ကွဲကွာနေသောဇနီးသည်နှင့် ဆက်စပ်နေမည့် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်

“၁ဝ နှစ်လောက် ကွဲကွာနေရင် လင်မယားအလိုအလျောက် ပြတ်စဲပါသလား ဆရာ”ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက ဆွေးနွေးလာခြင်း ဖြစ်သည်။

“မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေ အရ လင်မယားအဖြစ်ကွာရှင်းခြင်း သုံးမျိုးရှိတယ်”

“ဟုတ်ကဲ့ ဆရာ ရှင်းပြပေးပါဦး”

“တစ်အချက်ကတော့ လင်မယားနှစ်ဦး သဘောတူကွာရှင်းခြင်း၊ နှစ်အချက်က အိမ်ထောင်ရေး ပြစ်မှု ကြောင့် တရားရုံးမှာ တရားရုံးရဲ့ အမိန့် ဒီကရီအရ ကွာရှင်းခြင်း၊ တတိယအချက်မှာ လင်ဖြစ်သူက ရဟန်းဘောင်သို့ အပြီးအပိုင် ကူး ပြောင်းသွားခြင်းတို့ဖြစ်တယ်။ အဲဒီသုံးမျိုးထဲက လင်ဖြစ်သူမှ ရဟန်းဘောင်သို့ အပြီးအပိုင်ကူးပြောင်းသွားရင် အလိုအလျောက်လင်ခန်းမယား ခန်း ပြတ်စဲသွားတယ်လို့ ဓမ္မသတ် များမှာ ပြဆိုထားတယ်”

“အချို့ကပြောတော့ လင်ကမယားကို သုံးနှစ်တိတိ လုံးဝမထောက်ပ့ံပဲ အဆက်အသွယ်မလုပ် ရင်၊ မယားက လင်ကို တစ်နှစ်တိတိ အဆက်အသွယ်မလုပ် စွန့်ပစ်ထားကြမယ်ဆိုရင် လင်ခန်းမယားခန်း အလိုလို ပြတ်စဲတယ်လို့ ပြောကြတယ် ဟုတ်ပါသလား”

“အဲဒီလိုတော့ ဥပဒေမှာ ပြဋ္ဌာန်းထားတာမရှိဘူး။ စွန့်လွှတ်ခြင်းအပါအဝင် ဥပဒေအရ သတ်မှတ်ထားတဲ့ အိမ်ထောင်ရေးပြစ်မှုကို လင်ကဖြစ်စေ မယားကဖြစ်စေ ကျူးလွန်ရင် နစ်နာသူက တရားရုံးမှာ ကွာရှင်းခွင့်လျှောက်ထားနိုင်ခြင်းသာ ဖြစ်တယ်။ အိမ်ထောင်ရေးပြစ်မှု ကျူးလွန်တယ်လို့ ယူဆရုံနဲ့ လင်ခန်းမယားခန်း အလိုအလျောက်မပြတ်စဲပါဘူး။ တရားရုံးရဲ့ ကွာရှင်းကြောင်း ဒီကရီရမှသာ လင်ခန်းမယားခန်း ပြတ်စဲမှာဖြစ်ပါတယ်”

“ဒါဆိုရင် လင်မယားကွဲကွာနေ ရုံနဲ့ အလိုအလျောက် မပြတ်စဲဘူးပေါ့နော်”

“မှန်ပါတယ်။ ဥပဒေအရတော့ လင်မယားကွာရှင်းခြင်း မရှိသေးဘူးလို့သာ သတ်မှတ်မှာဖြစ်ပါတယ်”

“အမွေကိစ္စကြတော့ ရှုပ်ထွေးနိုင်တာပေါ့နော်”

“ဟုတ်ပါတယ်။ ဥပဒေအရတော့ နှစ်ဦးသဘောတူ တရားရုံးမှာ ကွာရှင်းစာချုပ်နဲ့ ကွာရှင်းတာနဲ့ တရားရုံးရဲ့ အမိန့်ဒီကရီအရ လင်မယားကွာရှင်းခွင့်ပြုတာ မဟုတ်ရင် အလိုအလျောက် ကွာရှင်းခြင်းမဟုတ်တဲ့အတွက် နှစ်ဦးပိုင်ပစ္စည်းအဖြစ် ရှိနေမှာဖြစ်တယ်”

“ဒီလိုပါ ဆရာ၊ အခုကျွန်တော် ဝယ်မယ်လုပ်တဲ့ အိမ်နဲ့မြေက လင် ယောကျ်ားကွယ်လွန်သွားတော့ ဇနီး သည်က မြေခွဲရောင်းတယ် ဆရာ”

“ကန့်ကွက်တဲ့သူ ပေါ်လာလို့ လား”

“ဟုတ်ကဲ့၊ ကျွန်တော်က သတင်းစာထဲမှာ ကန့်ကွက်ရန်ရှိမရှိ ကြော်ငြာ လိုက်တော့ ပထမဇနီးဆိုတဲ့ သူကပေါ်လာပြီး ကန့်ကွက်တာဆရာ၊ အဲဒါ ဘယ်လိုဖြစ်နိုင်သလဲလို့”

“မြေကွက်က ဂရန်မြေပဲလား”

“မဟုတ်ဘူးဆရာ ဘိုးဘွားပိုင် မြေ၊ သူတို့ကလည်း မူလမြေကွက် ပိုင်ရှင်ဆီကနေ မြေခွဲပြီးဝယ်ထားတာ၊ ပေ ၆ဝ ပတ်လည်ရှိမယ်”

