တစ်ပြိုင်နက်တည်း ကွယ်လွန်သွားသည့် သားသမီးမရှိသော လင်မယားနှစ်ဦးပိုင် မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်
“သမီးကွယ်လွန်သွားလို့ သမီးရဲ့အိမ်ကို မိခင်က ရောင်းခွင့်ရှိတယ် မဟုတ်လား”ဟု မိတ်ဆွေတစ်ဦးက လာရောက်မေးမြန်းဆွေးနွေး ပါသည်။
“သမီးက အိမ်ထောင်မရှိဘူးဆို ရင်တော့ ဖြစ်ပါတယ်။ အခုကိစ္စက ဘယ်လိုဖြစ်လို့ပါလဲ”
“အိမ်နဲ့မြေက စျေးသင့်တာနဲ့ ဝယ်မယ်ဆိုပြီး သွားကြည့်တယ် ဆရာ”
“ဂရန်မြေလား၊ ဘယ်လိုမြေ အမျိုးအစားလို့ သိခဲ့လဲ”
“ဂရန်မြေပါ ဆရာ၊ လင်မယား နှစ်ယောက်အမည်ပေါက်ဖြစ်ပေမယ့် နှစ်ဦးလုံးက ကွယ်လွန်သွားကြပြီ ဆရာ”
“သားသမီးမကျန်ရစ်ခဲ့ဘူးလား”
“သားသမီးမထွန်းကားဘူး အတူနေအဖြစ် ဇနီးသည်ဘက်က အမေနဲ့ ညီမငယ်တစ်ဦးနေတယ်”
“အခု ကိစ္စမှာ ဇနီးသည်ရဲ့ မိခင်က ရောင်းမှာပေါ့”
“ဟုတ်ပါတယ်။ ရောင်းမယ်ဆိုတာသိတော့ ကွယ်လွန်သူ ယောကျ်ားဘက်မှ မိဘတွေက ကန့်ကွက်တာနဲ့ အရောင်းအဝယ်တန့်သွားတယ် ဆရာ”
“မြေကွက် အမည်ပေါက်က လင်မယားနှစ်ဦး အမည်ပေါက်ဆို တော့ ဇနီးမောင်နှံက ဘယ်သူအရင် ကွယ်လွန်သွားတာလဲ”
“ယောကျ်ားဖြစ်သူက အရင် ကွယ်လွန်သွားတယ်လို့ ပြောတယ်”
“နှစ်ယောက်လုံးက ဗုဒ္ဓဘာသာ ဝင်တွေပဲလား”
“ဗုဒ္ဓဘာသာဝင်တွေပဲထင်တယ်။ ကျွန်မသိထားတာကတော့ လင်ယောကျ်ားကွယ်လွန်ရင် ဇနီးက အမွေရပိုင်ခွင့်ရှိတယ်မဟုတ်လား ဆရာ”
“မှန်ပါတယ်။ ဇနီးကွယ်လွန်ရင် ခင်ပွန်းဖြစ်သူက ဇနီးသည်ရဲ့ ဝေစုကို ခံစားခွင့်ရသလို ခင်ပွန်းကွယ်လွန် သွားရင်လည်း ခင်ပွန်းသည်ရဲ့ ဝေစု ကို ဇနီးဖြစ်သူက အမွေခံစားခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခင်ပွန်းသည် နဲ့နှစ်ဦးပိုင် မြေကွက်ဟာ ဇနီးတစ်ဦး တည်းပိုင်ဆိုင်ခွင့် ရှိလာပါတယ်”
“ဒါဆိုရင် ဇနီးကွယ်လွန်သွားရင် သူ့မိဘတွေက အမွေဆက်ခံမှာပေါ့ နော်”
“သာမန်အားဖြင့်တော့ ဟုတ် တယ်၊ အခုကိစ္စက အကြောင်း တစ်ခုခုများ ရှိနေသေးတယ်ထင် တယ်”
“အချို့ကပြောတော့ အမွေထိန်း စာ လျှောက်ထားရမယ်လို့လည်း ပြောတယ် ဆရာ။ ဟုတ်ပါသလား”
“မိခင်ဖြစ်သူက အမွေထိန်းစာကို တရားရုံးမှာ လျှောက်ထားရင် လင်ယောကျ်ားဘက်က မိဘတွေကလည်း ကန့်ကွက်လျှောက်ထားမှာပဲ လေ၊ သိပ်တော့ မထူးပါဘူး။ အ ရောင်းအဝယ်ကတော့ ရပ်သွားမှာပဲ၊ စရန်ငွေ ပေးထားသေးလား”
“ဟုတ်ကဲ့ စရန်ငွေပေးထားလို့ သတင်းစာထဲမှာ ကန့်ကွက်သူ ရှိ မရှိထည့်လိုက်တော့ အခုလို ကန့် ကွက်လာတာဆရာ”
