အပေးစာချုပ်ဖြင့် ပေးကမ်းသော်လည်း လက်ရောက်ရယူခြင်း မရှိသူထံမှ အိမ်နှင့် မြေကို ဝယ်လျှင်

စာရေးသူ၏ ရုံးခန်းသို့ မိတ် ဆွေတစ်ဦး၏ လမ်းညွှန်မှုဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိလာပါ သည်။

“အမှုကိစ္စတစ်ခု ဆွေးနွေးချင် လို့ပါ ဆရာ”ဟု ရိုသေစွာ ပြောလာ ပါသည်။

“ဟုတ်ကဲ့၊ ထိုင်ပါ၊ အေးအေး ဆေးဆေးပြောလို့ရပါတယ်”ဟု ကျွန် တော်က ခရီးဦးကြိုပြုလိုက်သည်။

“ဒီလိုပါဆရာ၊ အဘွားက သမီးကို သူပိုင်မြေနဲ့ အိမ်ကို မှတ်ပုံ တင်အပေးစာချုပ်ပြုလုပ်ပြီး မေတ္တာနဲ့ ပေးခဲ့ပါတယ်”

“အခုအချိန်မှာ သမီးရဲ့ အဘွားကွယ်လွန်သွားပြီလား”

“ဟုတ်ပါတယ်။ ဒါကြောင့် သမီးက အဲဒီအိမ်မှာနေတဲ့ အဒေါ်၊ အဲ-ဘယ်လိုပြောရမလဲ၊ သမီးဦးလေး ရဲ့ မိန်းမပေါ့နော်၊ သူ့ကို အိမ်ကနေ ပြောင်းပေးဖို့ ပြောတယ်”

“သမီးရဲ့ ဦးလေးက ဘယ် ရောက်နေလို့လဲ”

“ပွင့်ပွင့်လင်းလင်း ဆွေးနွေးရ ရင် သမီးရဲ့ ဦးလေးက အင်္ဂလန်မှာ နောက်အိမ်ထောင်ပြုထားတယ် ဆရာ”

“အေးပေါ့၊ ဒီတော့လည်း သူရ ခွင့်ရှိတယ်ဆိုပြီး ပြောလာမှာပေါ့”

“သမီးနားမလည်တာက အဘွားက သမီးအတွက် သူပိုင်မြေနဲ့ အိမ်ကို မှတ်ပုံတင် အပေးစာချုပ် ချုပ်ဆိုထားပေမယ့် သမီးက အဘွား နဲ့အတူမနေလို့ အပေးစာချုပ်ပျက် ပြယ်သွားပြီ၊ မပိုင်ဆိုင်ဘူးလို့ ပြော တယ်ဆရာ၊ အဲဒါဟုတ် ပါသလား။ သိချင်ပါတယ် ဆရာ။ ပြီးတော့ သူ တို့က အဲဒီမြေနဲ့ အိမ်မှာနေတာ အနှစ် ၂ဝ နီးပါးရှိလို့ သူတို့ ပိုင် သွားပြီလည်း ပြောပါတယ်”

“မြန်မာဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ကတော့ သားသမီး၊ မြေး၊ မြစ်တွေကို မိဘ၊ အဘိုးအဘွားတွေက မိမိပိုင် ပစ္စည်းတွေ ပေး ကမ်း နိုင်ခွင့်ရှိတယ်။ အိမ်မြေတိုက်ခန်း စတဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း ဆိုရင်တော့ သမီးတို့လို မှတ်ပုံ တင် စာချုပ် စာတမ်းနဲ့ ချုပ်ဆိုပေး ကမ်းကြရတယ်။ ရွှေ၊ ငွေ၊ ကားစ တဲ့ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေ ကိုတော့ လက်ရောက်ပေးကမ်းရုံနဲ့ တရားဝင်တယ်။ ပစ္စည်းပေးကမ်း သူနဲ့အတူနေသူကိုမှ ပစ္စည်းလွှဲပေး ရမယ်လို့ သတ်မှတ်ထားချက်တော့ မရှိဘူး။ ဒါပေမယ့် အမွေရှင် တစ် ယောက်ကွယ်လွန်သွားရင် အမွေ ခွဲစရာမရှိဘဲ တစ်ဦးတစ်ယောက် တည်းကို ပစ္စည်းအားလုံးပေးလို့မရ ဘူး။ ပျက်ပြယ်မှာဖြစ် တယ်”

“အားလုံး အမွေသဘောမျိုးခွဲ ပေးထားတယ်ဆိုရင် အကျုံးဝင် လား ဆရာ”

