မိရင်းဘရင်းထံမှ အမွေဆက်ခံခွင့် ရှိ မရှိ ကိတ္တိမ မွေးစားခံရသူ၏ အခွင့်အရေး

“တို့ရဲ့ သမီးတစ်ယောက်က မြေနဲ့အိမ်ကို ဝယ်ဖို့သွားကြည့် တယ်။ စိတ်ကျေနပ်လို့ အရောင်း အဝယ်ဖြစ်ပြီး စရန်ငွေချလိုက် တယ်။ သတင်းစာထဲမှာ ကန့် ကွက်ရန်ရှိ၊ မရှိကြေငြာလိုက်တော့ မှ ကန့်ကွက်သူ ပေါ်လာတယ်။ ဘယ်လိုဖြစ်နိုင်သလဲဆိုတာ သူ ငယ်ချင်းဆီက အကြံလိုချင်လို့”

စာရေးသူ၏ ငယ်သူငယ်ချင်း အမျိုးသမီးတစ်ဦးဖြစ်ပါသည်။

“အတော်စိတ်ပူနေပုံရ တယ်”
သူ့ရဲ့ စိုးရိမ်စိတ်ပုံရိပ်တွေ ကြောင့် စာရေးသူက မေးလိုက် ခြင်းဖြစ်သည်။

“ပူရတာပေါ့ သူငယ်ချင်းရယ်၊ စုဆောင်းထားတဲ့ ငွေလေးဆုံးရှုံး သွားရင် ဘယ်ဖြစ်ပါ့မလဲ”

“သိပ်လည်း မပူပါနဲ့၊ ကန့် ကွက်တဲ့သူက ဘယ်လိုအကြောင်း နဲ့ ကန့်ကွက်တာလဲ”

“ကန့်ကွက်သူဆိုလိုုချက်က တော့ သူက အခုရောင်းမယ့် အိမ် မြေ ပိုင်ရှင်ဇနီးမောင်နှံရဲ့ သမီး အရင်းလို့ ဖော်ပြထားတယ်”

“ဒါဆို အခုအရောင်းအဝယ် ပြုတဲ့ သူတွေက ပိုင်ရှင်ဇနီးမောင် နှံနဲ့ ဘယ်လိုဆွေမျိုးတော်စပ် သလဲ”

“ရောင်းတဲ့ သူတွေက မောင် နှမတွေဖြစ်ပြီး ကွယ်လွန်သူဇနီး မောင်နှံရဲ့ သားသမီးအရင်းတွေ ဖြစ်တယ်”

“ဒါဆိုရင် မိဘတွေ အသက်ရှိထင်ရှားရှိစဉ်က ကန့်ကွက်သူ မိန်းကလေးကို သားသမီးအဖြစ် စွန့်လွှတ်ကြောင်း ကြေငြာထားတာ မျိုးရှိနိုင်တာပေါ့”

“အဲဒီလို ဖြစ်စဉ်တော့ မ ဟုတ်ဘူး”

“ဒါဆိုရင် ဘယ်လိုဖြစ်စဉ်ရှိခဲ့ သလဲ”

“ကန့်ကွက်တဲ့သူကို အခု လက်ရှိမိဘတွေက မွေးစားထား တာလို့ သိရတယ်”

“ဘယ်လို မွေးစားထားတယ် လို့ သိပါသေးသလဲ”

“ကိတ္တိမမွေးစားစာချုပ်နဲ့ မွေး စားခဲ့တာကြောင့် သူတို့ထဲကနေ အမွေမရနိုင်တော့ဘူးလို့ မောင်နှမ တော်တယ်ဆိုတဲ့ သူတွေဆီက သိ ရတယ်”

“ကိတ္တိမမွေးစား သားသမီးဆို ရင် မိရင်းဖရင်းထံကနေ အမွေမ ရတော့ဘူးလို့ ပြောချင်တာဖြစ် မယ်”

“အေး-သူငယ်ချင်းပြောတာ မျိုး ပြောပြတယ်။ တကယ်ပဲ ကိတ္တိ မမွေးစားသားသမီးတွေက မိရင်း ဖရင်းရဲ့ အမွေကို ဆက်ခံခွင့်မရှိ ဆိုတာ အမှန်ပဲလား”

“ဟုတ်ပါတယ်။ ဥပဒေအရ ပြောရရင် ကိတ္တိမမွေးစားစာချုပ်နဲ့ မွေးစားခြင်းဆိုတာ မွေးစားမိဘ တွေက အမွေစားအမွေခံအဖြစ် မွေးစားတာပဲဖြစ်တယ်။ ဒါကြောင့် မိရင်းဖရင်းရဲ့ အမွေကို ခံစားခွင့် မရှိဘူးလို့ ပြဋ္ဌာန်းထားတယ်။ ဒါ ပေမယ့် ခြွင်းချက်သဘောမျိုးတော့ ရှိသေးတယ်”

