ပိုင်ဆိုင်ခွင့် မရသေးသော်လည်း လက်ဝယ်ထားခွင့်ရှိသည့် အရောင်းအဝယ် အရပ်စာချုပ်များ

“အိမ် မြေကို အရပ်စာချုပ်နဲ့ ဝယ်ထားရင် လက်ရှိနေသူကပိုင်ဆိုင် တယ်ဆိုတာ ဟုတ်ပါသလား”

မိတ်ဆွေတစ်ဦးက စာရေးသူထံ ရောက်လာပြီး ရှုပ်ရှုပ်ထွေးထွေး မေးခွန်းကိုမေးမြန်းဆွေးနွေးလာခြင်း ဖြစ်သည်။

“သူငယ်ချင်းရဲ့ မေးခွန်းက နှစ် ပိုင်းဖြစ်နေတယ်။ မြေနဲ့ အိမ်ကို အ ရပ်ကတိစာချုပ်နဲ့ ဝယ်ထားတယ်ဆို တဲ့ အပိုင်းနဲ့ လက်ရှိနေထိုင်သူဆိုတဲ့ အပိုင်း နှစ်ခုဖြစ်နေတယ်။ အိမ်မြေ ဝယ်ထားသူက တစ်ဦးတစ်ယောက် ဖြစ်ပြီး လက်ရှိနေသူက အခြား တစ် ယောက်ဖြစ်နေလို့လား”

“သိချင်တာတွေကများတော့ လုံး ထွေးပြီး ရှုပ်သွားတာပါ။ အခုကိစ္စက အဝယ်ထပ်နေတယ်လို့ ပြောရ မယ်ထင်တယ်”

“အိမ်မြေပိုင်ရှင်တွေက ရောင်း ပြီးသားမြေနဲ့ အိမ်ကို ထပ်ရောင်းတဲ့ သဘောလား”

“အင်း အဲဒီလိုပဲ ပြောရတော့ မယ်။ ပထမဆုံးအနေနဲ့ မြေနဲ့ အိမ် ရှင်က ဒေါ်မြဆိုသူကို အရပ်ကတိ စာချုပ်နဲ့ ရောင်းထားတယ်”

“ရောင်းဖိုးငွေအကြေချေတယ် ပေါ့။ စာချုပ်ထဲမှာ ဘယ်လိုရေး ထားလဲ”

“စာချုပ်ထဲမှာတော့ ရောင်းဖိုး အကြေချေပြီးလို့ ရေးထားတယ်။ ပစ္စည်းလက်ရောက်ပေးအပ်တယ်လို့ ဖော်ပြပေမယ့် အိမ်ရှင်တွေက ရောင်း ထားတဲ့ မြေနဲ့ အိမ်ပေါ်မှာပဲ ရှိနေသေး တယ်”

“ရောင်းထားတာ မသိတော့၊ နောက်လူက ဝယ်လိုက်တယ်ပေါ့”

“ရောင်းတဲ့ပိုင်ရှင်ကိုယ်တိုင် အဲဒီ အိမ်မှာနေတော့လည်း ပြဿနာမရှိ ဘူးလို့ ထင်တာပေါ့။ ပထမတော့ သတင်းစာထဲ ထည့်ဖို့စဉ်းစားမိပါ သေးတယ်”

“ဒါဆို သတင်းစာထဲမှာ ကန့် ကွက်ရန် ရှိ မရှိ မထည့်ဖြစ်ဘူးပေါ့”

“ဂရန်အမည်ပေါက်ကိုယ်တိုင် ဖြစ်နေတော့ မထည့်ဖြစ်ခဲ့ဘူး”

“ဒါနဲ့ ငွေအကြေချေလိုက်တယ် ပေါ့”

“ဟုတ်ပါတယ်။ သမီးဖြစ်သူက နယ်မှာ အလုပ်ရှိတော့ ငွေအကြေ ချေဖို့ ရက်ကို ခုနစ်ရက်အတွင်း သဘောတူခဲ့တယ်။ ငွေချေတဲ့နေ့မှာပဲ အိမ်ကို လက်ရောက်အပ်ခဲ့တယ်”

