လင်မယားကွာရှင်းပြီးနောက် ကိတ္တိမမွေးစားစာချုပ် ပြုလုပ်မွေးစားခံရသူထံမှ မြေနှင့်အိမ်ကို ဝယ်မည်ဆိုလျှင်
‘ဦးအောင်မြင့်ရောက်နေတာ ကိုး၊ အရေးတကြီး ကိစ္စရှိလို့လား”
စာရေးသူက မိမိ၏ ရုံးခန်းရှေ့ တွင် ဦးစွာရောက်နေသော မိတ်ဆွေ အား နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။
“ဟုတ်တယ် ဆရာရယ်၊ အရေး အကြောင်း ကိစ္စရှိတာနဲ့ စောစော ထွက်လာတာ”
ဦးအောင်မြင့်မှာ အိမ် ခြံ မြေ တိုက်ခန်းရောင်းဝယ်ငှားတွင် အကျိုး ဆောင်ပေးသူဖြစ်သည်။ တစ်နည်း အားဖြင့် ပြောရလျှင် အိမ်ပွဲစားဟု ပြောရမည်ထင်သည်။
“အိမ် ခြံ မြေတွေ အရောင်းအ ဝယ် အေးနေဆဲပဲလား”
စာရေးသူက စကားစတင်ပြော လိုက်ပါသည်။
“အေးတယ်လို့ပဲ ပြောရမှာပဲ၊ အရောင်းထက်အငှားတွေက ပိုများ တယ်”
“အရောင်းအဝယ်အေးတယ် ဆိုပေမယ့် အိမ်စျေး၊ မြေစျေးက မကျပါလား”
“အမြင့်စျေး မိထားတဲ့ သူတွေ ကလည်း စျေးကိုင်ထားတာပေါ့လေ”
“ရန်ကုန်ကြည့်မြင်တိုင်တစ် ဖက်ကမ်းမှာ အိမ်ဆောက်လုပ်ရေး စီမံကိန်းတွေရှိတယ်ဆို၊ တံတားထိုး မယ်လို့လည်းကြားတယ်။ အဲဒီဘက် မှာတော့ မြေစျေးတွေလှုပ်မှာပေါ့”
“အရောင်းအဝယ် နည်းနည်း ပါးပါးတော့ရှိတယ်။ ဒါပေမယ့် တွင် တွင်ကျယ်ကျယ်တော့မရှိသေးပါဘူး။ အချို့ကလည်း မိမိမြေကွက်က စီမံ ကိန်းနယ်မြေထဲ ပါသွားရင် လျော် ကြေး ဒါမှမဟုတ် တိုက်ခန်းတစ်ခန်း နှစ်ခန်းတော့ရမှာပဲဆိုပြီး အတွေးနဲ့ ရင်းနှီးမြှုပ်နှံကြတာလည်း တွေ့ရ တယ်”
“အင်းပေါ့လေ၊ စွန့်စားပြီး ရင်း နှီးမြှုပ်နှံသူတွေလည်း ရှိမှာပေါ့”
“အခုကိစ္စက ထူးထူးဆန်းဆန်း လေးဖြစ်နေလို့၊ ဆရာ့ဆီ လာဆွေး နွေးတာ”
“ဒါဆိုလည်း နားထောင်ကြည့် တာပေါ့ဗျာ”
“အရောင်းအဝယ်လုပ်ဖို့အား လုံး စီစဉ်ပြီး စရန်ပေးတဲ့နေ့မှ ကန့် ကွက်သူ ပေါ်လာလို့ ဆရာ”
“မြေကွက်က ဂရန်မြေပဲလား ဘယ်လို မြေအမျိုးအစားလဲ”
“ဂရန်ထွက်ပြီးသား။ အဘိုးကြီး၊ အဘွားကြီး လင်မယားနှစ်ယောက် အမည်ပေါက်”
“နာမည်ပေါက်ကိုယ်တိုင် ရောင်း တာလား၊ နှစ်ဦးလုံး သက်ရှိ ထင်ရှား ရှိသေးလား”
“ဂရန်အမည်ပေါက် လင်မယား နှစ်ယောက်က သားသမီး မထွန်းကား လို့ မွေးစားသမီးတစ်ယောက်ရှိတယ်”
“မွေးစားတယ်ဆိုတာက မှတ်ပုံ တင် ကိတ္တိမမွေးစား စာချုပ်နဲ့ မွေး စားတာလား၊ ကောက်ယူမွေးစားတဲ့ သဘောလား”
