ကိတ္တိမ မွေးစားသားသမီးနှင့် သက်ဆိုင်သည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်
“မွေးစားသမီး ကွယ်လွန်တော့ မွေးစားမိဘထံမှ အမွေရပစ္စည်းကို မောင်အရင်းက ရနိုင်ပါသလား ဆရာ”ဟု မိတ်ဆွေတစ်ဦးက လာရောက်ဆွေးနွေးပါသည်။
“အဖြစ်အပျက်ကို နည်းနည်း ရှင်းပြပါဦး”
“မြေတစ်ကွက်ကိုဝယ်မယ်ဆို ပြီး သွားကြည့်တာ ဆရာ”
“ပိုင်ဆိုင်မှု အငြင်းပွားနေလို့လား”
“ဟုတ်ကဲ့၊ အစကတော့ ညီမနှစ်ယောက် အမွေရပစ္စည်းလို့ပြောတယ်ဆရာ၊ ညီမကွယ်လွန်သွားလို့ အစ်မက မြေတစ်ဝက်ခွဲပြီး ရောင်းမှာဆရာ”
“ဒါဆို ခက်ခဲတာမရှိပါဘူး။ နှစ်ဆင့်၊ သုံးဆင့်လောက် လုပ်လိုက်ရင် အဆင်ပြေသွားမှာပါ”
“ဒါပေမယ့် သူတို့ ညီမနှစ် ယောက်က မွေးစားသမီးတွေဖြစ်နေ တယ်”
“ကွယ်လွန်သွားတာက ညီမလား၊ အစ်မလား”
“ညီမဖြစ်သူက ကွယ်လွန်သွားတာ ဆရာ”
“အခု ကန့်ကွက်နေတယ်ဆိုတဲ့ သူက ဘယ်လိုဆွေမျိုးတော်စပ်သလဲ”
“ကွယ်လွန်သွားသူရဲ့ မောင်အရင်းက ကန့်ကွက်နေတာ ဆရာ”
“မြေကွက်က ဂရန်မြေလား၊ ဘယ်လိုမြေအမျိုးအစားလဲ”
“ပေ ၄ဝ၊ ပေ ၆ဝ ဂရန်မြေပါဆရာ”
“အမည်ပေါက်က ကွယ်လွန်သွားတဲ့ မိန်းကလေး အမည်ပေါက်ပြီလား”
“မပေါက်သေးဘူး ဆရာ”
“မိဘတွေ အမည်ပေါက်ပေါ့။ သူတို့က ကွယ်လွန်သွားကြပြီလား”
“မိဘနှစ်ပါးလုံး ကွယ်လွန်သွား ပြီလို့ ပြောပါတယ်”
“အစောကပြောတော့ မွေးစားသမီးလို့ ပြောလိုက်သလား”
“ဟုတ်ပါတယ် ဆရာ၊ ကွယ်လွန်သွားတဲ့ မိဘတွေက သမီးနှစ်ဦးကို မွေးစားခဲ့တယ်”
“ကိတ္တိမမှတ်ပုံတင် စာချုပ်နဲ့ မွေးစားခဲ့တာလား။ သားရင်းသမီးရင်း မရှိဘူးလား”
“သူတို့ပြောစကားအရတော့ ကွယ်လွန်သွားတဲ့ မိဘတွေမှာ သားရင်းသမီးရင်း မရှိလို့ သူတို့ ညီမနှစ်ယောက်ကို မွေးစားတာလို့ သိရတယ်”
“ကိတ္တိမမှတ်ပုံတင် စာချုပ်နဲ့ အမွေစား အမွေခံအဖြစ် မွေးစားခဲ့မယ်ဆိုရင်တော့ မိဘနှစ်ဦးလုံး ကွယ်လွန်သွားရင် မွေးစားခံရတဲ့ မိန်းကလေးနှစ်ဦးဟာ သမီးရင်းများကဲ့သို့ အမွေဆက်ခံခွင့်ရသွားမှာ ဖြစ်တယ်”
“ကျန်ရစ်သူ သမီးကြီးပြောတာတော့ သူတို့နှစ်ယောက်လုံးကို ကိတ္တိမမွေးစား စာချုပ်နဲ့ မွေးစားတာလို့ ပြောတာပဲဆရာ”
“မွေးစား စာချုပ်ကြည့်ခဲ့လား”
“ထုတ်တော့ပြတယ်၊ ကျွန်တော်လည်း သိပ်နားမလည်ဘူး”
“အခု ကွယ်လွန်သွားတာက ညီမဖြစ်သူက ကွယ်လွန်သွားတာ ဟုတ်တယ်နော်”
“ဟုတ်ပါတယ် ဆရာ၊ ဒါကြောင့် ညီမဝေစုကို အစ်မက မရနိုင်ဘူး။ ကွယ်လွန်သူရဲ့ မောင်အရင်းဖြစ်သူ ကသာ ရနိုင်တယ်ဆိုပြီး ကန့်ကွက်နေတာ ဆရာ”
“အခုဖြစ်နေတဲ့ သူတွေက ဗုဒ္ဓဘာသာဝင်တွေပဲလား”
“အားလုံးက ဗုဒ္ဓဘာသာဝင် မိသားစုတွေပဲလို့ တွေ့ရပါတယ်”
