မိသားစုစီမံမှုဖြင့် ခွဲဝေထားသည်ဆိုသော အိမ်မြေတိုက်ခန်းတို့ကို ဝယ်မည်ဆိုလျှင်
“မြန်မာဗုဒ္ဓဘာသာဝင်တွေက သေတမ်းစာရေးခွင့်မရှိဘူး မဟုတ်လား”
“အင်း ဟုတ်တယ်လေ”
“မြန်မာဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မိဘများမကွယ်လွန်မီမှာ သားသမီးများနဲ့အတူ အမွေပစ္စည်းကို မိသားစု စီမံမှုဆိုပြီး အမွေခွဲ ခွင့်ရှိတယ်ဆိုတာ ဟုတ်သလား”
မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးခြင်းဖြစ် သည်။
“ဒါလည်း မှန်တာပဲ။ ဒါပေမယ့် သူငယ်ချင်း တွေ့ကြုံနေရတဲ့ ကိစ္စကို ပြောမှ ရှင်းပြတာ အဆင် ပြေမှာပေါ့။ အိမ်မြေဝယ်လိုက်တာ ဘာပြဿနာရှိလာလို့လဲ”
စာရေးသူက မိတ်ဆွေ၏ အ ရိပ်အကဲကိုကြည့်၍ ခန့်မှန်းပြော လိုက်ခြင်းဖြစ်သည်။
“အခုကိစ္စက ရောင်းမယ်ဆိုတဲ့ အိမ်နဲ့မြေဟာ သမီးကြီးဖြစ်သူကို မိဘများမကွယ်လွန်မီကတည်းက မိသားစုစီမံမှုအနေနဲ့ ပေးကမ်း ခဲ့တာလို့ ပြောတယ်”
“အပေးစာချုပ်တွေ၊ မိသားစု စီမံမှုပြုတဲ့ စာချုပ်တွေရှိမရှိ မမေး ခဲ့ဖူးလား”
“တတ်သလောက်၊ မှတ်သလောက်တော့ မေးတာပေါ့။ မှတ်ပုံ တင်ချုပ်ဆိုထားတဲ့ အပေးစာချုပ် တော့ မရှိဘူး”
“အပေးစာချုပ်တော့ မရှိဘူး ဆိုတာက အခြားစာရွက်စာတမ်း တော့ရှိမယ့် သဘောပဲ”
“အစောကပြောတဲ့ မိသားစု စီမံမှုပြုလုပ်ထားတဲ့ စာရွက်စာ တမ်းတစ်ခုတော့ရှိတယ်”
“မိသားစု စီမံမှု စာချုပ်က မှတ်ပုံတင်ထားသလား”
“မှတ်ပုံတော့ မတင်ထားဘူး။ ဒါပေမယ့် ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံး၊ ယခင်ကတော့ ရပ်ကွက် အေးချမ်းသာယာရေး အဖွဲ့ပေါ့။ ရပ်ကွက်ရုံးမှာ ပြုလုပ်ပြီး ရပ်ကွက် ဥက္ကဋ္ဌက သိရှိကြောင်း လက်မှတ် ရေးထိုးထားတာတွေ့ရတယ်”
“သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းကို အသိပေးပြီး ရပ် ကွက်ဥက္ကဋ္ဌက သိရှိကြောင်း လက် မှတ်ရေးထိုးခြင်းမှာ အခိုင်အမာ ရပ်တည်ချက်တော့ရှိသွားတာပေါ့”
“အချို့က ပြောတော့ မိသား စု အချင်းချင်း သဘောတူညီလို့ ပေးတာမျိုးက နှုတ်အားဖြင့် ပြော ဆိုပေးကမ်းရင်လည်း ဥပဒေအရ တရားဝင်တယ်ဆိုတာ ဟုတ်သလား”
“မိသားစုအားလုံးက သဘော တူရင်တော့ဖြစ်တယ်။ မိသားစု အားလုံးဆိုတာက မိဘနှစ်ဦးလုံးရှိ သေးရင်လည်း ပါမယ်ပေါ့။ အဓိက အချက်ကတော့ အမွေဆက်ခံမယ့် သားသမီးအားလုံးက သဘောတူရ မှာဖြစ်တယ်။ သားသမီးအားလုံးဆိုတာ သားသမီးလေးဦးရှိရင် လေးဦး လုံးက သဘောတူညီချက်နဲ့ အမွေ ခွဲဝေပေးတာမျိုးဖြစ်ရမယ်”