“အစောက ပြောသလို ကွယ်လွန်သူ လင်မယားနှစ်ဦးလုံးက ဗုဒ္ဓဘာသာဝင်တွေဆိုရင်တော့ သမီး ကွယ်လွန်တဲ့အခါ မိဘထံ အမွေ ဆင်းသက်မှာဖြစ်လို့ အရောင်းအဝယ် ဆက်လုပ်နိုင်တယ်လို့ ပြောရမှာပဲ။ ဒါပေမယ့် တစ်ဦးဦးကဖြစ်စေ လင် မယားနှစ်ဦးလုံးကဖြစ်စေ၊ ခရစ်ယာန် ဘာသဝင် ဒါမှမဟုတ် အခြား ဘာသာကိုးကွယ်ကြသူတွေဖြစ်ရင် တော့ အဲဒီ ဥပဒေအရသာ ဆောင် ရွက်ရမှာဖြစ်လို့ မိခင်ဖြစ်သူထံ အမွေ ဆင်းသက်ဖို့ ခက်ခဲသွားမှာဖြစ်တယ်”
“သေတမ်းစာကိစ္စတွေ ဘာမှမပြောတော့ ဗုဒ္ဓဘာသာဝင်တွေပဲဖြစ် မယ်ထင်တယ်။ အားလုံး ဗုဒ္ဓဘာသာ ဝင်တွေဆိုရင် အရောင်းအဝယ် တရားဝင်လုပ်လို့ရမယ်ပေါ့နော်”
“အင်း တစ်ခုတော့ စဉ်းစားမိ တယ်။ လင်မယားနှစ်ဦးလုံး ကွယ် လွန်ကြပြီးပြီဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် နှစ်ဘယ်လောက်ကြာမှ ကွယ်လွန်သွားကြတာလဲ”
“ရက်သိပ်မကွာဘူးထင်တယ် ဆရာ”
“ဘယ်လိုကြောင့် ကွယ်လွန် သွားကြတာလဲဆိုတာကော သိသ လား”
“ကားအက်ဆီးဒင်နဲ့ ကွယ်လွန် သွားကြတယ်လို့ အမေဖြစ်သူက ပြောပါတယ် ဆရာ”
“သြော်-ဒါဆိုရင်တော့လည်း”
“ဒါဆိုရင်ဘာဖြစ်သလဲဆရာ ကန့်ကွက်နိုင်တယ်ပေါ့ ဟုတ်လား”
“အင်း ကားအက်ဆီးဒင့်ကြောင့် ကွယ်လွန်ကြမယ်။ တစ်ဦးနဲ့တစ်ဦး ကွယ်လွန်ကြတာလည်း နှစ်ရက် သုံး ရက်လောက်ပဲ ကွာမယ်ဆိုရင်တော့ မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ အမွေဆက်ခံမှုကအပြောင်းအလဲတွေ ဖြစ်သွားနိုင်တယ်”
“ဗဟုသုတအဖြစ် ပြောပါဦး ဆရာ”
“မြန်မာဓလေ့ထုံးတမ်းဥပဒေ အရ သားသမီးမရှိသည့် လင်မယား နှစ်ဦးသည် တစ်ပြိုင်နက်တည်းကွယ် လွန်သွားသည်ဖြစ်စေ၊ တစ်ယောက် ကွယ်လွန်ပြီးနောက်၊ များမကြာမီ ကျန် တစ်ယောက်ကွယ်လွန်သွား သည်ဖြစ်စေ ကွယ်လွန်ကြလျှင် နှစ် ဖက်မိဘများ သို့မဟုတ် မိဘများမရှိ တော့လျှင် နှစ်ဖက်ဆွေမျိုးများက အ မွေခံစားခွင့်ရှိသည်လို့ သတ်မှတ်ထား တယ်”
“ဒါဆိုရင် အခုကိစ္စမှာ လင် မယားနှစ်ဦး ကွယ်လွန်တာ ရက်သိပ် မကွာကြဘူးဆိုရင် နှစ်ဖက်မိဘများ က အမွေရခွင့်ရှိမယ်ပေါ့နော်”
“ရှင်းအောင်ပြောရရင် တရားရုံး ချုပ်က ဆုံးဖြတ်ထားတဲ့ မအိန်နှင့် တင်ငါး-အောက်မြန်မာနိုင်ငံ တရား စီရင်ထုံး၊ အတွဲ ၈ စာမျက်နှာ ၁၉၇ အမှုမှာ သမီးနှင့်သားမက်တို့သည် တစ်ရက်ခြား ကွယ်လွန်သွားသဖြင့် နောက်မှ ကွယ်လွန်သည့် သားသမီး ၏ မိဘသည် အလျင်ကွယ်လွန် သည့် သားသမီး၏ မိဘကို အမွေမှ ပယ်မထုတ်နိုင်လို့ ဆုံးဖြတ်ထားတာ ရှိတယ်။ ဒါကြောင့် အခုကိစ္စမှာ သတ်မှတ်ထားတဲ့ ဥပဒေဘောင်အ တွင်း အကျုံးဝယ်မယ်ဆိုရင်တော့ နှစ်ဖက်မိဘများက အမွေဆက်ခံခွင့် ရှိမှာဖြစ်တယ်” ဟု ဆွေးနွေးလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်