မိထွေးပထွေးဆိုသူတို့ထံမှ အိမ်မြေဝယ်မည်ဆိုလျှင်
ပြီးခဲ့သည့် ရက်ပိုင်းက စာရေး သူထံ မိတ်ဆွေတစ်ဦး ရောက်လာ ပါသည်။
“မတွေ့တာကြာပြီ သူငယ် ချင်း၊ မင်္ဂလာပါ”
စာရေးသူကပင် ခရီးဦးကြို ဆိုလိုက်ပါသည်။
“အင်း-ဥပဒေသမားဆီလာ တယ်ဆိုတော့ ပြဿ နာရှိမှပဲ လာတယ်ဖြစ်နေပြီ”
“ဒီလိုပါပဲ၊ ကိုယ့်အလုပ်နဲ့ ကိုယ် မအားကြပါဘူး။ ကိစ္စရှိမှပဲ လာကြ၊ တွေ့ကြ ဖြစ်ရတော့တယ်။ ကဲ-ဘာအခက်အခဲရှိနေလို့လဲ”
“လင်ယောက်ျား ကွယ်လွန်ရင် မယားက အမွေအားလုံးရ တယ်ဆိုတာဟုတ်လား”
“လင်မယားနှစ်ဦးလုံးက ဗုဒ္ဓဘာသာဝင်တွေဖြစ်ရင်တော့ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ သူငယ်ချင်းပြောသလို လင်သေလျှင် မယားက အမွေခံစားခွင့်ရှိသလို မယားသေလျှင်လည်း လင်ဖြစ်သူက မယားရဲ့ဝေစုကို ခံစားခွင့်ရှိတယ်။ တစ်ခုတော့ရှိတယ်။ တစ်ဦးဦးက အိမ်ထောင်ကျပြီး အိမ် ထောင်ကြီးဖြစ်ရင်တော့ အမွေခံစားခွင့် အချိုးအစားက ပြောင်းလဲသွားတယ်”
“အခုကိစ္စက အဲဒီသဘောမျိုး ဖြစ်နေလို့”
“ဖြစ်စဉ် ပြောပြပါဦး”
စာရေးသူက ဆွေးနွေးပွဲကို ဖွင့်လိုက်ပါသည်။
“အသိတစ်ယောက်က သူ့ခင် ပွန်းကွယ်လွန်သွားလို့ သူတို့ ပိုင်တဲ့ မြေနဲ့ အိမ်ကို ရောင်းမယ်ပြော တော့ သွားကြည့်ခဲ့တယ်”
“မြေက ဂရန်မြေလား၊ အခြေ အနေ ဘယ်လိုရှိလဲ”
“မြေဂရန် မြေဖြစ်ပြီး သူ့ခင် ပွန်းအမည်ပေါက်ဖြစ်တယ်”
“ဒါဆို ဘာအခက်အခဲရှိလို့ လဲ၊ ဇနီးဖြစ်ကြောင်း အမွေဆက် ခံပိုင်ဆိုင်သူဖြစ်ကြောင်းတို့ကို မှတ် ပုံတင်ကြေညာစာတမ်းချုပ်ဆိုပြီး၊ အရောင်းအဝယ်မှတ်ပုံတင် စာ ချုပ် လုပ်လို့ရတာပဲ”
“သူငယ်ချင်း ပြောတာမှန်ပါ တယ်။ ဒါကြောင့် မြေပုံမြေရာဇဝင် ကို မြို့တော် စည်ပင်မြေယာဌာန မှာ လျှောက်တော့ ကန့်ကွက်ထား တယ်ဆိုတာ သိရတယ်”
“ဘယ်သူက ကန့်ကွက်တာ လဲ”
“ခင်ပွန်းသည်ရဲ့ ပထမအိမ်ထောင်မှ သားသမီးတွေက ကန့် ကွက်တာ”
“ဥပဒေအရ ပြောရရင်တော့ မိထွေးနဲ့ ခင်ပွန်းသည်ရဲ့ သားသမီး တွေရဲ့ အမွေကိစ္စဖြစ်သွားပြီပေါ့။ ရောင်းသူက ကန့်ကွက်ထားတာ မပြောပြထားဘူးလား”
“သူကိုယ်တိုင်လည်းမသိဘူး ပြောတာပဲ၊ မြေပုံကူးလျှောက်ထား မှ ကန့်ကွက်ထားတာ သိရတယ်လို့ ပြောတယ်”
“ကွယ်လွန်သွားတဲ့ ခင်ပွန်းက အိမ်ထောင်ကြီးဖြစ်ပြီး သားသမီး တွေ ကျန်ခဲ့တဲ့အဖြစ်အပျက်လည်း ရောင်းသူက သူငယ်ချင်းကို ပြော ပြမထားဘူးလား”
“မူလကတည်းက ပြောပြရင် စရန်ဘယ်ပေးလိမ့်မလဲ၊ စဉ်းစား မှာပါ့။ အခုတော့ မြေပုံကူးဖို့နဲ့ မှတ်ပုံတင်ရုံးမှာ သူတစ်ဦးတည်း ပိုင်ကြောင်း စာချုပ်ပြုလုပ်ရမှာမို့ စရန်ချပါဆိုတာနဲ့ စရန်ငွေချပေး ထားခဲ့တယ်”
“အေးပေါ့လေ၊ သူလည်း ကန့် ကွက်မယ် မထင်လို့ပေါ့။ အခု ရောင်းမယ်ဆိုတဲ့ အမျိုးသမီးနဲ့ သားသမီးထွန်းကားသေးလား”
“သားသမီးလည်း မရှိဘူးပြော တယ်”
“ခင်ပွန်းသည်ရဲ့ ပထမအိမ် ထောင်က သားသမီးတွေက သူနဲ့ အတူနေတာလား”
