ်ဆိုမှ တရားဝင်အရောင်း အဝယ်မြောက်မှာဖြစ်တယ်”
“မောင်ဖြစ်သူကို အမှန်တကယ် အမွေခွဲဝေပေးထားတယ်ဆိုရင် ဘယ်လိုဖြစ်နိုင် သလဲ”
“ဒါကတော့ သူငယ်ချင်းအနေနဲ့ စာရွက်စာတမ်းတွေကို တောင်းကြည့်စိစစ်ဖို့ လိုလိမ့်မယ်။ အမှန်တကယ် မိသားစု စီမံကိန်းသဘောမျိုး အမွေခွဲဝေရယူကြကြောင်း သားသမီးသုံးဦးနဲ့ မိဘများ မသေမီစာချုပ်စာတမ်း ချုပ်ဆိုတာရှိခဲ့ရင်တော့ မောင်ဖြစ်သူ က ရပိုင်ခွင့်ရှိမှာမဟုတ်ဘူး။
မိဘများ ကွယ်လွန်ပြီး မောင်နှမသုံးဦး သဘောတူခွဲဝေထားတဲ့ အမွေ ပစ္စည်းဖြစ်ရင်လည်း မောင်ကရခွင့် မရှိဘူး”
“ဒီလိုအခြေအနေမျိုးဆိုရင်တော့ လှူဒါန်းမြေကို သီးခြားမှတ်ပုံတင်စာချုပ် ပြုလုပ်ချုပ်ဆိုပြီး ကျန်တဲ့ အိမ်နဲ့မြေကိုဥပဒေနဲ့အညီ တရားဝင်မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ပြု လုပ်လို့ ရနိုင်ပြီပေါ့နော်”
“အင်း-ဒါကြောင့် အမွေခွဲဝေထားပြီးခြင်း ရှိမရှိကို သေချာစုံစမ်းပြီးမှ ဝယ်ပါ သူငယ်ချင်း”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်