“အခု ဘယ်သူနေလဲ”

“တို့ မိသားစုနေကြတယ်”

“တို့ မိသားစုဆိုတာက ဘယ်သူ တွေလဲ”

“သမီးက နယ်မှာ အလုပ်ရှိတော့ ငါရယ် ငါ့ဇနီးရယ် မြေးလေးရယ် နေတယ်ပေါ့”

“အခု ဘယ်လိုဖြစ်လာသလဲ”

“ရပ်ကွက်ရုံးမှာ ယခင်ဝယ်ထား သူက တွေ့ဆုံဖို့ဆိုပြီး ခေါ်တယ်။ အဲဒီ တော့မှ ယခင်ရောင်းပြီးသားအိမ်နဲ့ မြေကို ထပ်ရောင်းခဲ့တယ်ဆိုတာ သိ လိုက်ရတယ်”

“တစ်ခုတော့ရှိတယ်။ ဂရန် မူရင်းတွေက ဘယ်သူ့ဆီမှာရှိသလဲ”

“ငါတို့ဆီမှာရှိတယ်။ ရောင်းသူ က ပြောတာတော့ ငွေချေးထားတာ ပြန်ဆပ်ပြီးသားလို့ ပြောတာပဲ၊ အဲဒါ တရားစွဲမယ် ပြောလို့ ငါတို့ မိသားစု ပါ တရားစွဲခံရမှာလားဆိုတာ သိချင် တယ်။ ပြီးတော့ ငါတို့ နေထားတာ ဆိုတော့ ပိုင်ဆိုင်ခွင့် မရနိုင်ဘူးလား”

“ဥပဒေအရ ပြောရရင်တော့ အိမ်မြေအရောင်းအဝယ် စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင် အက် ဥပဒေနဲ့အညီ စာချုပ်စာတမ်းမှတ်ပုံ တင်ရုံးမှာ မှတ်ပုံတင်ချုပ်ဆိုမှ အ ရောင်းအဝယ်တရားဝင်ပြီး ဝယ်သူက ပိုင်ဆိုင်ခွင့်ရမှာဖြစ်တယ်”

“အခုကိစ္စက ဝယ်ထားသူနှစ်ဦး လုံးက မှတ်ပုံတင် စာချုပ် မချုပ်ရ သေးဘူး။ အရပ်ကတိစာချုပ်တွေနဲ့ပဲ ဝယ်ထားတာဆိုတော့ ဘယ်လိုဖြစ်နိုင် သလဲ”

“ပထမဝယ်ထားသူကလည်း အရပ်စာချုပ်နဲ့ပဲ ဝယ်ထားတယ်ဆို တော့ ဥပဒေအရ ပြောရရင်နှစ်ဦးလုံး ဥပဒေနဲ့အညီ ပိုင်ဆိုင်မှု မရသေးဘူး လို့ပဲ ပြောရမယ်”

“မှတ်ပုံတင် အရောင်းစာချုပ် ချုပ်လိုက်ရင်တော့ တရားဝင်ပိုင်ဆိုင် လာမှာပေါ့နော်”

“သူငယ်ချင်း လက်ထဲမှာ ဂရန် မူရင်းရှိတယ်ဆိုတော့ ရောင်းသူနဲ့ ဝယ်သူပေးဆောင်ရမယ့် အခွန်အခ တွေဆောင်ပြီး မှတ်ပုံတင်အရောင်း အဝယ် စာချုပ်ပြုလုပ်နိုင်တဲ့ အခွင့် အရေးတော့ရှိတယ်”

“တစ်ဖက်က ကန့်ကွက်ထား တယ်ဆိုတော့”

“ပထမဝယ်လက်က သက်ဆိုင် ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီ မြေပုံကူးဌာန မြေတိုင်း ဌာနတွေမှာ ကန့်ကွက်လွှာတင်ထား ရင်တော့ အခက်အခဲရှိနိုင်တာပေါ့။ တစ်ခုတော့ရှိတယ် ပထမဝယ်သူ လက်ထဲမှာ ဂရန်မူရင်းတစ်စောင်ရှိ မရှိ စုံစမ်းကြည့်ဖို့တော့ လိုမယ်”