“တွေ့မြင်ရတာတော့ အတူ နေပုံမပေါ်ဘူး”
“အခု ကန့်ကွက်တဲ့ သူက မောင်နှမဘယ်နှယောက်လဲ၊ အိမ် ထောင်ကျကုန်ပြီလား”
“မောင်နှမ သုံးယောက်လို့ ပြောတယ်။ အိမ်ထောင် နှစ် ယောက်ကျသွားပြီး အိမ်ခွဲနေကြ တယ်။ လူလွတ်ကတော့ သူ့အစ်မ အိမ်ထောင်သည်နဲ့အတူနေတယ် လို့ သိရတယ်”
“သားသမီးတွေ အိမ်ထောင်မ ကျမီကတော့ ဖခင်နဲ့ အတူနေခဲ့ပုံ ဖြစ်မယ်။ ပထမဇနီးက ကွယ်လွန် သွားတာလား၊ ကွဲသွားတာလား”
“ကွယ်လွန်သွားတယ်လို့ ပြောတယ်။ ဒုတိယ မိန်းမရဲ့ ပြော စကားအရတော့ သားသမီးတွေကို အမွေခွဲဝေပြီးသားလို့ ပြောတာပဲ”
“အထောက်အထား ခိုင်ခိုင် မာမာရှိတယ်ဆိုရင်တော့ ပြဿနာ မရှိဘူးပေါ့။ ဒါပေမယ့် ဖခင်မ ကွယ်လွန်မီက သားသမီးတွေကို အမွေခွဲဝေမပေးခဲ့ဘူးဆိုရင် သား သမီးတွေက တစ်စိတ်တစ်ပိုင်း အမွေရခွင့်ရှိမှာဖြစ်တယ်”
“ဒုတိယဇနီးပြောတာတော့ သူတို့မောင်နှံလက်ထပ်ပြီးမှ တိုးပွား ဖြစ်ထွန်းလို့ ဝယ်ထားတဲ့ မြေနဲ့ အိမ်လို့ပြောတာပဲ”
“ဘာပဲဖြစ်ဖြစ်လေ ဖခင်မ ကွယ်လွန်မီက လက်ထက်ပွား ပစ္စည်းဖြစ်ရင်လည်း ယခင်က သားသမီးတွေကို တစ်ကြိမ်တစ်ခါ မျှ အမွေခွဲဝေမပေးခဲ့ဘူးဆိုရင် အခု ကျန်ပစ္စည်းအပေါ် အမွေရထိုက် ခွင့်ရှိမှာဖြစ်တယ်”
“ဒါဆိုရင် အမွေပစ္စည်းအဖြစ် မဖြစ်မနေခွဲဝေပေးရမယ့် သဘော ရှိနေတာပေါ့”
“မှန်ပါတယ်။ ဒါနဲ့ ပတ်သက် လို့ သူငယ်ချင်းကို ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံး ဖြတ်ထားတဲ့ ‘ဒေါ်သောင်းနှင့်မမြ ဝင်း၊ ၁၉၉၁ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၇၂’ အမှုမှာ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ သားသမီးတို့သည် မိရင်း ဖရင်းတို့ထံမှ အမွေကို ဥပဒေနှင့်အညီခွဲဝေရရှိခြင်း အလျှင်းမရှိပါက မိရင်းဖရင်းနှင့် မိထွေး ပထွေးတို့ ပေါင်းသင်းစဉ် သားသမီး ထွန်းကားခြင်းမရှိလျှင် ထိုသို့ပေါင်းသင်းစဉ်ဖြစ်ထွန်းသော လက်ထက်ပွားပစ္စည်း၌ သားသမီးများက အမွေရထိုက်ခွင့်ရှိသည်ဟု ဆုံးဖြတ်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် သူငယ်ချင်း ဝယ်မယ်ဆိုတဲ့ အိမ်မြေကိစ္စမှာ လည်း သားသမီးတွေက ဖရင်း မိရင်းထံက အမွေလုံးဝ ရရှိခဲ့ခြင်းမရှိ ခဲ့ရင်တော့ မိထွေးထံကနေ ရပိုင်ခွင့်ရှိမှာဖြစ်တယ်”
“အခုကိစ္စက မိထွေးအနေနဲ့ အမွေခွဲမပေးဘူးဆိုရင် ဘယ်လို ဖြစ်လာနိုင်သလဲ”
“အရောင်းအဝယ်မဖြစ်ဘဲ ရပ်သွားဖို့ရှိတာပေါ့။ ဒါကြောင့် အိမ်မြေဝယ်မယ်ဆိုရင် ကန့်ကွက်နိုင်သူရှိမရှိ၊ အမည်ပေါက် နဲ့ ဘယ်လိုဆက်စပ်နိုင်တဲ့သူ ရှိမရှိ ဆိုတဲ့ အချက်တွေကို ဦးစွာလေ့လာပြီးမှ ဝယ်သင့်တယ်သူငယ်ချင်း၊ ကိုယ်မကျွမ်းကျင်ရင် တတ်သိနား လည်တဲ့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ဆောင်ရွက်သင့်တယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit to: ဈေးကွက်ဂျာနယ်