“ခြွင်းချက်သဘောရှိသေး တယ်”
သူငယ်ချင်းဖြစ်သူက အံ့သြ တကြီး မေးလိုက်ပါသည်။

“ဒီလို သူငယ်ချင်းရဲ့။ မွေးစား တဲ့ ကိစ္စမှာ မိဘအရင်း သက်ရှိ ထင်ရှားရှိစဉ်မှာ မွေးစားတာလား၊ မိဘအရင်း ကွယ်လွန်သွားမှ မွေး စားတာလားဆိုတဲ့ အချက်က အဓိ က ဖြစ်တယ်”

“အဲဒါတွေ သေချာမသိဘူး။ အကြီးဆုံး အစ်ကိုကြီးက အသက် ၄ဝ ကျော်လောက်ရှိနေပြီ”

“မောင်နှမဘယ်နှယောက် ရှိလဲ၊ မိဘတွေက နှစ်ဦးလုံး ကွယ် လွန်သွားတာကြာပြီလား”

“အဖေဆုံးတာက ၁ဝ နှစ် လောက်ရှိပြီပြောတယ်၊ မောင်နှမ ငါးယောက်ရှိတယ်။ မွေးစားသမီး မပါဘူးပေါ့လေ၊ သူပါဆိုရင် ခြောက်ယောက်ဖြစ်မှာပေါ့”

“အမေဆုံးတာက ဘယ် လောက်ရှိပြီလဲ”

“အမေဆုံးပါးသွားတာတော့ အဖေနဲ့ သိပ်မကွာဘူးပြောတယ်။ အမေက စောပြီး ကွယ်လွန်တယ် လို့ ပြောတာာပဲ”

“ထားပါတော့၊ အဖေကွယ် လွန်တာ ၁ဝ နှစ်လောက်ရှိမှ အခု အမွေခွဲတဲ့ သဘောပေါ့”

“အခု အိမ်မှာနေတဲ့ အပျို ကြီး သုံးယောက်ကခွဲမပေးချင်တဲ့ သဘောရှိနေလို့ ကြာနေတာပြော တာပဲ”

“ဟုတ်ပြီလေ၊ မိဘရင်းတွေ မကွယ်လွန်မီ မွေးစားခဲ့ရင်တော့ မိရင်း ဖရင်းထံက အမွေမရဘူး သူငယ်ချင်း၊ ဒါပေမယ့် မိဘနှစ် ဦးလုံးကွယ်လွန်ပြီးမှ မွေးစားတဲ့ သားသမီးကတော့ မိရင်း ဖရင်းရဲ့ အမွေကို ရပိုင်ခွင့်ရှိတယ်”

“ဒါဆိုရင် သူက နှစ်သီးစား ဖြစ်သွားတာပေါ့၊ မိရင်း ဖရင်းဆီက လည်း ရမယ်။ မွေးစား မိဘဆီက လည်း ရမယ်”

“ဒီသဘောတော့ ဖြစ်သွား တာပေါ့။ သူငယ်ချင်းအနေနဲ့ ဗဟု သုတရအောင် တရားရုံံးချုပ်က ဆုံးဖြတ်ထားတဲ့ စီရင်ထုံးတစ်ခုကို ဖတ်ပြမယ်”
စာရေးသူက စာကြည့် ဘီရိုထဲ မှ စီရင်ထုံး စာအုပ်ကို ထုတ်ပြီး ဖတ်ပြလိုက်မိပါသည်။

“မြန်မာနိုင်ငံ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးအောင်ခင်နဲ့ ဒေါ်ရင်လှပါ ခြောက်ဦး၊ ၁၉၉၆ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၈၁ အမှုမှာ ‘ကိတ္တိမ သားသမီးအဖြစ် မွေးစားခံရသူ အနေဖြင့် မိရင်း ဖရင်းထံမှ အမွေ ဆက်ခံခွင့် ဆုံးရှုံးသည်ဆိုသော ဥပဒေမူသဘောမှာ မိရင်း ဖရင်း မကွယ်လွန်မီ၊ မွေးစားခြင်း ပြုလုပ် သည့် ကိစ္စနှင့်သာ အကျုံးဝင်သက် ဆိုင်သည်။ မိရင်းဖရင်းကွယ်လွန် ၍ အမွေဆက်ခံခွင့်ရပြီး နောက်မှ မွေးစားခြင်းပြုလုပ်သည့် ကိစ္စနှင့် အကျုံးဝင်သက်ဆိုင်ခြင်းမရှိ’လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မိရင်းဖရင်း မကွယ်လွန်မီက မွေးစားခြင်း ဟုတ်မဟုတ်ကို သေ ချာစိစစ်ဖို့ လိုမှာဖြစ်တယ်”

“ဒါဆိုရင် အခုကိစ္စမှာ ဖခင်ရင်းမကွယ်လွန်မီက မွေးစားခဲ့ရင် တော့ ကန့်ကွက်ခွင့်မရှိဘူး။ ဖခင် ရင်းကွယ်လွန်ပြီးမှ မွေးစားရင် တော့ အမွေရပိုင်ခွင့်ရှိတယ်ပေါ့”

“မှန်ပါတယ်။ ဒါကြောင့် ဒီအချက်ကို သေချာမေးမြန်းပြီးဆောင်ရွက်ပါ”ဟု အကြံပေးချက်ကို ဗဟုသုတအဖြစ် ရေးသားလိုက်ပါ သည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်