“သားသမီးတစ်ဦးက နယ်မှာ အလုပ်တာဝန်ကျနေမယ်ဆိုရင်”
“သူကိုယ်တိုင်ရှိဖို့တော့လို တယ်။ နှုတ်အားဖြင့် အမွေခွဲဝေ ခြင်းက အမွေဆက်ခံသူအားလုံး သိရှိကြားရပြီး သဘောတူညီဖို့လို တယ်။ ဗဟုသုတအဖြစ် ပြောပြရ မယ်ဆိုရင် တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ ‘ဦးကာစင်နှင့် ဦးအုန်း ရွှေ၊ ၁၉၈ဝ ခုနှစ် မြန်မာနိုင်ငံ စီရင် ထုံး စာမျက်နှာ ၈၃’မှာ အမွေရှင် မိဘများ ကွယ်လွန်ပြီး နောက် ကျန် ရစ်ခဲ့သော ပစ္စည်းများအပေါ် အမွေဆက်ခံသူသားသမီးအားလုံး က မိသားစု စီမံမှုပြုလုပ်ခွဲဝေရာ တွင် စာချုပ် ချုပ်ဆိုရန်ပင်မလိုဘဲ နှုတ်အားဖြင့် အမွေဆက်ခံသူအား လုံးက အမွေခွဲဝေရယူနိုင်ကြောင်း ဆုံးဖြတ်ထားပါတယ်”
“ဒီလိုဆိုရင် အမွေဆက်ခံသူ အားလုံးရှေ့မှာ နှုတ်အားဖြင့် အမွေ ခွဲယူနိုင်တယ်လို့ ဆိုလိုတာပေါ့”
“မှန်ပါတယ်။ အမွေဆက်ခံ သူအားလုံးက သဘောတူရင်နှုတ် အားဖြင့် အမွေခွဲဝေရယူနိုင်မှာ ဖြစ်ပါတယ်”
“အခုကိစ္စက…”
“ကဲ ဆက်ပါအုံး၊ ပြဿနာက”
“စရန်ငွေပေးပြီး ကန့်ကွက် ရန် ရှိ မရှိ၊ သတင်းစာထဲမှာ ကြေညာလိုက်တော့”
“ကန့်ကွက်သူ ပေါ်လာတယ် ဆိုပါတော့”စာရေးသူက စကား ဖြတ်၍ မေးလိုက်ခြင်းဖြစ်သည်။
“ညီမနှစ်ယောက်က ကန့် ကွက်လာတယ်”
“မောင်နှမဘယ်နှယောက် ရှိလို့လဲ”
“လေးယောက်ရှိတယ်။ အမှတ် ၂ ဖြစ်တဲ့ မောင်ကတော့ လူပျိုကြီးလည်း ဖြစ်တယ်။ အစ်မ ကြီးနဲ့အတူနေဆိုတော့ ပြဿနာ မဖြစ်ဘူးပေါ့။ ကျန်ညီမတွေက အိမ်ထောင်ခွဲတွေဖြစ်ကြတယ်။ အတူမနေကြဘူး”
“ကန့်ကွက်တဲ့ အကြောင်းအ ရင်းကို မေးမကြည့်မိဘူးလား။ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မိသားစု စီမံမှုစာချုပ်ပြုလုပ်ခဲ့တယ်ဆို မ ဟုတ်ဘူးလား”
“အငယ်ဆုံး သမီးက ရပ်ကွက် ရုံးကို လိုက်မလာဘူးပြောတယ်”
“မိဘတွေက သဘောတူ ကြောင်း လက်မှတ်ရေးထိုးထားသ လား”
“ဖခင်က ကွယ်လွန်သွား တော့ မိခင်ဖြစ်သူက သူမသေမီ၊ သားသမီးတွေကို အမွေခွဲဝေပေး ချင်တယ်ဆိုပြီး ခေါ်လိုက်တယ် ပြောတယ်”
“သားသမီး လေးဦးလုံးကို ခေါ်လိုက်ပြီဆိုတော့ မိခင်ပါဆိုရင် ငါးဦးအပြည့်အစုံ ရောက်ကြပြီ ပေါ့၊ အားလုံးသဘောတူလုပ်ခဲ့တာ မဟုတ်လား”
“အမှတ်(၃) ဖြစ်တဲ့ ညီမက တော့ နယ်မှာ အလုပ်တာဝန်နဲ့ ရှိနေတယ်တဲ့၊ သူကတော့ မလာ နိုင်ဘူး။ အမေစိတ်ချမ်းသာရင်ပြီး တာပဲလို့ ပြောပြီး၊ ရေငုံနေတဲ့ သဘောမျိုးနဲ့ နေလိုက်တယ်”
“နောက်ဆုံး ညီမငယ်က ရပ် ကွက်ရုံးလိုက်မလာဘူးဆိုတော့ သဘောမတူတဲ့သဘော ဖြစ်သွား တယ်။ သူကိုယ်တိုင် လက်မှတ်ထိုး ခဲ့တာ မရှိဘူးပေါ့”