“မိသားစု စီမံမှုသဘောမျိုး မိသားစု အားလုံး သဘောတူခွဲဝေ ထားမယ်ဆိုရင်တော့ ဥပဒေအရ အကျုံးဝင်ပါတယ်။ ဒါနဲ့ သမီးရဲ့ မိဘတွေက မရှိကြဘူးလား”

“အမေတို့က မောင်နှမ သုံး ယောက်ရှိတယ်၊ အဘိုးကလည်း ဆုံးတာ အတော်ကြာသွားပြီ။ အ ဘိုးဆုံးပြီးနောက် ငါးနှစ်လောက်မှာ သမီးရဲ့ အမေဆုံးပါးသွားပါတယ်”

“ဒါဆို နောက်တစ်ယောက် က..”

“ကြီးကြီးကတော့ သီးခြား အိမ်ထောင်ခွဲနေတယ်။ အခုကြီး ကြီးနေတဲ့ အိမ်ကလည်း အဘွား က အမွေခွဲပေးလိုက်တာ၊ သမီးကို တော့ ကွယ်လွန်သွားတဲ့ သမီးတို့ အမေအတွက် ပေးတာပေါ့”

“ဒါဆိုရင် အခုအိမ်မှာနေတဲ့ ဦးလေးနဲ့ ဇနီး မိသားစုက ဘယ်လို ရောက်လာသလဲ”

“ဦးလေးတို့ မိသားစုကိုလည်း အခုနေတဲ့ ခြံရဲ့ တောင်ဘက်ခြမ်း က အိမ်နဲ့ မြေကို ပေးထားတယ်။ အဲဒါသူတို့က ရောင်းစားလိုက် တယ်လေ”

“အဲဒီလို သီးခြားစီခွဲဝေပေး ထားတာဆိုရင်တော့ စိုးရိမ်စရာ မရှိပါဘူး”

“ဒါပေမယ့် ဆရာ၊ သူတို့က အဘွားနဲ့ အတူနေခဲ့ကြတာဖြစ် တယ်။ သမီးကတော့ အဖေနဲ့အတူ ခွဲပြီး နေထိုင်ကြတာဆိုတော့ ရပိုင် ခွင့်ရှိပါ့မလား”

“သမီးကို နားလည်အောင် ပြောရမယ်ဆိုရင် မြန်မာဗုဒ္ဓဘာ သာဝင်တို့က မိမိပိုင် မရွှေ့မ ပြောင်းနိုင်တဲ့ ပစ္စည်း အိမ် ခြံ မြေ တို့ကို အပေးစာချုပ် ပြုလုပ်ကာ မည်သူ့ကိုမဆို မေတ္တာနဲ့ အပိုင်ပေး ခွင့်ရှိတယ်။ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၁၂၂ နဲ့ ပုဒ်မ ၁၂၃ မှာ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းကို အဖိုးစားနားမယူဘဲ မေတ္တာနဲ့ ပေးကမ်းမယ်ဆိုရင် အ နည်းဆုံး အသိသက်သေနှစ်ဦးနဲ့ အ တူ ပေးကမ်းသူ၊ လက်ခံသူတို့ က စာချုပ်စာတမ်းမှတ်ပုံတင်ရုံးရှိ မှတ်ပုံတင် အရာရှိရှေ့မှာ လက် မှတ်ရေးထိုးပြီး မှတ်ပုံတင်အပေး စာချုပ်ကို ချုပ်ဆိုရမှာ ဖြစ်ပါ တယ်။ အဲဒီလို မှတ်ပုံတင်ချုပ်ဆို ခြင်း မဟုတ်ဘဲ အရပ်စာချုပ် သဘောမျိုးရေးသားပေးကမ်းခဲ့ရင် တော့ ဥပဒေအရ တရားဝင်မှာ မဟုတ်ဘဲ မူလကတည်းက ပျက် ပြယ်နေတဲ့စာချုပ် ဖြစ်သွားမှာ ဖြစ်တယ်”

“ဒါဆိုရင် သမီးကို ပေးထား တဲ့ မှတ်ပုံတင် အပေးစာချုပ်က တရားဝင်တာပေါ့နော်”