“အစကတော့ ဒီလိုပဲ ခေါ်ယူ မွေးစားလိုက်တာပေါ့၊ နောက်တော့ လည်း တရားဝင်ကိတ္တိမမွေးစား စာချုပ်ချုပ်ဆိုတယ်လို့ သိရတယ်”
“အင်း-အခုပြောပြတဲ့ အဆင့် အထိတော့ ဘာပြဿနာမှ မတွေ့ သေးဘူး၊ ကဲ-ဆက်ပြောပါဦး”
“လင်ယောကျ်ားက နောက်မိန်း မယူထားတယ်ဆိုပြီး ပထမမယားက ကွာရှင်းခွင့်တောင်းတယ်”
“တရားရုံးမှာပဲ နှစ်ဦးသဘောတူ ကွာရှင်းကြတာလား၊ ပစ္စည်းခန်းမခွဲ ဝေကြဘူးလား”
“ပထမမယားက တရားရုံးမှာ လင်မယားကွာရှင်းခွင့်လျှောက်ထား တောင်းဆိုတော့ ရုံးတော်က ကွာရှင်း ခွင့်ပေးလိုက်တယ်ပြောတယ်။ ဒါပေ မယ့် ပစ္စည်းခန်းတော့ မခွဲဝေရသေး ဘူးလို့ နောက်မှသိရတယ်”
“အခုရောင်းမယ်ဆိုတဲ့ အိမ်က အမွေမခွဲရသေးတဲ့ အထဲမှာပါနေမှာ ပေါ့”
“ဟုတ်တယ် ဆရာ၊ ပြဿနာက ပထမ မယားက ပစ္စည်းခန်းမခွဲဝေ ရသေးမီမှာ ကွယ်လွန်သွားတယ်”
“ဒါဆိုရင်ကိတ္တိမမွေးစားသမီး က ရှိတယ်မဟုတ်လား”
“ရှိတယ် ဆရာ”
“ဒါကတော့ ရှင်းပါတယ်။ လင် မယားကွာရှင်းပြီးမှ ကွယ်လွန်တာဆို တော့ မိခင်ကွယ်လွန်သူရဲ့ ဝေစုကို ကိတ္တိမသမီးက ခံစားခွင့်ရှိသွားမှာ ပေါ့”
“အချို့က ပြောတော့ ဇနီးဝေစု ကို ယောကျ်ားဖြစ်သူကသာ ခံစားခွင့် ရှိတယ်လို့ ပြောတယ်”
“လင်မယားနှစ်ဦးပေါင်းဖက် နေစဉ်မှာ တစ်ဦးဦးကွယ်လွန်သွား ရင်တော့ ကွယ်လွန်သူရဲ့ ဝေစုကို ကျန်တဲ့ သူက အမွေရခွင့်ရှိတယ်။ ဒါပေမယ့်နှစ်ဖက်ကွာရှင်းပြီးမှ တစ် ဦးဦးကွယ်လွန်သွားရင် ကျန်တဲ့ သူ က ကွယ်လွန်သူရဲ့ အမွေပစ္စည်းဝေစု ကို ရပိုင်ခွင့်မရှိတော့ဘူး။ ကွာရှင်း လိုက်တာနဲ့ တစိမ်းတွေဖြစ်သွားလို့ပဲ၊ ဥပဒေအရ ဘာမျှ ရပိုင်ခွင့်မရှိတော့ ဘူး သူငယ်ချင်း”
“ကွာရှင်းပြီး ပစ္စည်းခန်းမခွဲဝေ ရသေးဘူးဆိုတော့ အခုရောင်းမယ် ဆိုတဲ့ အိမ်ကို ကိတ္တိမမွေးစား သမီးနဲ့ မွေးစားဖခင်တို့ ပူးတွဲပိုင်မှာပေါ့ မဟုတ်ဘူးလား”
“မှန်ပါတယ်။ မွေးစားသမီးနဲ့ ဖခင်တို့ နှစ်ဦးက ရောင်းပြီး ရောင်းရ ငွေကို နှစ်ဦးခွဲဝေယူလိုက်ရင်ပြီးပြီလေ၊ ဘာအခက်အခဲရှိလို့လဲ”
“အစီအစဉ်ကလည်း ဆရာပြော သလို နှစ်ဖက်သဘောတူကြတယ်။ ဝယ်လက်ရှိတာနဲ့ ခေါ်တွေ့ပြီး အဆင် ပြေသွားတယ်ဆိုပါတော့ ဆရာရယ်”
“စရန်ငွေပေးတဲ့ နေ့မှ ကန့် ကွက်သူပေါ်လာတယ်ပေါ့”