“မှန်ပါတယ်။ အငယ်ဆုံးမို့ အလိုကလည်း လိုက်ထားကြတယ်။ ဒါကြောင့် သူမပါပဲ မိခင်ရယ်၊ အစ်မ ကြီးရယ်၊ မောင်ငယ်ရယ် သုံးဦးသာ ရပ်ကွက်ရုံးရှေ့မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်တယ်”
“ဥပဒေအရဆိုရင်တော့ အငယ်ဆုံးသမီးက သဘောမတူတဲ့ အခြေအနေမှာ ရှိနေတယ်”
“ဒါဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ”
“မြန်မာ့ဓလေ့ထုံးတမ်း ဥပ ဒေအရ အမွေပစ္စည်းခွဲဝေကြရာ မှာ မိသားစု စီမံမှု အမွေပစ္စည်း၌ အခွင့်အရေးရှိသူအားလုံးပါဝင်ကြ ပြီး၊ အချင်းချင်း သဘောတူညီဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တရားရုံးမှာ အမွေပုံပစ္စည်း စီမံခန့် ခွဲပေးစေမှုစွဲဆိုရင် အမွေဆက်ခံသူ အားလုံးကို ထည့်သွင်းစွဲဆိုရပါ တယ်။ မပြည့်စုံရင်စွဲဆိုထားတဲ့ အမှုကို တရားရုံးမှ ဖယ်ချခွင့်ရှိပါ တယ်”
“အမွေဆက်ခံသူတစ်ဦးဦး က အမွေခွဲဝေမှုကို မကျေနပ်ရင် မိသားစု အမွေခွဲဝေမှုဟာ ပျက် ပြယ်သွားနိုင်တာပေါ့နော်”
“မှန်ပါတယ်။ သူငယ်ချင်းကို ရှင်းအောင် ပြောရရင် တရားရုံး ချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်ငွေ လှိုင်ပါ ရှစ်ဦးနှင့် ဦးလှဆောင်ပါ သုံးဦး၊ ၁၉၉၁ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၅ဝ အမှုမှာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ‘မိသားစုစီမံမှုဆိုသည်’ မှာ ပစ္စည်းရှင် မကွယ်လွန်မီ၊ ပစ္စည်းရှင်နှင့် မိသားစုဝင်တို့၏ သဘောတူညီမှုဖြင့်၊ ပစ္စည်းရှင် သေဆုံးသည့်အခါ အမွေပစ္စည်း များကို မည်သို့ခွဲဝေယူကြမည်ဆို သည့် စီမံမှုကို ခေါ်သည်။ မိသားစု စီမံမှုပြုလုပ်ရာတွင် အမွေပစ္စည်း အခွင့်အရေးရှိသူများအားလုံးပါဝင် ၍ အချင်းချင်း သဘောတူညီမှုရှိ ရန်လိုသည်။ ဤအမှုတွင် ဦးလှ ဆောင်သည် ကျေးရွာကောင်စီ လူမှုရေးကော်မတီရုံး၌ မိဘဖြစ်သူ များက မိမိအပါအဝင် သားသမီး ၄ ဦးကို ရွှေ၊ ငွေ၊ မြေနှင့် အိမ်အား ခွဲဝေပေးကြောင်း တင်ပြပြီး ကျေး ရွာ ကောင်စီရုံးက မှတ်တမ်းပြုထား သော ဦးလှဆောင်တစ်ဦးတည်း တင်ပြချက်သာဖြစ်၍ တရားမဝင် ကြောင်း ဆုံးဖြတ်ထားပါတယ်”
“ဒါဆိုရင် အခုကိစ္စမှာ ကျန် တဲ့ မောင်နှမတွေကလည်း ရပိုင် ခွင့်ရှိတယ်ပေါ့”
“မှန်ပါတယ်၊ ဒါကြောင့် မောင် နှမ လေးဦးလုံး သဘောတူညီချက် ရမှ ဝယ်သင့်တယ်သူငယ်ချင်း”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်