“မှန်ပါတယ်၊ နောက်တစ် ချက်က သမီးပြောတဲ့ ပစ္စည်းလက် ခံရယူသူက အဆိုပါ အဆောက် အအုံမှာ မနေလို့ တရားမဝင် ပျက် ပြယ်တယ်ဆိုတဲ့ ကိစ္စဖြစ်တယ်။ ဒါနဲ့ ပတ်သက်လို့ ‘ဦးအောင်နိုင် ခေါ် ဦးဝေလွင်ပါ သုံးဦးနဲ့ ဒေါ်လဲ့ လဲ့ကြူပါသုံးဦး၊၂ဝ၁၂ ခုနှစ် မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၄၉’မှာ ဖော်ပြထားတဲ့ အမှုဆိုရင် မိခင်ဖြစ်သူက မိမိပိုင် မြေနဲ့ အိမ်ကို ဒေါ်လဲ့လဲ့ကြူ တို့ မောင်နှမ သုံးဦး အမည်နဲ့ မှတ်ပုံ တင် စာချုပ် ချုပ်ဆိုပြီး မေတ္တာနဲ့ပေးကမ်းခဲ့တယ်။ မောင်နှမသုံးဦးက အချင်းဖြစ် မြေ နဲ့ အိမ်ပေါ် မှာ နေထိုင်နေတဲ့ ဦးအောင်နိုင် မိသားစုကို မြေနဲ့ အ ဆောက်အအုံမှ ဖယ်ရှားပြီး လက် ရောက်ပေးအပ်ဖို့ တရားစွဲဆိုတာပဲ ဖြစ် တယ်။ ဦးအောင်နိုင်က အ ဆောက်အအုံကို ဆောက်လုပ်ပြီး နေထိုင်ခဲ့သည်မှာ အနှစ် ၃ဝ ခန့်ရှိကာ ယခုတိုင် နေထိုင်ကြောင်း၊ ဒေါ် လဲ့လဲ့ကြူ တို့ သုံးဦးမှာ အချင်း ဖြစ် အဆောက်အအုံကို လက် ရောက် ရရှိခဲ့ခြင်းမရှိကြောင်း၊ ဒီ အချက်တွေကြောင့် အပေးစာချုပ် ပျက်ပြယ်ကြောင်း လျှောက်ထားတယ်။ တရားရုံးချုပ်က ဆုံးဖြတ် တာကတော့ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၁၂၃ မှာ ပေး ကမ်းခြင်းအကျိုး သက်ရောက်စေ ရန်အတွက် မရွှေ့မပြောင်းနိုင် သော ပစ္စည်းကို ပေးကမ်းရာမှာ လက်ရောက်ပေးအပ်ခြင်းပြုမှ သာ ပေးကမ်းခြင်း အထမြောက်တယ် လို့ သတ်မှတ်ထားချက်မရှိ။ မှတ်ပုံ တင်အပေးစာချုပ်ကို သက်သေ နှစ်ဦးနဲ့အတူ ချုပ်ဆိုရင် တရားဝင် တယ်လို့ ဆုံးဖြတ်ခဲ့တယ်”

“ဒါဆိုရင် သမီးတို့လို ပေး ကမ်းတဲ့ အိမ်မှာမနေလည်း ပိုင် ဆိုင်ခွင့်ရှိတယ်ပေါ့နော်”

“မှန်ပါတယ်။ မေတ္တာနဲ့ ပေး ကမ်းတဲ့ မရွှေ့မပြောင်းနိုင်သော ပစ္စည်းအိမ်မြေတို့ကို လက်ခံရရှိသူ တို့က လက်ရောက်မနေပေမယ့် ဥပဒေနဲ့အညီ ပေးကမ်းခြင်း စာ ချုပ် မှတ်ပုံတင်ချုပ်ဆိုရင် တရား ဝင် ပိုင်ဆိုင်မှာပဲဖြစ်တယ်”

“အဲဒီလို မှတ်ပုံတင်ပေးကမ်း ခြင်း စာချုပ်အရ ပိုင်ဆိုင်လာတဲ့ သူအနေနဲ့ အဲဒီ အိမ်ခြံကို ရောင်း ရင် တရားဝင်လား ဆရာ”

“ဥပဒေနဲ့အညီ လွှဲပြောင်းပိုင် ဆိုင်ခွင့်ရပြီးဖြစ်တဲ့အတွက် အဲဒီ မြေနဲ့ အိမ်ကို တရားဝင်လွှဲပြောင်း ရောင်းချခွင့်ရှိမှာဖြစ်တယ်”ဟု ရှင်း ပြရင်း စာဖတ်သူများ ဗဟုသုတရ စေရန် ရေးသားလိုက်ပါသည်။

ထီယု (ဥပဒေ အတိုင်ပင်ခံ)
Credit to: ‌ဈေးကွက်ဂျာနယ်