“ပထမအချက်ကတော့ ကွယ်လွန်သူမိဘနှစ်ပါးက မှတ်ပုံတင် ကိတ္တိမစာချုပ် ချုပ်ဆိုပြီး သမီးနှစ်ဦးကို မွေးစားခဲ့ရင် မိဘအမည်ပေါက် မြေကွက်နဲ့ အဆောက်အအုံ အပါအဝင် မိဘများပိုင် ကျန်ရစ်ပစ္စည်းများကို မွေးစားသမီးညီအစ်မနှစ်ဦးက ပိုင်ဆိုင်ခွင့် ရသွားမှာဖြစ်တယ်”
“ညီမ သေသွားရင် အစ်မက အမွေဆက်ခံခွင့်မရှိဘူးဆိုတာရှိတယ် မဟုတ်လား”
“ကွယ်လွန်သူမှာ အိမ်ထောင် မရှိ၊ လူပျိုအပျိုဖြစ်ပြီး ကွယ်လွန်သူက အငယ်ဆုံးသားသမီးဖြစ်ရင် သူရဲ့ အမွေဝေစုကို အထက်က အစ်ကိုအစ်မတွေက ရရှိမှာဖြစ်တယ်။ တကယ်လို့ ကွယ်လွန်သူရဲ့အောက်မှာ မောင်တွေ၊ ညီမတွေရှိရင်တော့ အထက်က အစ်မတွေ၊ အစ်ကိုတွေက အမွေရပိုင်ခွင့်မရှိဘဲ မောင်ငယ်၊ ညီမငယ်များကသာ ကွယ်လွန်သူ အစ်မရဲ့ဝေစုကို ခွဲဝေရရှိကြမှာ ဖြစ်တယ်။ မြန်မာဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ ကွယ်လွန်သူရဲ့ အမွေဟာစုန်ရေပဲရှိတယ်။ ဆန်ရေမရှိဘူးဆိုတဲ့ ထုံးတမ်းဥပဒေသတ်မှတ်ချက်ရှိတယ်”
“ဒါဆိုရင် အခုရောင်းမယ်ဆိုတဲ့ ကွယ်လွန်သူနဲ့အတူ မွေးစားခံရသူ အစ်မကြီးက အမွေရခွင့်ရှိမှာပေါ့နော်”
“ကွယ်လွန်သွားသူက အပျိုကြီးဘဝနဲ့ ကွယ်လွန်တာလား”
“ဟုတ်ကဲ့ အပျိုကြီးလို့ ပြောပါတယ်။ ကန့်ကွက်တဲ့ မောင်အရင်းက ဘယ်လို အခွင့်အရေးရနိုင်သလဲဆရာ”
“မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေမှာ မွေးစားခံရတဲ့ ကလေးဟာ၊ သူ့ရဲ့မိရင်း ဖရင်းထံမှ အမွေဆက်ခံခွင့်ဆုံးရှုံးပြီး မွေးစားမိဘနဲ့ မွေးစားမိဘရဲ့ ဆွေမျိုးများထံ အမွေဆက်ခံခွင့်ရတယ်ဆိုတဲ့ ဥပဒေသကို ယနေ့တိုင် လက်ခံကျင့်သုံးလျက်ရှိတယ်။ ဒါ ကြောင့် ကိတ္တိမမှတ်ပုံတင်မွေးစား စာချုပ်နဲ့ မွေးစားခံရတဲ့ သားသမီးတွေဟာ မိရင်းဖရင်းထံက အမွေကို ဆုံး ရှုံးခံရမှာဖြစ်တယ်”
“ကန်ကွက်တဲ့ မောင်အရင်းနဲ့ကတော့ ဥပဒေအရ ပတ်သက်မှုမရှိတော့တဲ့ သဘောလား ဆရာ”
“ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်သန်းခင်နှင့် ဒေါ်နွဲ့နွဲ့ဇင် ၁၉၉ဝ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၁၉ အမှုမှာ မွေးစားမိဘများ ကွယ် လွန်သောအခါ ကိတ္တိမမွေးစားသားသမီးများက အမွေဆက်ခံခွင့်ရှိသည်။ မွေးစားသမီးမှာ တစ်ကိုယ်တည်း ဘဝဖြင့် ကွယ်လွန်သွားခြင်းဖြစ်သောကြောင့် မွေးစားညီမကသာ ကွယ်လွန်သူ၏ အမွေကိုဆက်ခံခွင့်ရှိပြီး ကွယ်လွန်သူ၏ ညီမအရင်းဖြစ်သူက အမွေဆက်ခံခွင့်မရှိလို့ ဆုံးဖြတ်ထားပါတယ်”
“ဒါဆိုရင် ကန့်ကွက်တဲ့ မောင်အရင်းက အမွေဆက်ခံခွင့်မရှိဘူး ပေါ့နော်”
“ဒါကြောင့်မို့ အမှုဖြစ်နိုင်တဲ့ ကိစ္စဆိုရင်တော့ မဝယ်သေးဘဲ စောင့်ကြည့်နေတာက ပိုကောင်းမယ်”ဟု အကြံပေးဆွေးနွေးလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်