“အဲဒီ ပေ ၆ဝ ပတ်လည် မြေထဲ က ခွဲစိတ်ရောင်းမယ်ပေါ့”

“ဟုတ်ကဲ့ ပေ ၂ဝ၊ ပေ ၆ဝ မြေ ကွက်ကို ခွဲရောင်းမှာဖြစ်တယ်”

“အခု ပေ ၆ဝ ပတ်လည် မြေ ကွက်က လင်ယောကျ်ားအမည် ပေါက်နေတယ်ပေါ့၊ ဘယ်တုန်းက ဝယ်ထားတယ်ပြောသလဲ”

“သူတို့ ပြောစကားအရတော့ အဲဒီအမျိုးသားက စီးပွားရေးသမားဆိုတော့ နယ်တွေ လျှောက်သွားတယ်ပေါ့ ဆရာရယ်။ အထက်အညာက မိန်းကလေးတစ်ဦးနဲ့ လက်ထပ်ပြီး ဒီအိမ်မှာနေခဲ့တယ်လို့ဆိုတယ်။ နောက်ပိုင်း လင်မယားရန်ဖြစ်ပြီး အမျိုးသမီးက နယ်ပြန်သွားတယ်။ အဆက်အသွယ်လည်း မရှိပဲနေလာတာ အမျိုးသား ကွယ်လွန်သွားတဲ့ အထိပဲလို့ ပြောပါတယ်”

“အခု နောက်ဇနီးနဲ့က ဘယ် တုန်းက လက်ထပ်လိုက်တာလဲ။ တရားဝင်ပဲလား”

“ပထမဇနီး နယ်ပြန်သွားလို့ နှစ်နှစ်လောက်ရှိတော့ အခုဇနီးနဲ့ တရားဝင်လက်ထပ်နေတယ်လို့ အဲဒီအမျိုးသားရဲ့ နှမဖြစ်သူက ရှင်းပြတယ်။ နောက်ပိုင်းတော့ ပထမဇနီးက အိမ်ထောင်ကျသွားတယ်လို့ ကြားတယ်။ အဆက်အသွယ်မရှိတော့ မသိတော့ဘူးလို့ ပြောပါတယ်”

“ပထမဇနီးနဲ့ သားသမီးမရှိဘူး လား၊ သိခဲ့လား”

“သားသမီးလည်း မရှိတော့ သံယောဇဉ်ပြတ်ပြီး ပြန်မလာတာလို့လည်း ပြောတယ်။ နောက်အိမ် ထောင်နဲ့လည်း သားသမီးရပုံ မပေါ် ဘူး ဆရာ”

“အခုကိစ္စက ပထမဇနီးနဲ့ တရားဝင်ပြတ်စဲခဲ့ခြင်း ရှိ မရှိဆိုတာက အဓိက ဖြစ်နေတယ်”

“ဟုတ်ကဲ့ ကျွန်တော်မေးပါတယ်။ အဆက်အသွယ်လည်း မရှိ၊ မိမိကလည်း နောက်အိမ်ထောင်ပြုလိုက်တယ်။ နှောင့်ယှက်တာလည်း မရှိတော့ ကွာရှင်းစာချုပ် မရှိဘူးထင် တယ်လို့ ပြောတယ်”

“နှစ်ဦးသဘောတူ၊ တရားရုံးမှာ လျှောက်ထားပြီး ကွာရှင်းထားတာ မရှိရင်တော့ ပထမမိန်းမက ဒီပစ္စည်း ပေါ်မှာ ရပိုင်ခွင့်ရှိနေဦးမှာ ဖြစ်တယ်”

“ဒါဆိုရင် ပထမဇနီးက သဘော တူမှ ဖြစ်မှာပေါ့နော်။ ပထမ မိန်းမက နောက်အိမ်ထောင်ပြုသွားရင်တော့ မိန်းမက ဖောက်ပြန်လို့ သူ့ရပိုင်ခွင့်ဆုံးရှုံးနိုင်တယ် မဟုတ်လား ဆရာ”

“ဇနီးမယား ဖောက်ပြန်ပါတယ်လို့ စွပ်စွဲရုံနဲ့ လင်မယားမပြတ်စဲဘူး။ ယောကျ်ားဖြစ်သူက မယားခိုးမှုအနေနဲ့ တရားစွဲထားတာ၊ ဒါမှမဟုတ် အိမ် ထောင်ရေးဖောက်ပြန်ပါတယ်ဆိုပြီး တရားရုံးက အတည်ပြုကွာရှင်းခွင့် ပေးထားတဲ့ အမိန့်ဒီဂရီမရှိဘူးဆိုရင် လင်မယားအဖြစ် အလိုအလျောက် ပြတ်စဲခြင်းမရှိပဲ တည်မြဲနေဆဲဖြစ် တယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်အုန်းရင်နှင့် ကိုမြအောင် ပါ (၂) ၁၉၉ဝ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ – ၁၆ဝ မှာ ထုံးဖွဲ့ထားတာရှိတယ်”

“ဒီကိစ္စမှာလည်း ပထမဇနီးနဲ့ တရားဝင်ပြတ်စဲတာမရှိခဲ့ရင်တော့ ဝေစုရပိုင်ခွင့်ရှိတာ ပေါ့နော်”

“ဟုတ်ပါတယ်။ အမှုအခင်း လည်းဖြစ်နိုင်တာမို့ နှစ်ဖက်ညှိနှိုင်းပြေ လည်မှုမရှိရင် တော့ မဝယ်ဘဲနောက် ဆုတ်လိုက်တာကောင်းမယ်”ဟု အကြံပေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်