“ရပ်ကွက်ကောင်စီရုံးမှာ ပြော ဆိုကြစဉ်ကတော့ ပထမဝယ်သူ လက်ထဲမှာ ဂရန်မူရင်း မရှိဘူးလို့ သိရတယ်။ ဓာတ်ပုံမိတ္တူတော့ရှိတယ် ထင်တယ်။ တကယ်လို့ ပထမဝယ် ထားသူက တရားစွဲလာရင် ဘယ်လို ဖြစ်နိုင်သလဲ”

“အစောက ပြောခဲ့သလို အိမ် မြေဝယ်ထားသူနှစ်ဦးလုံးဟာ အရပ် ကတိစာချုပ်နဲ့ ဝယ်ထားကြတာဖြစ် တဲ့အတွက် ဥပဒေနဲ့အညီ ပိုင်ရှင် ဖြစ်မလာသေးဘူးလို့ ပြောရမယ်”

“ဒါဆို ဝယ်သူနှစ်ဦးလုံးက မပိုင် ပဲ ရောင်းသူကသာ မြေနဲ့အိမ်ကို ပိုင် နေတဲ့ သဘောဖြစ်နေမှာပေါ့”

“ဒါပေမယ့် သူငယ်ချင်းအနေနဲ့ ရောင်းဖိုးငွေအပြီးချေပြီး လက်ဝယ် ရရှိနေထိုင်သူတွေဖြစ်တဲ့အတွက် မြေ နဲ့အိမ်ကို လက်ရှိထားပိုင်ခွင့် (Possessory title) ရရှိမှာဖြစ်တယ်”

“ပိုင်ဆိုင်ခွင့်မရသေးပေမယ့် နေပိုင်ခွင့်တော့ ဥပဒေအရ ရပိုင်ခွင့် ရှိမယ်ပေါ့နော်”

“မှန်ပါတယ်။ သူငယ်ချင်းကို ရှင်းအောင် ပြောရရင် တရားရုံးချုပ် က ဆုံးဖြတ်ထားတဲ့ ဒေါ်မြမြနှင့် ဦးမောင်မောင်ရွှေ ၁၉၉၇ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက် နှာ ၈၅ အမှုမှာ အချင်းဖြစ်မြေနှင့် အိမ်ကို ဝယ်ယူထားကြသူနှစ်ဦး နှစ် ဖက်လုံးသည် ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေ ပုဒ်မ ၅၄၊ မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၁၇ တို့အရ မှတ်ပုံ တင်အရောင်းအဝယ် စာချုပ်အဖြစ် ချုပ်ဆိုရခြင်းမရှိသေးသည့် အရောင်း အဝယ်ကတိစာချုပ်များသာဖြစ်သ ဖြင့် ပိုင်ရှင်မဖြစ်ကြသေးပေ။ ဝယ် ယူပြီး အချင်းဖြစ်အိမ်ကို လက်ရှိဖြစ် သူသည် လက်ရှိထားပိုင်ခွင့် (Possessory title) ရရှိမည် ဖြစ်ကြောင်း’ လို့ ဆုံးဖြတ်ထားပါတယ်”

“ဒါဆိုရင် ဥပဒေနဲ့အညီနေပိုင် ခွင့်တော့ ရှိတယ်ပေါ့နော်”

“ဟုတ်ပါတယ်။ အကောင်းဆုံး အကြံပေးချင်တာကတော့ မြေနဲ့အိမ်ကို ဝယ်မယ်ဆိုရင် ဥပဒေနဲ့အညီ မှတ်ပုံတင်စာချုပ် ချုပ်ဆိုကြပါလို့ အကြံပေးချင်တယ် သူငယ်ချင်း။ ဒါမှ ဥပဒေနဲ့အညီ တရားဝင်ပိုင်ရှင်ဖြစ် လာမည်ဖြစ်ကြောင်း အကြံပြုဆွေး နွေးလိုက်ပါသည်။

ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်