“ဟုတ်တယ် ဆရာ၊ ကွယ်လွန် သွားတဲ့ မွေးစားမိခင်ရဲ့ အစ်ကိုက ကန့်ကွက်တာ”
“ဆွေမျိုးစပ်ရင်တော့ မွေးစား သမီးနဲ့ ဘကြီးတော်စပ်မှာပေါ့၊ သူက ဘာအကြောင်းနဲ့ ကန့်ကွက်တယ်လို့ ပြောသလဲ”
“လင်မယား ကွာရှင်းပြီးမှ မွေးစား စာချုပ်ပြုလုပ်တာမို့ တရားမဝင် ဘူးဆိုပြီး ကန့်ကွက်တာဆရာ”
“မွေးစားစာချုပ်က တရားမဝင် လို့ ကွယ်လွန်သူရဲ့ ဝေစုကို အစ်ကို ဖြစ်သူက ရထိုက်တယ်ဆိုပြီး ပြောမှာ ပေါ့”
“ဟုတ်တယ် ဆရာ၊ သူ့ရပိုင်ခွင့် မရရင် တရားစွဲမယ်ဆိုတာနဲ့ အရောင်းအဝယ် ပျက်သွားတယ်။ ဒီလို ကိစ္စရပ်မျိုးဆိုရင် ဥပဒေအရ ဘယ် လိုဖြစ်နိုင်တယ်ဆိုတာ သိချင်လို့ ဆရာ”
“ဒီလိုကိစ္စမျိုးက ထူးထူးခြားခြား မို့ ကျွန်တော်မှတ်သားထားတဲ့ တရား ရုံးချုပ်က စီရင်ထုံးတစ်မှုရှိတယ်”ဟု စာရေးသူက ပြောဆိုရင်း စီရင်ထုံး စာအုပ်ကို ရှာဖွေလိုက်ပါသည်။ပြီးမှ တရားရုံးချုပ်က ဆုံးဖြတ်ထားသော “ဒေါ်လှတင်၊ ဦးလှဝင်း (ကွယ်လွန် သူ ဒေါ်ဖွားစိန် (ခ) ဒေါ်တင်ရီ၏ တရားဝင် ကိုယ်စားလှယ်) နှင့် ဦးအောင်မြင်ပါ သုံးဦး၊ ၁၉၉၇ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက် နှာ ၁ဝ၈” စီရင်ထုံးကို ရှင်းပြလိုက်ပါ သည်။
ဒီအမှုမှာဆိုရင် ‘ဒေါ်လှတင် သည် ဦးအောင်စိန်နဲ့ လင်မယား ကွာ ရှင်း ပြတ်စဲပြီး နောက်အိမ်ထောင်ပြု ခဲ့သည်။ လင်မယားနှစ်ဦးကွာရှင်းပြီး သော်လည်း ပစ္စည်းခန်းမခွဲဝေကြ သေးပေ။ ဒေါ်လှတင်သည် ဦးအောင် စိန်နှင့် လင်မယားကွာရှင်းပြီးနောက် မှ မဖွားစိန်ကို ဦးအောင်စိန်နဲ့အတူ ကိတ္တိမသမီးအဖြစ် မွေးစား စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဒေါ်လှတင် သည် နောက်အိမ်ထောင်နှင့် တရား ဝင် ခင်ပွန်းရှိလျက်နှင့် ကွဲကွာပြီး သော ခင်ပွန်းဦးအောင်စိန်ကို ခင်ပွန်း နေရာထား၍ မွေးစားမိဘပြုလုပ်ခြင်း သည် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနဲ့ မညီညွတ်သောကြောင့် ကိတ္တိမမွေး စားစာချုပ်မှာ ပျက်ပြယ်သည်လို့ အမိန့်ချမှတ်ခဲ့တယ် သူငယ်ချင်း”
“ဒါဆိုရင် အခုကိစ္စမှာလည်း ကွာရှင်းပြီးမှ မွေးစားစာချုပ် ချုပ် တယ်ဆိုရင် မွေးစားစာချုပ်က ပျက် ပြယ်နိုင်တာပေါ့”
“မှန်ပါတယ် သူငယ်ချင်း”ဟု ရှင်းပြဆွေးနွေးလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်